ဩဂုတ် ၂၀၊ ၂၀၂၅
Shy V (VOM)
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးအုပ်စု၊ ပင်တီးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းကို ဩဂုတ်လ ၂၀ ရက် နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေနဲ့ SSPP/SSA ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
“လူ ၁၀ ယောက် ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်။ ၁၂ ယောက် ထနခိုက် ဒဏ်ရာ ရထားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ခွဲ ဝန်းကျင်ခန့်က ပင်တီးရွာ ဘုန်းကြီး ကျောင်း စစ်ရှောင်စခန်းကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာ လို့ သူက ပြောပါတယ်။
“နောင်ပိန်ဘက် ဒီမနက်က ဖြစ်တာပါ။ အကြမ်းဖျင်း ၁၂ ဦး ထိခိုက် ဒဏ်ရာ ရတယ်လို့ သိရတယ်။ သေဆုံးသူတွေလည်း များတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
နောင်ပိန်ရွာက SSPP/SSA ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း SSPP/SSA တပ်ဖွဲ့က ဆေး ကုသပေးနေတယ်လို့သိရတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန် ကျေးရွာအုပ်စု၊ ပင်တီးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြန်မာစစ်တပ်က ဂျက် တိုက် လေယာဉ် (Jet Fighter) နဲ့ ဗုံးကြဲချလို့ စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၀ ယောက် သေဆုံးပြီး ၁၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA က သတင်းထုတ်ပြန်ထားပါတယ်။
လေယာဉ် ဗုံးဒဏ်သင့်ခဲ့သူတွေက ပင်တီးရွာက ဒေသခံ ပြည်သူတွေဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ကျောက်မဲမြို့နယ်အတွင်းရှိ SSPP/SSA ရဲ့ လူမှုရေးရာနှင့် အုပ်ချုပ်ရေးရာဌာနမှ ကုသပေး နေကြောင်း ဖော်ပြထားပါတယ်။
မြန်စစ်တပ်က နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ အင်အား ၁၀၀၀ ခန့်နဲ့ TNLA တို့ ဒေသအခေါ် လုံးထွန်ရွာနဲ့ ဝေါင်ဖင်လုံရွာအကြား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကာ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာနေအိမ်များ ပျက်စီးခဲ့ရသည့်အပြင် စစ်ရှောင်ပြည်သူများလည်း အများအပြား ဒဏ်ရာရရှိကာ သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။
တိုက်ပွဲကြောင့် ရွာပေါင်း ၁၄ ရွာက ဒေသခံတွေ ဘေးကင်းရာ အနီးနားရွာရှိ အသိအိမ်တွေမှာ ယာယီ ရှောင်တိမ်း ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
Video :ဒေသခံ