စက်တင်ဘာ ၁၀ – ၂၀၂၅
KKL(VOM)
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ မသန်စွမ်းသမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရချိန်မှာ ဖျက်ချခိုင်းတဲ့ ဖခင်ကိုဖမ်းဆီးရမိထားပြီလို့ ဒေသခံကူညီပေးသူတွေဆီက သိရပါတယ်။
မိသားစုက ခြိမ်းခြောက်တာခံရပြီး သက်ဆိုင်ရာကိုမတိုင်ရဲတာကြောင့် ကျူးလွန်သူဖခင်ကို ရပ်ကွက်ကတိုင်ကြားချိန်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး စက်တင်ဘာ ၈ ရက်မှာ တိမ်းရှောင်နေတဲ့ မအူပင်မြို့နယ်ဘက်မှာ မိသားစုဝင်တွေရဲ့ အကူအညီနဲ့ ဖမ်းဆီးခံရတာလို့သိရပါတယ်။
“အဓမ္မပြုကျင့်ခံရသူက မသန်စွမ်းသမီးအရင်းပါ။ဖခင်အရင်းက ပထမတကြိမ် သားမယားပြုကျင့်တာခံရပြီး ကိုယ်ဝန်ရလာတော့ ဖျက်ချခိုင်းလို့ ဖျက်ချခဲ့ရတာ။ ပတ်ဝန်းကျင်ကို ထုတ်ပြောရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ။အခု ဒုတိယအကြိမ် အဓမ္မပြုကျင့်တာခံရလို့ကိုယ်ဝန်ထပ်ရလာတော့မှ ရပ်ကွက်က ဝိုင်းတိုင်လို့ တိမ်းရှောင်ရင်းဖမ်းမိတာ။” ဖြစ်စဥ်ကို သိရှိသူတယောက်က ပြောပါတယ်။
မသန်စွမ်းသမီးကို ဖခင်ဖြစ်သူက၂၀၂၄ခုနှစ်ထဲမှာပထမ အကြိမ် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန် ၅ လကျော်ရှိချိန်မှာ ဖခင်ဖြစ်သူက ကိုယ်ဝန်ကိုဖျက်ချခိုင်းတာဖြစ်ပြီး ဒုတိယ အကြိမ် ၂၀၂၅ခု နှစ်ထဲမှာ အဓမ္မ ပြုကျင့်တာကြောင့် ကိုယ်ဝန် ၇ လရချိန်မှာ ထပ်မံဖျက်ချခိုင်းရမှာ မဖျက်ချတာကြောင့် ဝမ်းဗိုက်ကို ခြေထောက်နဲ့ကန်လို့ လက်ရှိဆေးကုသမှု ခံယူနေရတယ်လို့သိရပါတယ်။
“ဘယ်တိုင်တိုင် တိုင်ရင်သတ်ပစ်မယ်ပြောလို့ မတိုင်ရဲဘဲနေနေရတာလို့ ရဲစခန်းမှာထွက်ဆိုထားတယ်။ ကောင်းမလေးက မသန်စွမ်းလည်းဖြစ် ဖခင်ကနှိပ် စက်တာခံထားရတော့ အခုဆေးကုသနေရတယ်။ ” လို့ ကျူးလွန်ခံရတဲ့သူကို ကူညီပေးသူတယောက်က ပြောပါတယ်။
ဖခင်အရင်းက အဓမ္မပြုကျင့်တာခံရတဲ့ မသန်စွမ်း မိန်းကလေးဟာအသက်(၂၆) နှစ်အရွယ်သမီးအကြီးဆုံးဖြစ်ပြီး သူမအောက်မှာ ၈ တန်းအရွယ်ညီမတယောက်နဲ့ မောင် (၂) ယောက်ရှိတယ်လို့ သိရပါတယ်။
သမီးအရင်းကိုအဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်မှာ အသက် (၄၀) ကျော်အရွယ်ရှိပြီး မအူပင်ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။