ကဆုန်ပေါက် နရီ(၅)

ဆူးငှက်
ဗွီဒီယိုပေါ်ဦးကာလက ရန်ကုန်မှ နာမည်ကျော် ဒါရိုက်တာကြီးနှစ်ဦးက မန္တလေးမှာ ဗွီဒီယိုတစ်ကားလာရိုက်သည်။ ယခုလို တောင်ပြုံးပွဲကြီး ကျင်းပနေချိန်ပေါ့။ ဇာတ်ဝင်ခန်းမှာ တောင်ပြုံးပွဲပါသည်။ မင်းသား မင်းသမီး တောင်ပြုံးပွဲ လည်ပတ်ခန်း၊ တောင်ပြုံးပွဲကို မတ္တရာရထားနှင့် လုယက်တိုးဝှေ့ တက်ကာသွားသည့် အခန်းတွေပါသည်။ ထို့ပြင် ဇာတ်တစ်ဝက်က မန္တလေးမှာ ဇာတ်အိမ်တည်သည်။ ဇာတ်လမ်းအရ မင်းသမီးက မန္တလေးသူ။
ဗွီဒီယိုရိုက်ရင်း တောင်ပြုံးမှာ၊ မန္တလေးမှာ လည်ပတ်မှာမို့ ရန်ကုန် ရင်းနှီးရသော စာရေးဆရာ၊ ရုပ်ရှင်ဝေဖန်ရေး စာရေးဆရာကြီး ဇနီးမောင်နှံလည်း ပါလာမည်။ ဆရာကြီးတို့ ဇနီးမောင်နှံက ကျွန်တော့်အိမ်မှာ တည်းကြမည်။ ဒါရိုက်တာနှင့် မင်းသား မင်းသမီးများက ဌာနဆိုင်ရာ ဘန်ဂလိုတစ်ခုမှာ တည်းကြမည်။ စက်အဖွဲ့နှင့် ကျန်လူများက မန္တလေး တောင်ခြေ ရဟန်းပျိုကျောင်းတိုက်မှာ တည်းကြမည်။ ဤအစီအစဉ်ဖြင့် မန္တလေးသို့ တက်လာခြင်းဖြစ်၏။
ဤသို့ဖြင့် မန္တလေးဘူတာအဆင်း ကျွန်တော့်အိမ်သို့ စာရေးဆရာ ကြီးဇနီးမောင်နှံကို လိုက်ပို့ကြသည်။ ထို့နောက် သူတို့ တည်းခိုရာ နေရာအသီးသီးသို့ ခရီးဆက်ကြသည်။ ဒါရိုက်တာနှင့် မင်းသား မင်းသမီးများ တည်းသော ဘန်ဂလိုက ကျွန်တော့်အိမ်နှင့် မဝေးလှ။ ရက်သတ္တပတ်ကျော်ကြာ ရိုက်ရက်ယူသောကြောင့် စရောက်ပြီး တစ်ရက် နှစ်ရက်မှာပင် ရင်းနှီးကြကာ ကျွန်တော့်အိမ်၏ အကျယ်အဝန်းအရ မင်းသား မင်းသမီးများ ကျွန်တော့်အိမ်သို့ ပြောင်းရွှေ့လာကြတော့သည်။
သည်တော့ ညနေစာအုပ်ဆိုင်မှာ အိမ်မှာတည်းသော မင်းသမီး(၂)လက်က ဝင်ပြီး စာအုပ်စာရင်း မှတ်ပေးကြတော့၏။ သည်တုန်း က နာမည်ကျော် စာရေးဆရာတစ်ဦးကိုင်သော မဂ္ဂဇင်းတစ်အုပ်က အရောင်အသွေး လှလှပပနှင့် တံခွန်ထူနေချိန်။ စာအုပ်လာငှားသော ကာလသားများက စာရင်းမှတ်သည့် မင်းသမီးထံ ထိုမဂ္ဂဇင်းကိုပဲ တမေးတည်းမေးသည်။ ထိုမဂ္ဂဇင်း ကောင်းကြောင်း၊ ထိုမဂ္ဂဇင်း လှကြောင်း၊ ထိုမဂ္ဂဇင်းကို စွဲမက် ကြောင်း၊ ထိုမဂ္ဂဇင်းကို ချစ်ကြောင်း၊ ထိုမဂ္ဂဇင်းက မင်းသမီး နာမည်နှင့် တူနေတာကိုး…။
ထားပါတော့။
