ဩဂုတ် ၂၁ – ၂၀၂၅
SN (VOM)
ပြည်တွင်းက ပြင်ပဈေးနှုန်းတွေ ထပ်မံ ကျဆင်းလျက်ရှိတာမှာ ဒီကနေ့ ဩဂုတ် ၂၁ ရက် ညနေပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ခုနစ်ဆယ့်လေးသိန်း ဝန်းကျင်ကို ကျဆင်းလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်၊ နေ့လယ်ပိုင်းကစပြီး အခေါက်ရွှေ တကျပ်သားကို ခုနစ်ဆယ့်ခြောက်သိန်း ခုနစ်သောင်းကျပ် ဝန်းကျင်နဲ့ ဈေးစတင် ကျဆင်းလာတာဖြစ်ပြီး ဒီကနေ့ ဩဂုတ် ၂၁ ရက်အထိ သုံးရက်အတွင်း ကျပ် သုံးသိန်းဝန်းကျင် ကျဆင်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက တရက်ကို တသိန်းနှုန်း ကျနေတယ်လို့ ပြောရမှာပေါ့။ ကျွန်တော့် တယောက်တည်းရဲ့ အမြင်အရတော့ စနစ်သစ်နဲ့ စနစ်ဟောင်း တန်းညီအောင် ဆွဲညှိနေတဲ့သဘောပါ။ နောက်ပိုင်းမှာ ဈေးတန်း တခုပဲ ရှိလာနိုင်တယ်။ အခုဆို စနစ်ဟောင်းနဲ့ စနစ်သစ်က ဈေး သုံးသောင်းလောက်ပဲ ကွာတော့တယ်” လို့ ရွှေဈေးကွက် ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
လက်ရှိမှာ အမေရိကန်ဒေါ်လာဈေးလည်း ကျဆင်းနေသလို ကမ္ဘာ့ရွှေဈေးပါ ထပ်မံ ကျဆင်းလာမယ် ဆိုပါက အခေါက်ရွှေဈေး ကျပ် သိန်း ၇၀ အောက်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
“တကယ်တော့ ရွှေဈေးက ဈေးကစားတဲ့ သူတွေကြောင့်သာ မဖြစ်သင့်တဲ့ ဈေးတန်းကို ရောက်နေတာ။ အခုကတော့ ဝယ်လိုအားနဲ့ ဖြစ်သင့်တဲ့ ဈေးတန်းကို ရောက်အောင် ပြန်သွားနေတာပေါ့။ ဒါပေမယ့် ဒီအချိန်မှာတော့ ရောင်းမယ့် ဝယ်မယ့်သူတွေ စဉ်းစားချင့်ချိန်ပါလို့ပဲ ပြောချင်တယ်။ ဈေးက လှုပ်နေသေးတယ်။ အတက်အကျ မငြိမ်သေးဘူး” လို့ သူက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ လက်ရှိမှာ အတက်ဘက်ကို ပြန်သွားနေတာတွေ့ရပြီး ဒီကနေ့ ဩဂုတ် ၂၁ ရက်၊ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တအောင်စ ဒေါ်လာ ၃၃၄၂ ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ကာ ညနေပိုင်းမှာတော့ တအောင်စ ဒေါ်လာ ၃၃၄၀ ဝန်းကျင်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
ဒါအပြင် လက်ရှိမှာ အမေရိကန် ဒေါ်လာဈေးတွေလည်း ကျဆင်းလျက်ရှိတာမှာ ဒီကနေ့ ဩဂုတ် ၂၁ ရက်၊ ညနေပိုင်းမှာတော့ တဒေါ်လာ ရောင်းဈေး ၄၃၄၀ ဝန်းကျင်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။
“ဒေါ်လာစျေးကျရတဲ့ အကြောင်းရင်းက လက်ရှိ ငွေလဲလှယ်နှုန်းက ထိုင်းဘတ်ငွေကို အခြေခံပြီးတွက်တာပါ။ လွန်ခဲ့တဲ့ရက်ပိုင်းက ထိုင်းဗဟိုဘဏ်က အတိုးနှုန်း လျှော့ချလိုက်လို့ ဘတ်ငွေတန်ဖိုး ကျသွားတော့ ဒေါ်လာပါ လိုက်ကျလာပါတယ်။ ဒေါ်လာကျတော့ ဒေါ်လာနဲ့တွက်တဲ့ ရွှေစျေးလည်း ကျလာပါတယ်။ နောက်တချက်က သွင်းကုန်ပိတ်ထားလို့ ပြည်တွင်းမှာ နိုင်ငံခြားငွေတွေ အိုင်သွားပြီး ငွေလဲနှုန်းကျလာတာပါ” လို့ ငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ လတွေက တဒေါ်လာ ရောင်းဈေး ၄၄၀၀ ကျော် ၄၅၀၀ နီးပါးမှာ အများဆုံး ရှိနေခဲ့တာ ဖြစ်ပေမယ့် ဩဂုတ် ၂၀ ရက်နေ့ကစလို့ ၄၄၀၀ ဝန်းကျင်နဲ့ ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။
Photo – CJ