နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြက်မောက်တောင်ဆည် ရေပိုလွှဲမှ ရေလျှံလို့ ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်း ရေကျော်ပြီး လမ်းပိတ်

စက်တင်ဘာ ၃၀ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြက်မောက်တောင်ဆည် ရေပိုလွှဲကနေ ရေလျှံကျနေတဲ့အတွက် ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်းရေကျော်နေလို့ ကားလမ်းယာယီပိတ်လိုက်ထားရတယ်လို့ သိရပါတယ်။
ကျောက်ပန်းတောင်း မိတ္ထီလာလမ်းပေါ်ရှိ ကိုင်းရွာနဲ့ စည်ပင်သာရွာကြားမှာ လမ်းပေါ်ရေကျော်နေတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ဆည်ရေပိုများလာပြီး ရေစီးကြမ်းလာတာကြောင့် ကား၊ဆိုင်ကယ် အားလုံးကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာဖြစ်ကြောင်း လက်ရှိမှာ ကားတွေရာနဲ့ချီပိတ်မိနေကြတယ်လို့သိရပါတယ်။
” ကျောက်ပန်းတောင်းအထွက်မှာရေကျော်နေတာပါ။ စည်ပင်သာနားပေါ့။မနက်ပိုင်းကဖြေးဖြေးရယ်ဖြတ် သွားလို့ရသေးတယ်။အဲဒီတုန်းကလည်းရေစီးသန်တာပဲ။အခုက ရေပိုများလာလို့ လမ်းပိတ်လိုက်ကြတာ။ရေစီးကြမ်းနေတယ်။ကားတွေကတော့ ဟိုဘက်ခြမ်းဒီဘက်ခြမ်းမှာပဲ ရပ်ထား ပိတ်မိနေတာပေါ့။ခရီးသည်တင်ကားတွေ၊ကုန်ကား ၊အိမ်စီးကား ဆိုင်ကယ်အကုန်ပဲ။ရေကျမှပြန်ဖွင့်ပေးမယ်ပြောတယ်။” လို့ မြေပြင်ရောက်ရှိနေသူ ကပြောပါတယ်။
ကြက်မောက်တောင်ဆည်က စတင်တည်ဆောက်ပြီးချိန်ကတည်းက ဆည်ရေပြည့်ပြီး ရေပိုလွှဲကနေ ရေလျှံကျတာမျိုး ယခင်က မရှိခဲ့ဘူးကြောင်း ၊ ယခုဆည်ရေပြည့်ပြီး ရေလျှံကျတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
” အသက် ၅၀ ကျော်ရှိပြီ ။ကြက်မောက်တောင်ဆည်ကြီးကနေ ရေပြည့်လို့လျှံကြတယ်ဆိုတာမတွေ့ဖူးသေးဘူး။ဒါကပထမဆုံးပဲ။အနိမ့်ပိုင်းနေရာတွေလည်းရေဝင်နေတယ်။” လို့ ဒေသခံကပြောပါတယ်။
ကြက်မောက်တောင်ဆည်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေအနီးမှာ ရှိတာဖြစ်တယ်လို့သိရပါတယ်။
ကြက်မောက်တောင်ဆည် ရေပိုလွှဲကနေ လျှံကျလာတဲ့ ဆည်ရေတွေက ယင်းချောင်း နဲ့ ပင်းချောင်းထဲကို ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ခရီးသွားပြည်သူ

Related posts

Leave a Comment

VOM News

FREE
VIEW