ဩဂုတ် ၂၀၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ အနီးအထိ ဩဂုတ်လ ၁၉ ရက်နေ့က နလအတပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“စစ်ကြောင်းထိုးလာနေတာ ဟုတ်တယ်။ နောင်ပိန်ထဲတောင် ပစ်နေပြီ။ ဒေသခံ တချို့က တခြားရွာဘက် ရောက်သွားပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နောင်ပိန်ရွာထဲက ဒေသခံ တချို့ကတော့ မရှောင်ကြသေးပဲ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
“ထန်းတပင်မှာ စစ်တပ်တွေ ရာနဲ့ချီပြီးရောက်နေပါတယ်။ နောင်ပိန်ကလူတွေ ပုံဝိုးကို အများကြီး စစ်ရှောင် ရောက်နေပါတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ထန်းတပင်ရွာက နောင်ပိန်ရွာနဲ့ တစ်မိုင်ကျော် ခန့်သာ ဝေးတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာလည်း နောင်ပိန် အမှတ် ၅ ရပ်ကွက်ဘက် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ စစ်တပ်ကနောင်ချိုကို ပြန်လည် သိမ်းယူခဲ့ပြီးနောက် ကျောက်မဲဘက်ခြမ်း နောင်ပိန် အပါအဝင် အနီးဝန်းကျင်ရွာတွေဘက် စစ်တပ်ဘက်က မကြာခဏ လက်နက်ကြီး ပစ်ခတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Video Crd# ဒေသခံ
#voiceofmyanmar #vom #ကျောက်မဲ #နောင်ပိန်တိုက်ပွဲ