ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၅
မျိုးဆက်(VOM)
တောင်ကိုရီးယားအစိုးရက အရေးပေါ်အစည်းအဝေးကျင်းပပြီး အမေရိကန်ရှိ Hyundai စက်ရုံမှာ လူပေါင်းရာချီဖမ်းဆီးခံရတဲ့ ကိစ္စကို အမြန်ဆုံးတုံ့ပြန်ဖို့ ကတိပေးလိုက်ပါတယ်။
ဂျော်ဂျီယာပြည်နယ်က စက်ရုံဆီကို ဆိုးလ်က သံတမန်တွေစေလွှတ်ထားပြီး Hyundai နဲ့အတူ စက်ရုံလုပ်ကိုင်တဲ့ LG Energy Solution ကလည်း အမေရိကန်ကို လုပ်ငန်းခရီးစဉ်အများစုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်း က နိုင်ငံသားတွေဖမ်းဆီးခံရတဲ့အတွက် နိုင်ငံခြားကိုရီးယားလူမျိုးကာကွယ်ရေးတာဝန်ခံအဖွဲ့ကို အစိုးရက ဖွဲ့စည်းထားပြီး လိုအပ်ရင် ဝါရှင်တန်ကိုသွားနိုင်တယ်လို့ သူက ဆိုပါတယ်။
“ဒီဖြစ်ရပ်ကိုသိရတာနဲ့ သမ္မတက အမေရိကန်ရဲ့ဥပဒေစိုးမိုးရေးလုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့အခွင့်အရေးတွေ သို့မဟုတ် ကိုရီးယားရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို မတရားကန့်သတ်ခံရမှုမရှိစေရဘူးလို့ အလေးပေးပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။
ဘက်ထရီစက်ရုံမှာ တရားမဝင်အလုပ်လုပ်နေတာတွေ့ရှိရတဲ့ လူ ၄၇၅ ယောက်ကို အမေရိကန်အရာရှိတွေက ဖမ်းဆီးထားပါတယ်။ အဲဒီထဲမှာ အများစုက တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်ပြီး ဒီစက်ရုံဟာ ပြည်နယ်ရဲ့ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံကိန်းတွေထဲက တခုဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို အိမ်ဖြူတော်က ကာကွယ်ပြောဆိုခဲ့ပြီး ဒီစစ်ဆေး ဖမ်းဆီးမှုဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဟန့်တားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချခဲ့ပါတယ်။
“သူတို့တွေဟာ တရားမဝင်နေထိုင်သူတွေဖြစ်ပြီး အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန က သူ့အလုပ်ကိုလုပ်နေတာပါ” လို့ သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့က စစ်ဆေးမှုတွေအပြီးမှာ ပြောခဲ့ပါတယ်။
တာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အာရှအလုပ်သမားတွေကို အဆောက်အဦတခုရှေ့မှာ တွေ့ရပြီး အချို့က “Hyundai” နဲ့ “LG CNS” ဆိုတဲ့ အမည်တွေပါတဲ့ အဝါရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။
အမေရိကန်မှာ ကာလတိုဗီဇာ သို့မဟုတ် အားလပ်ရက်ဗီဇာနဲ့ရောက်နေသူတွေကို အလုပ်လုပ်ခွင့်မပြုပါ လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက ပြောပြီး အမေရိကန်အလုပ်အကိုင်တွေကို ကာကွယ်ဖို့ ဒီစစ်ဆေးမှုက လိုအပ်တယ်လို့ ဆိုပါတယ်။
Ref:BBC
Photo:Reuters
