သူတို့အိမ် အခန်း – ၂၀

ဆူးငှက်
ရွာထမင်း ရွာဟင်းနှင့် ရွာက ကန်ရေလေးသောက်ချင်လို့
—————————————————–
အဘနှင့် အမေက သူတို့ရွာကနေ မန္တလေးသို့ ပြောင်းရွှေ့အခြေချကာ သားသမီးများပင် ထွန်းကားခဲ့သော်လည်း နွေအခါ တပို့တွဲ တပေါင်းရောက်လျှင် ရွာသို့ အလည်အပတ် ပြန်ချင်ကြသည်။ ရွာမှာလည်း ထိုအချိန်ရောက်မှ ယာလုပ်ငန်းနားပြီး အားလပ်ကြ၍ အလှူအတန်း နှင့် ယုတ်စွအဆုံး ဘုန်းကြီးပျံ မယ်တော်ပျံ ဘတော်ပျံတို့ ကျင်းပကြသည်။ အဘက နတ်တော်ကျော်၍ တပိုတွဲ လဆန်းလျှင်ပင် ရွာထမင်းရွာဟင်းလေးနဲ့ ရွာက ကန်ရေလေး သောက်ချင်သေးတယ် ဟု ပြောလေ့ရှိသည်။ ရွာမှာ သူ့ဖခင် ဦးလူနီ ရှိသေးသည်။ ကျွန်တော် ၉ နှစ် ၁၀နှစ်သားလောက်မှ အဘိုး ဦးလူနီ ဆုံးရှာသည်။ အဘိုးဆုံးတော့ အသက် ၉၀ နီးပြီပေါ့။ ရွာသို့ ပြန်ချင်လှသော အဘတစ်ယောက် တကယ်တမ်း အဘိုးဆုံးတော့ မပြန်နိုင်ရှာ။ ထိုရက်မှ အတော်နေမကောင်း ဖြစ်နေသောကြောင့် နာရေးကိစ္စကိုပင် ရွာက ဦးကြီးချစ်တီးကို လွှဲလိုက်ရသည်။
အဘ ရွာပြန်ချင်တာက သူ့ဖခင်ရှိလို့ဟုသာ မဟုတ်။ အဘက နွားဝါသနာ လှည်းဝါသနာပါသည်။ ရွာရောက်လို့ ဦးကြီးချစ်တီးအိမ် အထုပ်အပိုး ချပြီးတာနှင့် ခဏနားပြီး ရွာတောင်ဖျားက ဦးကြီးဘအေးအိမ်သို့ သွားတော့သည်။ ဦးကြီးဘအေး ကလည်း နွားဝါသနာပါသည်။ အိမ်ခြံပေါက် နွားလေးတွေအပြင် ထမ်းပိုးထမ်း နွားသိုးလေးတွေလည်း ရှိသည်။ အဘရောက်လာတာနှင့် ဦးကြီးဘအေးက လှည်းယဉ်လေးမှာ သူ့စိတ်ကြိုက် နွားတစ်ယှဉ်း က ပြီး အဘနှင့် ၂ယောက်သား ရွာပတ်လမ်းကနေ မန်ကျည်းအုပ်လမ်းက ချောင်းမင်းကွေ့ယာ အထိ အဘကို လှည်းမောင်းစေသည်။ အဘက နွားကို အဖြည်းမောင်း အသွက်မောင်း အကြော့မောင်း မောင်းရင်း နွားအကြောင်း မေးသည်။
ဦးကြီးဘအေးက လက်ရှိ သူကိုင်နေသည့် နွားအကြောင်း ပြောသည်။ ချောင်းမင်းကွေ့ယာမှာ တအောင့် နားကြပြီး အပြေးမောင်းကာ ပြန်လာသည်။ ဦးကြီးဘအေးအိမ် ရောက်တော့ လှည်းချွတ်ပြီး အရီးဒေါ်လှထွေး ကြော်ထားသော မြေပဲကြော် ပဲငါးပေါင်းကြော်နှင့် ရေနွေးကြမ်းသောက်ကာ ယာအကြောင်း နွားအကြောင်း ပြောကြတော့သည်။ ဦးကြီးဦးဘအေး၏ မျက်လုံးတစ်ဖက်က ပျက်နေသည်။ သူငယ်ငယ်က မုံထူး ထူးကြီးဘက် မျှစ်ချိုး သွားရင်း တောထဲက သစ်ပုတ်ခံရတာတဲ့။ သစ်ပုတ်တယ်ဆိုသည်မှာ ဝါးရုံတောထဲက ကျားသစ်ထွက်၍ လက်နဲ့ အပုတ်ခံရတာဟု အဘက ပြောပြသည်။
