ညောင်ဦး ကျောက်ပြင်ကန်ရွာ လေကြာင်းတိုက်ခိုက်မှုဖြစ်ပွား

ဩဂုတ် ၂၄ ၊ ၂၀၂၅
GG (VOM)
ညောင်ဦးမြို့နယ်မှာ မနေ့က ဩဂုတ် ၂၃ ရက်နေ့ တရက်တည်းမှာတင် လေကြာင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိခဲ့တဲ့အပြင် သေနတ်နဲ့ ပစ်သတ်ခံရသူတွေလည်း ရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
လေကြာင်းတိုက်ခိုက်မှုက မနေ့ကညနေပိုင်း ကျောက်ပြင်ကန်ရွာကို ဗုံးကြဲခံရတာဖြစ်ကြောင်း ၊လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတယောက်အပါ နှစ်ယောက်သေဆုံးပြီး သုံးယောက်ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် အချို့လည်းထိခိုက်ပျက်စီးမှုရှိ ခဲ့တယ်လို့သိရပါတယ်။
“ဟုတ်တယ်။ မနေ့က ကျောက်ပြင်ကန်ဘက်ကို နှစ်ကြိမ်လာကြဲတယ်။တော်သေးတယ် ရွာအစပ်ဘုန်းကြီးကျောင်းနားကိုကြဲလို့ပေါ့ ။ ဒေသခံတယောက်သေတယ်။pdf တယောက်သေတယ်။pdf သင်တန်းဆင်းပွဲရှိတယ်ဆိုတဲ့သတင်းကြောင့်လာကြဲတာလို့သိရတယ်။ ကျွန်တော်တို့ဒေသခံတွေလည်းကျီးလန့်စာစားနေရသလိုပဲ။အသံကြားရင်ပြေးလိုက်။ပြီးရင်အိမ်ပြန်လာလိုက်နဲ့ပဲဖြတ်သန်းနေရတယ်။ဒီနေ့တော့ ဘာသံမှမကြားရဘူး။ငြိမ်နေတယ်။” လို့ ကျောက်ပြင်ကန်ရွာအနီး နေထိုင်သူဒေသခံ ကပြောပါတယ်။
အလားတူ အဲဒီနေ့ ညနေပိုင်းမှာပဲ စဥ့်ကူမြို့၊ စျေးတန်းရပ် နဲ့ မြို့မတောင်ပိုင်းမှာ အမျိုးသားတယောက် နဲ့အမျိုးသမီးတယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အသတ်ခံခဲ့ရတဲ့အမျိုးသမီးက ကျူရှင်ဆရာမ ဒေါ်အိအိခိုင်ဆိုသူဖြစ်ပြီး နေအိမ်အတွင်းဝင်ရောက်ပစ်သတ်သွားတာဖြစ်ကြောင်း ၊ နောက်ထပ်အသတ်ခံရတဲ့ အမျိုးသားကတော့ ဦးမောင်ဝင်းဆိုသူဖြစ်တယ်လို့ သိရပါတယ်။
” မနေ့ကညနေ ၅ နာရီလောက်မှာဖြစ်သွားတာပါ။ဦးမောင်ဝင်းက သူကမှတ်ပုံတင်ပွဲစားပြောရမယ်။ပိုက်ဆံယူပြီးလုပ်ပေးတာ။ ကျူရှင်ဆရာမကတော့ ဒီတိုင်းသူ့ဘာသာစာပြတာပါ။သေနတ်နဲ့ပစ်တာမှာ ကျူရှင်ဆရာမက ပွဲချင်းပြီးသေတယ်။သူ့ရဲ့ အမေနဲ့ မောင်ဖြစ်သူကတော့ ဒဏ်ရာရတယ်။အခုဆေးကုသမှုခံယူနေရတုန်းပဲ။ဘာကြောင့်ပစ်ခံရလဲတော့ ကျွန်တော်တို့လည်းမသိပါဘူး။အခုက အကုန်လုံးကိုကြောက်နေရတယ်။ ” လို့ ဒေသခံကပြောပါတယ်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းပိတ်ဆို့ စစ်ဆေးရှာဖွေမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
ခုနောက်ပိုင်းမှာ ညောင်ဦးမြို့နယ်ထဲက ကျေးရွာအချို့မှာ ဒေသတွင်းလက်နက်ကိုင် တပ်တွေနဲ့ လုံခြုံရေးတပ်တွေအကြား မြေပြင် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားမှုရှိလာပြီး အသတ်ခံရသူတွေလည်းရှိလာနေတယ်လို့သိရပါတယ်။
တိုက်ပွဲတွေ နဲ့ လေကြောင်းရန်ကြောင့် ဒေသခံပြည်သူအချို့ကတော့ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရပြီး အကြော်ဖိုလုပ်ငန်း၊ ထန်းလျက်လုပ်ငန်းတွေလည်း လုပ်ကိုင်သူလျော့လာတယ်လို့သိရပါတယ်။
ဒါအပြင် စစ်တပ်သတင်းပေးဒလန်အဖြစ် သတ်မှတ်ခံရပြီး ဒေသတွင်းလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ခံရသူတွေ ဖမ်းဆီးခံရသူတွေလည်းရှိလာသလို pdf ထောက်ပို့အဖြစ် စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံရသူတွေလည်းရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နှစ်ဖက် အဖွဲ့အစည်းကြားမှာ ကြားမညပ်အောင် သတိထားနေထိုင်နေကြရတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW