ပိတ်မိကုန်ပစ္စည်းတွေကို သောင်ရင်းမြစ်မှတဆင့် မြန်မာပြည်အတွင်း တင်သွင်းနိုင်ဖို့ ညှိနှိုင်းနေ

ဩဂုတ် ၂၁ – ၂၀၂၅
SS (VOM)
ထိုင်း – မြန်မာနယ်စပ်၊ အမှတ် (၂) တံတားမှာ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို သောင်ရင်းမြစ်မှတဆင့် မြန်မာပြည်အတွင်း တင်သွင်းခွင့် ရရှိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
နေပြည်တော်က တိုက်ရိုက် ညွှန်ကြားချက်အရ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ – မဲဆောက်ဂိတ်မှ ထိုင်းကုန်စည်တွေ ဝင်ရောက်မှုကို နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေက ပိတ်ပင်ထားခြင်း ဖြစ််တယ်လို့ သိရပါတယ်။
“ပိတ်ထားတာ တလလောက်တော့ ရှိနေပြီ။ ဒါပေမယ့် ပိတ်တယ်ဆိုတာက အရင်ကတော့ သူတို့ စိစစ်တာတွေလုပ်ပြီးရင် တရက်ကို ကားအစီးရေ ၂၀၊ ၃၀ လောက် မြန်မာဘက်ခြမ်း ဝင်လို့ရနေသေးတယ်။ လုံးဝ ပိတ်ချလိုက်တာကတော့ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့ကပေါ့။ အခုလို ပိတ်မိနေတာက လမ်းမှာ အချိန် ကြာရင်ကြာသလို စရိတ်စကတွေ ကြီးလာနိုင်တယ်။ ဒါကြောင့် သောင်ရင်းမြစ် ရေကြောင်းလမ်းကနေတဆင့် မြန်မာပြည်ထဲ တင်သွင်းခွင့်ရဖို့ လက်ရှိတော့ ဆွေးနွေးနေတယ်။ ခုထိတော့ အကြောင်းမထူးသေးဘူး” လို့ ကုန်သည်တယောက်က ပြောပါတယ်။
လက်ရှိမှာ ကုန်တင်ကားတစီးကို ပေ ၂၀ (ဒါမှမဟုတ်) ပေ ၄၀ ရှိတဲ့ ကွန်တိန်နာ တလုံး တင်လေ့ရှိပြီး တရက်ကို သယ်ယူပို့ဆောင်ခ စရိတ် မြန်မာငွေ ငါးသိန်းနီးပါး (ဘတ်ငွေ ၃၀၀၀ ဝန်းကျင်) ကုန်ကျတာကြောင့် ပိတ်မိချိန် ကြာလာတာနဲ့အမျှ သယ်ယူစရိတ်တွေ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် သောင်ရင်းမြစ်မှတဆင့် မြန်မာပြည်အတွင်း ကုန်စည်တင်သွင်းနိုင်ဖို့ ညှိနှိုင်းနေတာဖြစ်ပြီး အဆိုပါ ညှိနှိုင်းမှု အဆင်ပြေပါက ကွန်တိန်နာအတွင်းမှ ကုန်စည်တွေကို လှေတွေနဲ့ သယ်ယူရမှာဖြစ်ကာ ဒါအတွက် ကုန်ကျစရိတ်ကတော့ နှစ်ဆလောက် မြင့်တက်သွားနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းကို အဆိုပါ ကုန်ပစ္စည်းတွေ ဖြတ်သန်းပါကလည်း ထိုင်း – မြန်မာနယ်စပ် မြဝတီမှတဆင့် ဘားအံမြို့နယ်အထိ ရောက်နိုင်ဖို့ ကုန်ကျစရိတ် ပိုမို များပြားနိုင်သလို ဖမ်းဆီးခံရမှုတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။
“လက်ရှိကတော့ ဒီဘက် အဝင်လမ်းကြောင်းတွေက Duty မပါရင် အတော်ကို ခက်ခက်ခဲခဲဖြစ်နေတယ်။ သူတို့က ဥပဒေနဲ့အညီ လုပ်နေတဲ့အတွက် ဒီပေါ်မှာ အများကြီး very sensitive ဖြစ်နေတယ်။ လုပ်ရတာ အရမ်းခက်တော့ ကျွန်တော်လူတွေ အားလုံးလည်း တော်တော်ဒုက္ခရောက်ရတယ်” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ကုန်းလမ်း အခက်အခဲကြောင့် တချို့သော ကုန်သည်တွေက ရေလမ်းကြောင်း အသုံးပြုကာ ကုန်ပစ္စည်း သယ်ယူမှုတွေ ရှိနေတယ်လို့ သိရပြီး ကွန်တိန်နာ တလုံးကို ကျပ် သိန်း ၅၀၀ ကနေ ၁၀၀၀ အထိ ကုန်ကျစရိတ် ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင် တယောက်က “ဒါက ရနောင်းကနေ ဒီဘက်ကို ဘတ်နဲ့ ကွန်တိန်နာတင်တာ ဖြစ်မယ်ထင်တယ်။ ဈေးနှုန်းကတော့ သေချာမသိဘူး။ ဒါပေမယ့် ရနောင်းကနေ သယ်မယ်ဆို ဟိုဘက်က custom က စည်းခတ်မှာလေ။ အဲဒီလို စည်းခတ်ဖို့က clear ဖြစ်မှရမှာ။ clear မဖြစ်ရင် ဘယ်ဟာမှ စည်းခတ်လို့ မရဘူး။ အခု အဲဒီလိုင်းလည်း တော်တော်လေးကို ကျပ်နေတယ်။ လက်ရှိ အခြေအနေကိုက ဘယ်လိုင်းမှ သွားလို့ မရသေးဘူး။ အဲဒီတော့ ဒီသတင်းက ဖြစ်နိုင်ခြေ မရှိလောက်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ မြဝတီ – မဲဆောက် နယ်စပ်ဂိတ် ပိတ်တာဟာ တခြားသော ထိခိုက်မှုမရှိသေးဘဲ မဲဆောက်နဲ့ ရနောင်း အကောက်ခွန်တို့မှာသာ ထိခိုက်မှု ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆောက်ဟာ မြဝတီနဲ့ ရန်ကုန်ကို တိုက်ရိုက် ဆက်သွယ်ထားပြီး ရနောင်းကတော့ ပင်လယ်ရေကြောင်းကနေ တဆင့် မြန်မာနိုင်ငံရဲ့ ကျောက်ဖြူဆိပ်ကမ်းနဲ့ ချိတ်ဆက်ထားကာ အဲဒီကနေမှ ရန်ကုန်နဲ့ တခြားအဓိက ဆိပ်ကမ်းတွေကို ကုန်ပစ္စည်းတွေ ဖြန့်ဖြူးပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ သွင်းကုန်လိုင်စင် စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်လာတာကြောင့် နှစ်နိုင်ငံကုန်သွယ်မှုအပေါ် ဖိအားတွေ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးကို ကိုင်တွယ်နေတဲ့ ဂိတ်တခုဖြစ်တဲ့ မဲဆောက် အကောက်ခွန်ဂိတ်နဲ့ ၂၀ ရာခိုင်နှုန်းနီးပါးကို ကိုင်တွယ်နေတဲ့ ရနောင်းအကောက်ခွန် ဂိတ်တို့အပေါ် သက်ရောက်မှုတွေ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော့် တယောက်တည်းရဲ့ အမြင်အရတော့ ရုံးပတီသီးကအစ မြဝတီနယ်စပ်ကနေပြီးတော့ ပရိုဘောက်စ်တွေနဲ့ သွင်းနေရတဲ့အချိန်မှာ အကုန်လုံးက ဒီကုန်သွယ်မှုကိုပဲ အားကိုးနေရတော့ ဒီအချိန်မှာတော့ အစစအရာရာ ပိုခက်ခဲသွားတာပေါ့။ ကုန်ကြမ်းတွေကအစ အကုန်လုံးပေါ့။ ခက်ခဲသွားနိုင်တယ်။ တရားမဝင်တာတွေက များနေတော့ နိုင်ငံတော်ကလည်း အခွန်အခ သိပ်မရလို့ နစ်နာတယ်။ ကုန်သည်ကျတော့လည်း Duty မရလို့ ဒီလိုသွင်းတယ်ပေါ့။ ဒီနိုင်ငံမှာ နေရင်တော့လည်း ဒီနိုင်ငံက ထုတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို မဖြစ်မနေတော့ လိုက်နာရမှာပဲလေ။ ဒီပေါ်မှာ အဆင်ပြေတယ်၊ မပြေဘူး ဆိုတာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ တင်ပြပြီးတော့ ညှိနှိုင်းရမှာပေါ့။ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွား တခုတည်းပဲ ကြည့်မယ်ဆိုရင်တော့လည်း ဘယ်နေရာမှာမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး” လို့ စီးပွားရေးလုပ်ငန်းရှင်က ပြောပါတယ်။
လက်ရှိမှာ အစိုးရက ပြည်ပသွင်းကုန်တွေ ဖမ်းဆီးတာ၊ ပိတ်ပင်တာတွေကြောင့် ပြည်တွင်းမှာ တင်သွင်း ရောင်းချနေတဲ့ ထိုင်းနိုင်ငံထုတ် ပစ္စည်းတွေ ရှားပါးပြတ်လပ်ကာ ဈေးနှုန်း မြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံထုတ် ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ စားသုံးဆီ၊ ခေါင်းလျှော်ရည် အစရှိတဲ့ အလှကုန်၊ လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ပြတ်လပ်လာတာဖြစ်ပြီး တချို့သော အရောင်းစင်တာကြီးတွေမှာ အကန့်အသတ်နဲ့ ရောင်းချပေးနေတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်း – မြန်မာနယ်စပ် အမှတ် (၂) တံတားမှာ မြန်မာဘက်ကိုဝင်မယ့် ကုန်ကားအစီးရေ ၅၀၀ ဝန်းကျင် ပိတ်မိနေတာဖြစ်ပြီး အခုလို ကန့်သတ်ထားမှုတွေကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ပိုမို ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW