ဆူးငှက်
ကုန်လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် နို၀င်ဘာ (၂၉)ရက်နေ့မှာဒေါ်ဒေါ်(လူထုဒေါ်အမာ) နှစ်၁၀၀တင်းတင်းပြည့်ခဲ့ပါပြီ။ ဒေါ်ဒေါ့် ဂုဏ်ပုဒ်တွေကို ဂါရ၀ထားပြီး “လူထုဒေါ်အမာရာပြည့်”အထိမ်းအမှတ်ပွဲကို၂၀၁၅ခုနှစ် နို၀င်ဘာ ၂၆ရက်နေ့ကစပြီး မန္တလေးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄လမ်း)နှင့် ၃၁လမ်းထောင့်က ဓမ္မသာလာခန်းမမှာ စာအုပ်ပြပွဲ၊ လက်ရေးစာမူများနှင့် ဘ၀မှတ်တမ်းဓာတ်ပုံပြပွဲကို စာအုပ်စျေးရောင်းပွဲတော်နှင့်အတူ နို၀င်ဘာ ၂၈ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ ဓမ္မသာလာခန်းမမှာပဲ နို၀င်ဘာ၂၆ရက်နေ့ညမှာ “ပြည်သူချစ်သောလူထုဒေါ်အမာနှင့် အနုပညာသည်များ”ခေါင်းစဉ်နှင့် ကျွန်တော်က မြို့မတူရိယာအသင်း၊ မြန်မာဆိုင်းဝိုင်း၊ အဆိုတော်များ၊ အနုပညာရှင်များနှင့် တွဲဖက်ပြီးဟောပြောခဲ့ပါတယ်။ နို၀င်ဘာ၂၇ရက်နှင့် ၂၈ ရက်ညတွေမှာလည်းရန်ကုန် မန္တလေးနှင့် နယ်အသီးသီးက စာရေးဆရာဆရာမကြီးများရဲ့ စာတမ်းဖတ်ပွဲကိုလည်း ဓမ္မသာလာခန်းမမှာ ကျင်းပခဲ့ပါတယ်။
နို၀င်ဘာ (၂၉)ရက်နေ့မှာတော့ အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို ကျွေးမွေးဧည့်ခံခြင်းများနှင့်အတူ သက်ကြီးဝါကြီး စာရေးဆရာကြီးများရဲ့ အမှတ်တရ စကားပြောကြားခြင်း အစီအစဉ်နှင့် လူထုဒေါ်အမာရာပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ “လူထုဒေါ်အမာရာပြည့်”အမှတ်တရအဖြစ် စာရေးဆရာ၁၀၀ရဲ့ ဆောင်းပါး ၁၀၀ စာအုပ်နှင့် ကဗျာဆရာ ၁၀၀ရဲ့ ကဗျာ ၁၀၀ စာအုပ်တွေလည်း ထုတ်ဝေခဲ့ပါတယ်။ လူထုမိသားစု စာကြည့်တိုက်မှာလည်း ရာပြည့်မွေးနေ့အမီ “ လူထုမောင်နှံ”ရဲ့ ကြေးရုပ်တုကို စိုက်ထူပြီး မြတောင်ကျောင်းတိုက်အတွင်းက လူထုဦးလှနှင့် ရွှေကိုင်းသားတို့ရဲ့ အထိမ်းအမှတ် ကျောက်တုံးတွေကိုလည်း စာကြည့်တိုက်၀င်းအတွင်း ပြောင်းရွှေ့ထားရှိခဲ့ပါတယ်။
၂၀၁၅ခုနှစ် နို၀င်ဘာလ ၂၆ရက်နေ့ညက ဓမ္မသာလာခန်းမမှာ “ပြည်သူချစ်သော လူထုဒေါ်အမာနှင့် အနုပညာသည်များ”ခေါင်းစဉ်နှင့် ကျွန်တော်က ဟောပြောတော့ အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့သား ဂီတမှူးဦးရွှန်းမြိုင်က “စာရေးဆရာ သတင်းစာဆရာမကြီးလူထုဒေါ်အမာ အနှစ်၁၀၀ပြည့်” ကိုဂုဏ်ပြုတဲ့ အဖွင့်သီချင်း ရေးစပ်ပေးပြီး မြို့မတူရိယာအသင်းနှင့် အဆိုတော်များက သီဆိုခဲ့ကြပါတယ်။ “မိခင်သို့နှစ်တစ်ရာပြည့်တမ်းချင်း” အမည်ရှိ သီချင်းစာသားတွေဟာ ဒေါ်ဒေါ်လူထုဒေါ်အမာရဲ့ စာရေးဆရာသတင်းစာဆရာ ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ပေါ်လွင်ခဲ့သလို သံစဉ်တွေကလည်း ရဲရင့် တက်ကြွ ကြက်သီးထဖွယ်ပါပဲ။
“ မိခင်သို့ နှစ်တစ်ရာပြည့် တမ်းချင်း”
(တေးရေး – မြို့မဦးရွှန်းမြိုင်)
————————————–
– မိခင်သို့ ၊ မှန်းမျှော်လို့ ၊ အလွမ်းပြေဖို့ ၊အကြောင်းပြုကာ ၊ ပေါင်းစုကာ ၊ ကြုံလာ….၊ ဒီပွဲ..။
မိခင်သို့ ၊ မှန်းမျှော်လို့ ၊ အလွမ်းပြေဖို့ ၊အကြောင်းပြုကာ ၊ ပေါင်းစုကာ ၊ ကြုံလာ….၊ ဒီပွဲ..။
နှစ် တစ်ရာပြည့် ၊ တမ်းချင်းတစ်ပုဒ်နဲ့ ၊အောက်မေ့ခြင်းများစွာ…. အောက်မေ့ခြင်းများစွာ….
ဒို့တစ်တွေ ၊ ဒို့တစ်တွေ ၊ ဒို့တစ်တွေ ၊ရင်ထဲ ထာ၀ရ။
– ပြည်သူချစ်သောအနုပညာသည်များ….. ပြည်သူချစ်သောအနုပညာသည်များ…..
စာပေ ၊ ဂီတ ၊ ဇာတ်သဘင် ၊ဂန္ထ၀င် စံထားလောက်စရာ ၊မှတ်ကျောက် ကမ္ပည်းတင်ကာ…။
– (ရဲသွေးနီရှေ့တန်းက သတင်းစာဆရာ။
အတွေးသစ်လွင် ခေတ်ရှေ့မြင် ၊ စာရေးဆရာ….)၂
အများအကျိုးအတွက် ၊ လူထုရဲ့ သတင်းစာဆရာ..၊
သမိုင်းနဲ့ချီညွှန်းရမယ့် စာရေးဆရာ.။
– အများအကျိုးအတွက် ၊ လူထုရဲ့ သတင်းစာဆရာ..၊သမိုင်းနဲ့ချီညွှန်းရမယ့် စာရေးဆရာ
အို……ဒို့ရဲ့ မိခင်…၊ အို….. ဒို့ရဲ့ မိခင်…. ၊ လူထုဒေါ်အမာ..။
ဆူးငှက်