အောင်သံမြေမိုး

ဆူးငှက်
မန္တလေးမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် ပထမဆုံးလွတ်လပ်ရေးနေ့ ခမ်းခမ်းနားနားကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင် ခဲ့ကြတယ်။ မန္တလေးမြို့က စာရေးဆရာများ အနုပညာရှင်များကလည်း လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားအတွက် ဓားတန်းရပ်က မြို့မအသင်းတိုက်မှာ စုဝေးပြီး ကြိုတင်ပြင်ဆင်ကြတယ်။ ဒီ့နောက် မန္တလေးမြို့က ဂီတစာဆိုကြီး (၈)ဦးတို့က တစ်ယောက်တစ်ပိုဒ်စီ ပူးပေါင်းပြီး “လွတ်လပ်တဲ့ မြန်မာပြည်” ဆိုတဲ့ သီချင်းကို စုပေါင်းရေးစပ်ခဲ့ကြတယ်။ ဒီပညာရှင်(၈)ဦးက ဆရာထာ၊ ဆရာခင်၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဂီတာ ဘသိန်း၊ ဆရာညှာ၊ ဆရာရိုက်၊ ဆရာလှိုင်တို့ဖြစ်ကြတယ်။ ဒီသီချင်းရဲ့ တေးသွားသံစဉ်နှင့် ဂီတသင်္ကေတနုတ်(စ်)တွေကို မြို့မငြိမ်းက ရေးပေးပြီး မြို့မတူရိယာအဖွဲ့ တီးမှုတ်ခဲ့တယ်။
လွတ်လပ်ရေး အကြိုည(၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့ည)မှာပဲ မန္တလေးလက်ဆည်ကန်ရပ် ၀င်းလိုက်ရုပ်ရှင်ရုံရှေ့မှာ မြို့မအဖွဲ့က မြို့လူထုကို “အောင်သံမြေမိုး” အစချီ “လွတ်လပ်တဲ့ မြန်မာပြည်” သီချင်းကို စတင်သီဆို တီးမှုတ်ဖျော်ဖြေတယ်။ ကမ္ဘာ့သင်္ကေတနည်းပညာ(music note) ကို သင်တန်းပို့ချ တတ်မြောက်ထားကြ သူများမို့ တူရိယာတီးမှုတ်သူတိုင်းရဲ့ ရှေ့မှာ သင်္ကေတစာရွက်တွေ ချထားပြီး လွယ်လင့်တကူ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သွားနိုင်ခဲ့တယ်။ အဲဒီိနေ့ညက သီချင်းသီဆိုသူက မြို့မအဆိုတော် ကိုသိန်းတန်ဖြစ်သတဲ့။ တီးမှုတ်ကြတဲ့ မြို့မအဖွဲ့သားတွေက တယော ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်) ကိုဘသင်၊ ဘင်ဂျိုကော့(တ) ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်း ဦးသောင်း၊ ဂီတာ ကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက် ကိုဘကျင်၊ ဂျက်(ဇ်) ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်တယ်။ ၊ ကလယ်ရီနက်မှာ ညာသံဆိုလို(solo)ကို တောင်မြို့ ဦးကိုလေးက မှုတ်ပြီး ကိုတင်အေးတို့က ဘယ်သံစက္ကင်း(second) မှုတ်ကြရတယ်ဆိုတယ်။ ထို့ကြောင့် “အောင်သံမြေမိုး၊ သီချင်းမှာ ဆရာမြို့မငြိမ်းဦးဆောင်ပြီး သံစုံ၀ိုင်းဖွဲ့ ဆင်ဖိုနီပုံစံအဆင့်မီ တီးမှုတ်ခဲ့ကြခြင်းဖြစ်တယ်။
