ဩဂုတ် ၂၁၊ ၂၀၂၅
Shy V + နွယ်နီ(VOM)
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပန်ဆန်းမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့က မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSPP/SSA) တို့နဲ့ တွေ့ဆုံခဲ့ပြီး စစ်ရေးပံ့ပိုးမှုတွေ ရပ်ဆိုင်းကြောင်း တရားဝင်ကြေညာခဲ့တယ်လို့ ဝ ဒေသအခြေစိုက် “ဝ” လူငယ့်အသံရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
UWSA က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေဖြစ်တဲ့ TNLA, MNDAA နဲ့ SSPP/SSA တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာမှာ တရားဝင် စစ်ရေးဆုံးဖြတ်ချက်တွေကို အသိပေး ကြေငြာခဲ့တယ်လို့ WSTV က ထုတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
“ဝ ပြည်နယ်သည် မည်သည့်လက်နက် ကိရိယာကိုမှ ပံ့ပိုးတော့မည်မဟုတ်ကြောင်း၊ စစ်ရေးလွယ်ကူချောမွေ့ စေရေး သို့မဟုတ် မည်သည့်အဖွဲ့ကို မည်သည့်အကြောင်းပြချက်၊ အချိန်မရွေး၊ နေရာမရွေးငွေကြေး ကူညီပေး မည်မဟုတ်ပါ” ဟု ဝ တပ်ဖွဲ့ ဒုဥက္ကဌ Zhao Guoan က ပြောကြားခဲ့ကြောင်း ဝ သတင်းဌာနများတွေက ဖော်ပြပါတယ်။
ဆွေးနွေးပွဲကို UWSA ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးရန် ပြုလုပ် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး “ဝ” ဒေသရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို အသိပေးလိုတာ ဖြစ်တယ်၊ အဲဒီဆုံးဖြတ်ချက်တွေကို အများပြည်သူကိုလည်း တရားဝင် ကြေညာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖွဲ့အစည်းတွေအနေနဲ့ လက်နက်နဲ့ စက်ကိရိယာတွေ၊ ငွေကြေးအကူအညီတွေ၊ ဒါမှမဟုတ် အခြား အဲဒီလို ကိစ္စရပ်တွေကို တောင်းဆိုပြီး “ဝ” ဒေသကို ထပ်မံနှောက်ယှက်ခြင်း ရှောင်ကြဉ်ဖို့ အဖွဲ့အစည်းတွေကိုတိုက်တွန်းထားပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အဖွဲ့အစည်း သုံးဖွဲ့ကလည်း နားလည် လက်ခံကြောင်း ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲမှာ UWSA ဘက်က ဗဟိုနိုင်ငံရေး ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်ပဆက်ဆံရေး ဝန်ကြီး Zhao Guoan အပါအဝင် အကြီးတန်း ခေါင်းဆောင်တွေ နဲ့ MNDAA, TNLA, SSPP တို့ဘက်က အကြီးတန်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝ တပ်ဖွဲ့ အနေနဲ့ တရုတ်နိုင်ငံ အစိုးရရဲ့ ဖိအား ကြောင့် ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေကို အခုလိုထောက်ပံ့မှု ရပ်ဆိုင်းဖို့ အကြောင်းကြားတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဝ တပ်ဖွဲ့ရဲ့ ထောက်ပံ့မှုမရရင် TNLA ၊MNDAA တပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု အပိုင်းမှာ ရိုက်ခတ်မှုတွေ ရှိလာမယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့ကို ကိုးကန့်က နလအ တပ်ကို ပြန်လွှဲခဲ့ပြီး MNDAA နဲ့ နလအ တပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ရပ်တန့်နေပါတယ်။
TNLA တပ်ဖွဲ့နဲ့ နလအ တပ်ဖွဲ့တွေ ကြားမှာ ကျောက်မဲမြို့နယ်နောင်ပိန်ရွာအနီးမှာ ဒီမနက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
Photo Crd# WSTV