ချုပ်လိုက်ရလျှင် … သည်တုန်းက မန္တလေးမှာ မျှော်လင့်ချက်ကြီးစွာဖြင့် စာအုပ်ထုတ်ဝေမှု ဖွံ့ဖြိုးလာမည်ကို ငံ့လင့်သည်။ တစ်နိုင်တစ်ပိုင်နည်းဖြင့် ကိုယ်အားသန်ရာစာအုပ် ထုတ်ကြသည်။ သည်အလုပ်၊ သည်မျှော်လင့်မှုများဖြင့် စာရေးဆရာများ တူရာစုကြ သည်။ ကလောင်သစ်များက အားမွေး ကြိုးပမ်းမှုအဟုန် ကြီးလာသည်။ တစ်သွေးညီ၊ တစ်ရောင်ညီ တူစရာမလို။ ပန်းပေါင်းတစ်ရာ ပွင့်စေရမည်။ ငြိမ်းချမ်းစွာ သဘောကွဲနိုင်သည်။ တူရာစုလုပ်မည်။ မတူတာ ခွဲလုပ်မည်ဟူသော သဘောထားကို ပြုစုပျိုးထောင်၏။
ထိုစဉ်က ဝုန်းခနဲ နာမည်ရလာသည့် ရန်ကုန်က စာရေးဆရာတစ်ယောက် မန္တလေးရောက်လာပြီး ဖျတ်ခနဲ မန္တလေးကဲခတ်ကာ ကိုအော်ပီကျယ်နှင့် ကျွန်တော့်အား “မန္တလေးက အရင်လိုမဟုတ်ဘဲ အုပ်စုတွေကွဲနေပါလားဗျ” ဟု စကားတင်း ဆို၏။ ကိုအော်ပီကျယ်က …. ကွဲတာ၊ တွဲတာရယ်လို့ မဟုတ်ပါဘူးဗျာ။ ရေးသူတွေများလာတဲ့အခါ တူရာစုသွားတဲ့သဘောပါ။ ရေးသူ လေးငါးယောက်ဆိုရင်တော့ စုစည်းတယ်၊ တွဲတယ်လို့ ပြောရမှာပေါ့။ အခုလို လေးငါးဆယ်ရှိလာတော့ တစ်နေရာတည်း ဘယ်စုနိုင်ပါ့မလဲ။ တူရာစုကြတာပါပဲဟု ရှင်းပြသည်။
ဟုတ်သည်။ ပြောပါပြီကော… တောင်ပြင် အင်းဝကဖေးမှာ တစ်အုပ်စု၊ ရွှေဝတ်ရည်ရုံးခန်းမှာ တစ်အုပ်စု၊ လူထုမှာ တစ်အုပ်စု၊ မျက်သွယ်ကဖေးမှာ တစ်အုပ်စု၊ ၃၁လမ်းမှာ ဂျပ်စ်မှာ တစ်အုပ်စု၊ ရွှေတြိဂံမှာ တစ်အုပ်စု၊ နန်းရှေ့မှာ တစ်အုပ်စု။ ကြည့်လိုက်တော့ အုပ်စုကွဲ၊ ဂိုဏ်းကွဲများလိုလို။ မဟုတ်။ သူ့ အလုပ်သူလုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ပွင့်လင်းစွာဆွေးနွေး၊ ရင်းနှီးစွာဆက်ဆံ၊ ရိုးသားစွာ ခွဲလုပ်ကြသည်။ အာလုံး မုဒိတာ…။
တောင်လေးလုံးမှာ စာပေအမှတ်တရ ပွဲလမ်းတွေရှိလျှင် အားလုံး တစ်စုတစ်လုံးတည်း ဖြစ်သွားသည်။
အပေါ်ယံကိုကြည့်၍ ရန်ကုန်မဂ္ဂဇင်းတချို့၏ အယ်ဒီတာတချို့ (တစ်ဦးစ၊ နှစ်ဦးစ)က မန္တလေးမှာ အုပ်စုကွဲ၊ ဂိုဏ်းကွဲနေပြီ၊ တို့ပေ ဆွပေးလျှင် အချင်းချင်း ထချကြမည်ဟူသော စိတ်ရိုင်းဖြင့် ငါးပွက်ရာငါးစာချလို၏။ သို့သော် အဖြေက “မန္တလေးက လူတွေက အထိမခံဘူး တစ်ယောက်ထိရင် အကုန်ဝိုင်းအာကြတာ၊ ကျီးမျိုးတွေ” ဟူသောအဖြေသာ ရသွားကာ တပ်ခေါက်သွား၏။ မန္တလေးဗေဒကို နားလည် သွားကြသည်။