အဘလက်က ခူနာ
——————
နွားအကြောင်း ဆက်စပ်လို့လည်း အဘပြောဖူးတာ တစ်ခု မှတ်မိသေးသည်။ သူရွာမှာနေစဉ်က ရွာသို့ နွားဝယ်လာသော သစ်ကျင်းကြီးရွာက ဦးချစ်ဖြိုးနှင့် ရင်းနှီးသွားသတဲ့။ ဦးချစ်ဖြိုးကလည်း နွားဝယ် နွားရောင်းနှင့် ရွာသို့ မကြခဏလာကာ အဘတို့ အိမ်မှာပဲ တည်းတော့ နောက်ပိုင်းမှာ ဆွေမျိုးလို ရင်းနှီးသွားတာတဲ့။ တစ်နှစ်တင် အဘ လက်မမှာ ခူနာပေါက်ပါရောလား၊ အဘ ခူနာက တော်တော်နှင့် မပျောက်တော့ ဦးချစ်ဖြိုးက သစ်ကျင်းကြီးခေါ်ပြီး ကုပေးသည်။ ဦးချစ်ဖြိုးကိုယ်တိုင်က မြန်မာဆေးဆရာတဲ့။ အနာကိုကုတာ အတော်သက်သာနေတဲ့အချိန် အဘက ပြောင်းဖူးပြုတ်တွေ စားကောင်းကောင်နဲ့ စားလိုက်တာ အနာက ရင်းပါလေရော။
ရင်းသမှ ယောင်ကိုင်းနေတော့ ပြည်တွေဖောက်ထုတ်ရတာ လက်ဆစ်အရိုး ပေါ်ရောတဲ့။ ဒီတင် ဦးချစ်ဖြိုးက ပြည်ကိုက်ပြီး ပြုတ်လုလု တဲတဲ ကျန်သော အဆစ်ကို ဇာကနာနှင့် ဆွဲနှုတ်လိုက်တာ နာလွန်းလို့ ခေါင်းရမ်းလိုက်ရ တာများခေါင်းက ယောင်ထုံးတောင် ပြေကျသွားသည်တဲ့။ ထိုအခါကျမှ အနာစိမ်းကို ဆေးအုံပြီး ကုသဖြင့် အနာပျောက်သည်တဲ့။ အမေကတော့ အနာက မြုံနေတော့ အနာရင်းပြီး ပေါက်သွားအောင် ဦးချစ်ဖြိုးက ပြောင်းဖူးတွေ မသိမသာ ကျွေးတာ ဟု ပြောသည်။ ထိုယောင်ထုံး ပြေကတည်းက အဘက ဆံပင် မထားတော့ဘဲ ဘိုကေ ဖြစ်သွားတာဟု ဆိုသည်။ ကျွန်တော် လူမှန်းသိတော့ အဘ က ဆံပင်တို ဖြစ်နေပါပြီ။ သူ့ဘယ်ဘက်လက်မလေးက အဆစ်ပြုတ်ထားလို့ အတိုလေး။
ရွာက အမေ့ အမျိုးတွေ
—————————–
အမေရွာပြန်ချင်တာက ရွာမှာ သူ့မိဘအိမ်ရှိသေးသည်။ သူ့အမေ ဒေါ်နှင်းသ က အသက်၈၀အရွယ်။ သူ့အစ်မ မတောက အဲ့ဒီ အချိန်က ၅၀လောက်ရှိရောပေါ့။ သူ့အောက် မချောတင်က မွေးတဲ့ သူ့တူမ မညိုနဲ့ သူ့တူ မောင်ဘဝင်းတို့လည်း ရှိသည်။ မချောတင်ကတော့ ဆုံးပြီတဲ့။ အိမ်က ရွာတောင်ရပ် ရွာလယ်ဇရပ်နှင့် မျက်နှာချင်းဆိုင် ပျဉ်ထောင် ရှေး၂ထပ်အိမ်ကြီး ဖြစ်သည်။ အဘ အဖေ ဦးလူနီအိမ်၏ အနောက်ဘက် လမ်းပဲခြားသည်။ အမေက ရွာရောက်တိုင်း သူ့အမေအိမ်မှာပဲ တည်းသည်။ ကျွန်တော်ကတော့ အမေနှင့် အမေကြီးအိမ် အိပ်လိုက်၊ အဘနှင့် ဦးကြီးချစ်တီးအိမ် အိပ်လိုက်နှင့် နှစ်အိမ်ကူးနေသည်။ နှစ်အိမ်ကလည်း မဝေး၊ လမ်းပဲ ခြားသည်။
အမေ့ အစ်မ မတောက အပျိုကြီးဖြစ်သည်။ ကတုံးသာသာ ဆံပင်တိုနှင့် ထမီကို ထောင့်တန်း ဝတ်ထားသည်။ မျက်လုံးက စိုဝါးဝါးမို့ ခေါင်းကြီးငုံ့ကာ မျက်လုံးပင့် ကြည့်လေ့ရှိသည်။ အသက်က ၅၀လောက်ပေမင့် အမေခေါ်သလို ကျွန်တော်တို့ကလည်း မတောဟု နှုတ်ကျိုး နေကြသည်။ စိတ်ကတော်တော်မို့ အမေနှင့် ကျွန်တော်တို့ ရွာရောက်လာလျှင် တဟီးဟီးနှင့် ရယ်နေတာကလွဲ ဘာစကားမှ မပြော၊ ခဏနေတော့ ရေအိုးခေါင်းပေါ်ရွက်ပြီး တောင်ချောင်းထဲက ရေတွင်းသို့ သွားကာ ရေခပ်ပြီး အိမ်ရှိ စဉ့်အိုးအကုန် ရေဖြည့်တော့သည်။ ရေနည်းနည်း လျော့လိုက် ရေအိုးရွက်ကာ ရေတွင်းသွားပြီး ရေခပ်ကာ အိုးထဲ ဖြည့်လိုက်နှင့် ရွာမှာ ကျွန်တော်တို့ ရှိနေသရွေ့ စဉ့်အိုးထဲ ရေအလျော့မခံ ရေတွင်းဆီ တတုံတုံ သွားနေတော့သည်။ တကယ်တော့ ထိုစဉ်က ရွာမှာ ရေရှားလှသည်။ ရွာ၏တောင်ဘက် သဲချောင်းကြီးထဲက အတောင်၆၀ကျော် နက်သော ရေတွင်းကြီး နှစ်တွင်းက ရေကိုပဲ လက်မောင်းပြုတ်လုမတတ် ငှင်ကာ ရေစည်လှည်းနှင့် ရွက်အိုးနှင့် ခပ်သယ်ကာ သုံးကြရသည်။
ထိုရေတွင်းကြီးများသို့ သွားကာ ရေချိုးကြလျှင်လည်း မြို့က လာသော ဧည့်သည်များကို ရေတွင်းသို့ ရောက်နှင့်နေသည့် ရွာခံများက ရေငင်ပေးကြသည်။ ငြင်းလို့မရ။ ရေတွင်းက ရေချိုးပြန်လျှင်လည်း သဲတာလမ်းအတိုင်း အတက်မို့ အိမ်ရောက်တော့ ချွေးပြိုက်ပြိုက်ကျတော့သည်။ ထို့ကြောင့် ကြီးဒေါ် မတောက ကျွန်တော်တို့ကို အိမ်မှတင် ရေကို ချိုးနိုင်အောင် မပြတ်ဖြည့်ပေးနေခြင်း ဖြစ်သည်။ နောက် အမေ့ရွာအိမ်မှာက တူမ မမညိုကလည်း အမေကြိုက်သော ဟင်း၊ အမေကြိုက်သော ရွာအစား အစာလေးတွေကို မပြတ်တမ်း ချက်ပြုတ် ကြော်လှော်ပေးသည်။ အထူးသဖြင့် မမညို၏ တစ်ဦးတည်းသောမောင်၊ အမေ့တူ မောင်ဘဝင်း က သူ့အဒေါ်ရောက်တာနှင့် အပြေးရောက်လာပြီး အမေသိချင်တာ အမေသွားချင်တာ အမေခိုင်းတာ သွက်လက်ချက်ချာစွာ လုပ်ကိုင်ပေးတော့၏။
ကျွန်တော်ကတော့ တစ်ဦးတည်းသော ကိုယ့်ဝမ်းကွဲ အစ်ကိုမို့ ကိုမောင်ဝင်းဟုပဲ ခေါ်သည်။ ကျွန်တော်တို့ ရွာမှာရှိနေသမျှ ကိုမောင်ဝင်း က မခွာတမ်း လိုက်ပါသည်။ ရွာထုံးစံအတိုင်း ရောက်သည်နှင့် တောင်ကျောင်း၊ ကျောင်းမ က ဆရာတော်တွေ ဦးချ၊ ထို့နောက် မြောက်ကျောင်းကြီးသွားကာ ဆရာတော်ကို ဦးချ၊ မဖြစ်မနေသွားရမည့် အမျိုးတွေအိမ် မကျန်ရအောင် သွားဖို့က ကိုမောင်ဝင်းပဲ ဦးဆောင်သည်။ အမျိုးတွေက ဖိတ်ပြီး ကျွေးသည့် ထမင်းပွဲ လက်ဖက်ရည်ပွဲတွေလည်း မဆင်ပြေအောင် စီစဉ်သည်။
ရွာမှာ မဖြစ်မနေ သွားကြရမည့် အိမ်များရှိသည်။ ဒါကိုလည်း မကျန်ရအောင် လိုက်ပို့သည်။ မမဖွားပိုက် နှင့် သမီး မမပေါကြွယ်တို့ မမပေါမယ်တို့ အိမ်၊ အပျိုကြီး မမဖွားသိန်း အိမ်၊ ဒေါ်ကြီးဒေါ်လုံးတင်နှင့် သမီး မမစန်းမြင့် အိမ်၊ မြောက်ရပ်က ဦးကြီးဦးဘလှိုင်နှင့် ဒေါ်ကြီးဒေါ်အုန်းတင် အိမ်၊ ကြီးဒေါ်တင်နှင့် ကိုကျော်ရင့် အိမ်၊ ဒေါ်စောထင် သမီး မမတင်ရွှေ အိမ်၊ ကိုအောင်မောင်း အိမ်၊ မမတင်မြင့်တို့ မမစောမေတို့ အိမ်၊ ဦးလေး ဦးဘသန်း အိမ်၊ ကိုကိုထွန်းအေး မမအိတို့ အိမ်၊ မမလှဒေါင်းတို့ အိမ် စသည်ဖြင့် ထောင့်စေ့အောင် ကိုမောင်ဝင်းက လိုက်ပို့သည်။
အမေ့အမေ အမေကြီး ဒေါ်နှင်းသ ကွယ်လွန်တော့ အမေပဲ ရွာပြန်သည်။ ကျွန်တော်က ၄တန်းဖြေရမှာမို့ မလိုက်နိုင်၊ မမခင်ဝင်းကလည်း ပန်တျာကျောင်း တက်နေလို့ မလိုက်နိုင်။ အဘကလည်း ကျွန်တော်တို့ ရှိနေလို့ ကျန်ရစ်သည်။ အဲ့ဒီအခေါက်ကလည်း ရွာမှာ ကိုမောင်ဝင်းကပဲ အမေ့ကို လည်လည်ချယ်ချယ် ကူပေးသတဲ့။ နောက်တော့ အရည်အချင်းရှိပြီး လည်လည်ချယ်ချယ်ရှိသော ကိုမောင်ဝင်းက ယောက်ဖအစ်ကို ဦးလှဘော်နှင့် အစ်မကြီးဒေါ်ခင်ရီတို့ထံ ပန်းထိမ်ပညာ ရွှေပညာသင်ဖို့ မုံရွာသို့ ရောက်လာတော့သည်။
ရုတ်တရက် ရွာအပြန်
————————-
