ဝါရှင်တန်၊ ဩဂုတ်-၂၀-၂၀၂၅
ရတီ(VOM)
မြောက်ကိုရီးယားအတွက် သေနတ်တွေနဲ့ အခြားစစ်ပစ္စည်းများ ခိုးထုတ်မှုနဲ့ တရုတ်နိုင်ငံသားတယောက်ကို အမေရိကန်တရားစီရင်ရေးဌာနက ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၄၂ နှစ်အရွယ် ရှမ်ဝါဝမ်ဟာ ကယ်လီဖိုးနီးယားမှ အဲဒီပစ္စည်းတွေကို ဝယ်ယူပို့ဆောင်ပေးဖို့ မြောက်ကိုရီးယားအရာရှိများထံမှ ဒေါ်လာ နှစ်သန်းခန့် လက်ခံခဲ့ကြောင်း တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယား၊ အွန်တာရီယိုမှာနေတဲ့ အဲဒီတရုတ်နိုင်ငံသားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံတကာစီးပွားရေးအရေးပေါ်ဥပဒေကို ချိုးဖောက်မှု၊ ပြည်ပအစိုးရဲ့ တရားမဝင်ကိုယ်စားလှယ်လုပ်ဖို့ ကြံစည်မှုတွေကြောင့်အပြစ်ရှိကြောင်း ဇွန်လမှာ ဝန်ခံခဲ့ပါတယ်။
သူဟာ အမေရိကန်မှာ တရားမဝင်နေထိုင်သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ကျောင်းသားဗီဇာနဲ့ အမေရိကန်ကို ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် နိုင်ငံတွင်းဆက်လက်နေထိုင်ခဲ့ကြောင်း တရားရေးဌာနက ပြောပါတယ်။
အမေရိကန်ကို မဝင်ရောက်မီ သူဟာ တရုတ်နိုင်ငံရှိ မြောက်ကိုရီးယားသံရုံးမှာ မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့တွက မြောက်ကိုရီးယားကိုယ်စား ကုန်ပစ္စည်းများဝယ်ယူဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားအရာရှိနှစ်ယောက်က ၂၀၂၂ ခုနှစ်မှာ အွန်လိုင်းစာပို့စနစ်ကနေ ဆက်သွယ်ကာ အမေရိကန်မှ မြောက်ကိုရီးယားသို့ သေနတ်တွေနဲ့ အခြားကုန်ပစ္စည်းတွေ ခိုးထုတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ သူဟာ လောင်းဘိချ်ဆိပ်ကမ်းမှာ သေနတ်တွေဝှက်ထားတဲ့ ကွန်တိန်နာအနည်းဆုံးသုံးလုံးကို တရုတ်သို့ ပို့ဆောင်ခဲ့ပြီး အဲဒီကတဆင့် မြောက်ကိုရီးယားကို ပို့ဆောင်ခဲ့ပါတယ်။ သူဟာ ကွန်တိန်နာအတွင်း ပါဝင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အမှားတွေ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
ရေခဲသေတ္တာတစ်လုံးသယ်ဆောင်တယ်လို့ ဖော်ပြခဲ့တဲ့ ကွန်တိန်နာတစ်လုံးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဟောင်ကောင်သို့ရောက်ရှိပြီးနောက် မြောက်ကိုရီးယားနိုင်ငံ၊ နန်ပိုမြို့သို့ ပို့ဆောင်ခံခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလကလည်း သူဟာ 9mm ကျည်ဆန်ပေါင်း ခြောက်သောင်းကို မြောက်ကိုရီးယားပို့ဆောင်ဖို့ ဝယ်ယူခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုများအရ မြောက်ကိုရီးယားကို လက်နက်နဲ့ စစ်ရေးပစ္စည်းတွေ ကုန်သွယ်ခြင်းမှ တားမြစ်ထားပါတယ်။ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်ကြောင့် အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများချမှတ်ထားပါတယ်။
Ref:BBC
Photo:Getty Images