ထိုမန္တလေးဗေဒကား ရှေးကတည်းက အစဉ်အဆက် ထိန်းသိမ်း လက်ဆင့်ကမ်းခဲ့သော အမွေ။
အမွေဟူသည် လက်ဆင့်ကမ်းပါများလာသောအခါ ပွန်းပဲ့ပါးလျားလာတတ်၏။ အမွေကို ရယူထိန်းသိမ်း တိုးပွားစေဖို့က “အား” များစွာလို သည်။ “ကိုယ်ခံအားက အဓိကဖြစ်၏။ အခြေအနေအရပ်ရပ်သည် “ကိုယ်ခံအား”များကို တရိရိ တိုက်စားပစ်လိုက်သည်။
အပေါ်ယံကြည့်တော့ အားကောင်း မောင်းသန်၊ ဒေါင်ဒေါင်မြည်၊ သို့သော် ရောဂါကကျွမ်းနေတော့ “ကိုယ်ခံအား”က ယဲ့ယဲ့ ကျန်သောအခါ လက်ဆင့်ကမ်းယူလာသော အမွေက အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားခြင်းဖြင့် တတိတိကုန်ကာ… ကောင်းမွေက မကျန်သလောက် ဖြစ်နေပါသည်။
ထိုအမွေသည် ယခု ကျွန်တော်တို့ လက်ထဲတွင် ဆုပ်ကိုင်ပြစရာပင် ရှိလေဦးမည်လားမသိ။ ရိုးသားမှု၊ ပွင့်လင်းမှု၊ ရိုင်းပင်းမှု၊ မုဒိတာနှင့် စေတနာ၊ တစ်လွှာပြီးတစ်လွှာ ကွာကျသွားသည်။
အခုတော့…
-၀- -၀- -၀-
နန်းရှေ့လမ်းမကြီးပေါ်ရှိ မန္တလေးအစွန်းအဖျား လက်ဖက်ရည်ဆိုင် သုံးလေးဆိုင်၏ အနုပညာလက်ဖက်ရည်ဝိုင်းများကို ကြည်နူး ပီတိဖြင့် ကြည့်မြင်နေမိပြီး တစ်ချိန်က မန္တလေးမြို့လယ်ကောင်မှာ ထွန်းကားခဲ့သော စာပေလက်ဖက်ရည်ဝိုင်းများကို လွမ်းဆွတ်နေမိ သည်။ တစ်ချိန်ကဆိုသော်ငြား… ဘာမျှမကြာသေး၊ လက်ဖျစ်တစ်တွက်၊ လျှပ်တစ်ပြက် …။
ထိုလက်ဖျစ်တစ်တွက်၊ လျှပ်တစ်ပြက်သော ခဏငယ်အတွင်းတွင် မြစ်ရေသည် အကြိမ်ကြိမ် စီးဆင်းသွားခဲ့လေပြီ။ ထို့အတူ ယခင်က သန့်ရှင်းကြည်လင်ခဲ့သော ကျွန်တော့်မျက်နှာပေါ်တွင်လည်း အိုးမည်းတွေ အထပ်ထပ် ပေကျံလာကာ… ခြေဖနောင့်မှာ အတက်ထွက်လာတော့၏ ။ လည်ဆံမွေး တထောင်ထောင်၊ မာန်တဖီဖီ ဖြစ်လာတော့၏။ “ဂလိုဗယ် လိုင်ဇေးရှင်း” ဝတ်ရုံကို ဖိုးရိုးဖားရား ဝတ်ဆင်ပြီး စည်းတွေ၊ နယ်နိမိတ်တွေ ဖျက်ပစ်လိုက်၏။ ပြီးတော့ မိမိနှင့် လက်တစ်ကမ်းအကွာမှာပဲ ကိုယ်ကျိုး စီးပွားတံတိုင်းကို ကွန်ကရစ်နံရံဖြင့် ကာရံလိုက်သည်။
ရိုးသားပွင့်လင်းမှုအခြေခံကာ နားလည်ခွင့်လွှတ် ညှိနှိုင်းဖေးမ ဝန်းရံ လက်တွဲခဲ့သော “မန္တလေးဗေဒ”သည် ကွန်ကရစ်နံရံ ကိုယ်လုံးများ အချင်းချင်း တိုက်ခိုက်မှုကြောင့် တစ်စစီ ကြေကွဲသွားသည်နှင့်တစ်ပြိုင်နက် “ငါနှင့်မတူ ငါ့ရန်သူ”ဟူသော အာခေါင်ခြစ်သံ၊ “ငါနှင့်တူသူ ငါရန် သူ” ဟူသော ကြိမ်းမောင်းသံတွေ ဆူညံခဲ့ကြသည်။