ရွာသို့ အဘတို့ အမေတို့နှင့် ပြန်ရာတွင် တစ်ခေါက်နှင့် တစ်ခေါက် မထူးခြားလှသော်လည်း အမေနှင့် ကျွန်တော် ၂ယောက်တည်း ပြန်ရသည့် ရွာပြန်ခရီးကိုတော့ ယခုတိုင် အမှတ်ရနေဆဲ ဖြစ်ပါ၏။ ထိုနေ့က ကျွန်တော်ကျောင်းက ပြန်အလာ အိမ်မှာ လူကြီးတွေ မျက်နှာမကောင်းကြတာ သတိထားမိသည်။ ကျွန်တော်လည်း ဘာမှ မမေးရဲဘဲ လွယ်အိတ်လေးချိတ်ကာ အမေ့ဘေး ဝင်ထိုင်သည်။ အမေက ကျွန်တော့်ခေါင်းကို ပွတ်ပြီး မနက်ကျ ကျောင်းကို ခွင့်တိုင်လိုက်နော်၊ အမေနဲ့ ပေါက်ဆိန်ပေါက် သွားရမှာ၊ ညလည်းစောစောအိပ် ဟု ပြောသည်။
အဲ့ဒီညက အမေလည်း အထုပ်အပိုးပြင်ကာ အလုပ်ရှုပ်နေပြီး ကျွန်တော်လည်း စောစော အိပ်သည်။ မနက် ၄နာရီ နှိုးစက် တတင်တင် အသံနှင့် အိပ်ရာနိုးပြီး ဝါးတန်းဦးကျော် ဝင်းရှေ့က ရန်အောင်မန်း ၅နာရီကားနှင့် မုံရွာသွားသည်။ မနက် ၁၀နာရီလောက် မုံရွာရောက်သည်နှင့် မနားတော့ဘဲ ကျောက်ကာလမ်းထိပ် ဘုတလင်ဂိတ်ကာ ဦးသိန်းကားနှင့် ခရီးဆက်သည်။
မနေ့က အမေ့မောင်၊ ဘကြီးဘုန်းကြီးကျောင်းထိုင်သော ပေါက်ဆိန်ပေါက်ရွာက လူကြုံရောက်လာတာတဲ့။ ဘကြီး ဘုန်းကြီး နေထိုင်မကောင်းဖြစ်လို့တဲ့။ ထို့ကြောင့် အမေက ခြောက်နှစ်ကျော် ခုနစ်နှစ်အရွယ် ကျွန်တော်တို့ကို လက်ဆွဲကာ ရန်အောင်မန်းကားဖြင့် မုံရွာပြန်သည်။ မုံရွာကတဆင့် ဘုတလင် ဦးသိန်း ကားစီးကာ ကန်သစ်ရွာထိပ်က ဇရပ်မှာ ဆင်းကြသည်။ ဇရပ်မှာ လှည်းကြို စောင့်ခိုင်းထားသတဲ့…။ အမေက ဘကြီးဘုန်းကြီးကို သူ့အထက်က အကြီးပေမင့် မောင်ကြီး ဟုခေါ်သည်။ ဘုန်းကြီးက ငယ်ဖြူဖြစ်ပြီး ဦးတိလောက ဟု ဘွဲ့တော်မည်ကာ ပေါက်ဆိန်ပေါက် ရွာကျောင်း၏ ကျောင်းထိုင် ဆရာတော်ဖြစ်သည်။

ကံသစ် ဇရပ်မှာ
——————
ဇရပ်မှာ ကျွန်တော်တို့ကားလာမှာကို လည်တဆန့်ဆန့် မျှော်နေကြသည်။ လှည်း တစ်စီးက ချွတ်ထားရာမှ ကားလာတာ မြင်တော့ အဆင်သင့် လှည်း က ကာ ကားအဆင်းထိ လာကြိုသည်။ အခြား လှည်းတစ်စီးက ဇရပ်ဘေးအကာ၏ နောက်ကွယ်မှာ ချွတ်ထားသည်။ ဦးသိန်း ကားပေါ်က အမေက ကျွန်တော့်လက်ဆွဲ၊ ခေါင်းပေါ်မှာ ဖြစ်သလို ထုပ်ပိုးထားသော အဝတ်ထုပ်ကို ရွက်ကာ တိုးဝှေ့ဆင်းပြီး လာကြိုသော သူ့အမျိုးများဆီ“မောင်ကြီး ဘုန်းကြီးက နေကောင်းပြီလား၊ ဆွမ်းဘုဉ်းပေးနေပြီလား၊ မန်္တလေးက မောင်ကြီး ဘုန်းကြီး အတွက် မလိုင် ပေါက်စီလေးလည်း ဝယ်လာတယ်။ ဟဲ့ ဘာငေးကြည့်နေကြတာလဲ.