ဩဂုတ် ၂၁ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ KTV နဲ့ အနှိပ်ခန်းတွေကိုသက်ဆိုင်ရာကစာရင်းကောက်ယူမယ်လို့ သတင်းတွေထွက်ပေါ် နေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း မန္တလေးမြို့အတွင်းမှာရှိတဲ့ Hi ခန်းပါတယ်ဆိုတဲ့ KTV ဆိုင်ပေါင်း ၅၀ ကျော်ကိုလည်းသက်ဆိုင်ရာက တလပိတ်သိမ်းအရေးယူမှုတွေကိုပြုလုပ်ခဲ့သလို ကျန်ရှိတဲ့ဆိုင်တွေကိုလည်းရှောင်တ ခင်စစ်ဆေးအရေးယူမှုတွေကိုလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“စာရင်းက မြို့နယ်အဆင့်ကတိုက်ရိုက်ကောက်ယူမယ်လို့သိရတယ်”လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပါတယ်။
အခုဩဂုတ်လ ၁၉ ရက်နေ့ကလည်းစစ်ကိုင်း တိုင်းဒေသကြီးအတွင်းက မုံရွာမြို့ပေါ်နဲ့ ခန္တီးမြို့ပေါ် ရှိ ကာရာအိုကေ KTV ဆိုင်တွေကို
စည်းကမ်းနဲ့ အညီဆောင်ရွက်မှုတွေ ရှိ/မရှိ သက်ဆိုင်ရာက ရှောင်တခင်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဒီလို KTV ဆိုင်တွေကိုစာရင်းကောက်ယူမယ်ဆိုတာဟာ ရွေးကောက်ပွဲနီးလာလို့ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စတွေမှာမလိုလားအပ်တဲ့ပြဿနာတွေမဖြစ်ပွားအောင်ကြိုတင်စာရင်းကောက်ယူတာမျိုးဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“တညလုံးပိုက်ဆံပါရင်နေထိုင်စားသောက်လို့ရတော့မသမာသူတွေ၊အဖျက်သမားတွေဒုစ ရိုက်သမားတွေခိုအောင်းလို့ရတယ်။လုံခြုံ ရေးအနေအထားနဲ့ပြောရရင်ဒါကလစ်ဟာနေတယ်ပေါ့။သီးခြားလွတ်လပ်ကမ္ဘာလေးထဲမှာလုပ်ချင်တာတွေလုပ်နေကြတာဒီသဘောမျိုးဖြစ်နေတယ်”လို့ လေ့လာသုံးသပ်သူတယောက်က KTV ဆိုင်တွေနဲ့ ပတ်သက်လို့ သူရဲ့အမြင်ကို ပြောပြပါတယ်။
အခုသီတင်းပတ်အတွင်းမှာလည်း မန္တလေး၊ရွှေဘို၊စစ်ကိုင်း၊မုံရွာ အစရှိတဲ့မြို့တွေမှာ KTV တွေကို ရှောင်တခင်လိုက်လံစစ်ဆေးနေတာကိုလည်း ဒေသတွင်းသတင်းတွေအရ သိရှိရပါတယ်။
ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ KTV တွေမှာ လုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင်၊ ယစ်မျိုးလိုင်စင်၊ မီးဘေးကြိုတင်ကာကွယ်မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း ရှိ၊မရှိတွေကိုရှောင် တခင်ဝင်ရောက်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
“ရန်ကုန်မှာ KTV၊မာဆတ်၊အနှိပ်ခန်း၊ Night ကလပ်၊ Day ကလပ်၊ဘားတွေရဲ့စာရင်းကိုစနစ်တကျကောက်မယ်လို့ သတင်းထွက်နေတာကကြာပါပြီ။ဟိုတလောက မန္တလေးမှာလည်း KTV တွေလိုင်စင်အဖျက်ခံရ၊အပိတ်ခံရနဲ့ အဲလိုတွေကြားရတယ်။အဲဒီ KTV ၊ အနှိပ်ခန်းမှာလုပ်နေကြတဲ့ကောင်မလေးတွေလည်းရွှေတောရောက်ကုန်ပြီပြောတယ်။ဒုက္ခတွေရောက်ကုန်ကြတယ်ပြောတယ်”လို့ KTV အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဆက်လက်ပြီး ရန်ကုန်မြို့ခံတယောက်က ရန်ကုန်တိုင်းမှာက နေ့ရော၊ညရော ဥပဒေမဲ့လိုဖြစ်နေတယ်လို့ သူရဲ့အမြင်ကိုထပ် လောင်း ပြောပြပါတယ်။
“လိုင်းကြေးပေးရင်အကုန်ရတဲ့သဘောလိုဖြစ်နေပြီ”လို့ သူက ပြောပြခဲ့ပါတယ်။
သက်ဆိုင်ရာရဲ့သတင်းထုတ်ပြန်မှုမှာတော့ KTVဆိုင်တွေရဲ့အသံကြောင့်ပတ်ဝန်းကျင်ကိုအနှောက်အယှက်ရှိ/မရှိ၊ မူးယစ်ဆေးဝါးတွေသုံးစွဲခြင်း ရှိ/မရှိ အပါအဝင် အမျိုးသမီးတွေနဲ့ မြူဆွယ်ခြင်း ရှိ/မရှိ၊ ရာဇဝတ်မှု ကျူးလွန်သူများ ခိုအောင်းခြင်း ရှိ/မရှိ ဒါတွေကို အဓိထားပြီးရှောင်တခင်စစ်ဆေးတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo – CJ
ပုံစာ – မုံရွာမြို့က KTV ကာရာအိုကေဆိုင်တွေကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စစ်ဆေးနေစဉ်(ပုံဟောင်း)