ကနဦးလက်ဟောင်း မဂ္ဂဇင်းအယ်ဒီတာကြီးများက “ကျီးမျိုး”တွေဟု ချစ်ခင်စွာ ဂုဏ်ယူခဲ့ရသူများသည် ယခုအခါ မျိုးဆက်သစ် များ၏ “ရွှေဟင်္သာကြီးတွေ” ဟု ထောပနာပြုခြင်းကိုလည်း ကျေနပ်ပီတိဖြင့် ဝမ်းမြောက်နေကြရလေသည်။
ဘစ်ချိန်က ဖတ်မှတ်နှလုံးသွင်းခဲ့လေသော ဆရာဇော်ဂျီ စာပိုဒ်လေး တစ်ပိုဒ်ကို အလုအယက်၊ အပြိုင်အဆိုင်၊ အားကြိုးမာန်တက် မေ့လျော့ပစ်သူများထဲတွင် ကျွန်တော်လည်း ပါဝင်ခဲ့ချေပြီ။ ဆရာဇော်ဂျီ၏ စာပိုဒ်တစ်ပိုဒ်ကို မျက်နှာပူစွာဖြင့် ပြန်လည်ဖတ်ကြည့်မိသည်။ “ကျွန်တော် ကျွန်မ စာရေးချင်ပါသည်။ သို့ရာတွင် မည်သည့်အကြောင်း ရေးရမည်မသိပါ။ ရေးစရာ ရှာမတွေ့ပါဟု မေးလာတိုင်း အောက်ပါအဖြေကို ပေးရပါသည်။
မတော်လောဘထွက်တိုင်း မတော်လောဘ ထွက်ပြီ၊ မတော် မာနကြွတိုင်း မတော်မာနကြွပြီ၊ ဣဿာမစ္ဆရိယပေါ်တိုင်း ဣမစ္ဆရိယပေါ်ပြီဟု သတိပြုနိုင်အောင် စောင့်ကြည့်ဖို့ လိုပါသည်။ မှန်ထဲ၌ မိမိရုပ်ကို မိမိပြန် ကြည့်သကဲ့သို့ မိမိ၏စိတ်ကို မိမိပြန်ကြည့်တတ်ဖို့ ဖြစ်ပါသည်။ မြင်လာလျှင် အလွန် ရယ်စရာကောင်းပါသည်။ မမြင်သေးလျှင်မူ မိမိကိုယ်မိမိ လှပါ၏ဟူ၍ ထင်နေ ချင်တတ်သည်။ နည်းများဆိုသလို တတ်နိုင်သလောက် ထိုသို့ အားထုတ်နိုင်လျှင် မတော်လောဘ၊ မတော် ဒေါသ၊ မတော်မာန၊ ဣဿာမစ္ဆရိယတို့သည် စိတ်သန္တာန်၌ အားနည်းသွားစရာရှိသည်ဟု ထင်ပါသည်။ အားနည်းသွားသည်နှင့်အမျှ မေတ္တာဓာတ်အားသည် ကောင်းလာမည်ထင်ပါသည်။ မေတ္တာဓာတ်အားကောင်းလျှင် ပတ်ဝန်းကျင်၌ စိတ်ဝင်စားခြင်း ရှိလာနိုင်သည်။
ပတ်ဝန်းကျင်၌ စိတ်ဝင်စား ခြင်းရှိလျှင် ပတ်ဝန်းကျင် မြင်မှု ကြားမှု ရှိလာနိုင်သည်။ အနည်းဆုံး ပတ်ဝန်းကျင် မြင်မှုကြားမှု ရှိလာလျှင် စာရေးစရာ အကြောင်း အချက်တို့သည် တစ်ပုံတစ်ခေါင်းကြီးပါပေ” တဲ့။
ထိုအခါ ကျွန်တော် စာမရေးဖြစ်တာ၊ ဝတ္ထုတို ရေးအားတွေကျ သွားတာ ဘယ်သူ့အပြစ်တင်စရာ လိုပါတော့မည်နည်း။
(ပြီးပါပြီ)

Related posts

Leave a Comment

VOM News

FREE
VIEW