။ မောင်ကြီးဘုန်းကြီး ဆွမ်းဘုဉ်းပေးလို့ ကောင်းပြီ မဟုတ်လား…” စသည်ဖြင့် တတွတ်တွတ်မေးသည်။ လာကြိုသူများက မသိမသာ ခေါင်းညိတ်ပြီးအမေနှင့် ကျွန်တော်ကို လှည်းပေါ် အမြန်တင်၍ အခြားစကားများ တတွတ်တွတ်ပြောကာ ကန်သာရွာထိပ် ဇရပ်မှ နာရီဝက်သာသာ မောင်းရမည့် ပေါက်ဆိန်ပေါက်ရွာဆီ ခရီးနှင်သည်။ ကျွန်တော်က ကားလမ်းနဘေး ဇရပ်အကာ၏ အကွယ်မှာ ချွတ်ထားသော လှည်းတစ်စီးပေါ်က မြင်ကွင်းကို မျက်စိထဲ ဖျောက်မရ ဖြစ်ကာ ရင်တထိတ်ထိတ် ခုန်နေသည်။ အမေ့ကိုလည်း မမေးရဲ…။
ဤသို့ဖြင့် ပေါက်ဆိန်ပေါက်ကျောင်းထဲ ရောက်တော့ ကျောင်းဝန်းထဲ လှုပ်လှုပ်ရွရွ ဖြစ်နေသော လူတွေကိုမြင်တော့ အမေက လှည်းမောင်းသော သူ့မောင်ဝမ်းကွဲ၏ ပခုံးကို ဆွဲလှုပ်လိုက်၊ နောက်ကျောကို တအုံးအုံး ထုလိုက်နှင့်“အမလေး… ငါ့မောင်ကြီး ဘုန်းကြီး မရှိတော့ဘူးမဟုတ်လား၊ ပျံတော်မူပြီ မဟုတ်လား။ နင်တို့ပြောတော့ ရိုးရိုးနေမကောင်းတာဆို…။ မန်္တလေးမှာ ငါ့မောင်ဘုန်းကြီးအတွက် မလိုင်ပေါက်စီ ဝယ်လာကတည်းက ကျိတ်ငြိမ်နေကြ တာ။ မပြောကြဘူး၊ ငါ့ကိုညာကြတာ…။ အမလေး မောင်ကြီးရဲ့ထကြည့်ပါဦးတော့…။ ကျေးဇူးရှင်ကြီးရဲ့ အရင် တစ်ခေါက်ကလို “ချောရင်လာပြီလားလို့”နှုတ်ဆက်ပါဦးတော့။ ငါထင်တယ်။ ကားလမ်းဘေး ကန်သစ်ဇရပ် ဘေးမှာ ကျွန်းအခေါင်းကြီး တင်ထားတဲ့ လှည်းကို မြင်ကတည်းက စိတ်ထဲ ထင့်နေတာ…” ဟု ပြောကာငိုကာနှင့် ကျောင်း၏ အုတ်လှေကားကြီးခြေရင်း ရောက်သည်နှင့် လှည်းပေါ်က ခုန်ချပြီး၊ ကျောင်းပေါ်သို့ မပဋာပမာ ငိုကြီးချက်မ တက်ပြေးသည့် မြင်ကွင်းကို မေ့မရ။ ဟုတ်သည်…၊ ကန်သာဇရပ်ဘေးမှာကွယ်ပြီး ချွတ်ထားသောလှည်းပေါ်မှာ ပေါလစ်ရောင် တပြောင်ပြောင်နှင့် ကျွန်းခေါင်းကြီးကို ကျွန်တော် မြင်လိုက်ရတာလည်း မှတ်မိသည်။
ကျွန်တော်ကဖြင့် ဒီခရီးကတည်းက အမေ ဝမ်းနည်းပက်လက် ငိုကြွေးမှာ ကြောက်သွားသည်။ ထို့အတူ နာရေးကြောင့် ဝမ်းနည်းပက်လက် ငိုကြွေးကြတာတွေလည်း မမြင်ရဲတော့။

Related posts

Leave a Comment

VOM News

FREE
VIEW