ဇန်နဝါရီလ (၄)ရက်နေ့ ပထမဆုံး လွတ်လပ်ရေးအောင်ပွဲအခမ်းအနားကို မန္တလေးမြို့နန်းတွင်းက (ယခုကျောက်တိုင်ကွင်း နေရာ) ကွင်းပြင်ကြီး မှာ ကျင်းပခဲ့တယ်။ အောင်ပွဲအခမ်းအနားကြီးမှာ မြို့မတူရိယာအသင်းက “အောင်သံမြေမိုး” သီချင်းနဲ့ ခမ်းခမ်းနားနား တီးမှုတ်ဖွင့်လှစ်ခဲ့တယ်။ ဒီိနေ့တွင်တော့ တီးမှုတ်သူ အသင်းသားများ ဝိုင်းအပြည့်အစုံအလင် ပါ၀င်လာသည်။ မနေ့ညက အလင်းသားများအပြင် စန္ဒရားကိုတူ၊ တယောကိုအောင်ကြီး၊ ကိုဘသိန်းလေး(သခင်)၊ ကိုစံဒွန်း၊ ထရမ်ဘုံး ကိုတင်ကြီး၊ ဖလု ကိုဖူးဝှမ်း၊ စပင်းနစ်ဂီတာ မောင်မောင်ကြီးတို့လည်း အားဖြည့်ပါ၀င်လာကြတယ်။
ဒီသီချင်းက ခေတ်အဆက်ဆက် တိမ်မြုပ်နေခဲ့လို့ 2020ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ မန္တလေးအမျိုးသားဇာတ်ရုံမှာ ဆူးငှက်က ဇာတ်ညွှန်းဒါရိုက်တာအဖြစ် ကျင်းပတဲ့ ကပွဲအစီအစဉ်တခုမှာ ပြန်လည် ဖော်ထုတ်ခဲ့ပါတယ်။
အောင်သံမြေမိုး
————————
ဆရာထာ – အောင်သံမြေမိုး ၊ ဝေဖြိုးခြိမ့်ခြိမ့်ညံ ၊ ကိုယ်ပိုင်ရတာ
ဆရာခင် – တိုင်းမြန်မာ ကမ္ဘာလုံး ၊ ဥဒါန်းကြွေးလူရေးသာ ၊ တိုင်းပြည်တော်သစ် တည်ဆောက်ဖြစ်မြောက်လာ ၊ ပျော်ရွှင်ချမ်းသာ ၊ စိုးပိုင်လာ ၊ အောင်သောနေ့ကြီးပါ ၊ ခိုင်မြဲစွာ၊
မြို့မငြိမ်း – လွတ်လပ်သော တိုင်းကြီးသား ၊ ဒို့ဂုဏ်မောက်လို့ကြွား ၊ မြင့်မြတ်သော စိတ်ဓာတ်ထား ၊ ရဲရင့်ကြစေသား ၊ တိုင်းရင်းသားတို့ ညီညွတ်သိမှတ်ကာ ၊ ပြည်ထောင်စုထဲမှာ လူဖြစ်ရသောငါ ၊ မာန်၀င့်ကာ ၊
နန်းတော်ရှေ့ဆရာတင် – ကမ္ဘာကြီးပေါ်မှာ ၊ လူမျိုးတိုင်းက ကောင်းချီးသြဘာ ၊ လွတ်လပ်တဲ့ မျိုးမြတ် မဟာသမတပါ ၊ ဒို့ပြည်ထောင်စုမှာ ၊ အောင်ဆုဖြာ ၊ သော်တာပေါ်လာ ၊ မြူးလို့သာ လွတ်လပ်တဲ့ဗမာ ၊
ဂီတာဘသိန်း – ရဲသွေးနဲ့ ရင့်အပြာ ၊ ကြယ်စုပေါင်းကာ ၊ မားမား၀င့်၀င့် အလံတော်ကြီးပါ ၊ ကျက်သရေဖြာ လွှင့်ထူကာ ၊ အလေးပြုကာ ၊ ထွန်းကားတိုးတက် အခြေတည်လို့လာ ၊ ဒို့ပြည်ထောင်စုမှာ အောင်ဆုဖြာ ၊
ဆရာညှာ – ဗမာတိုင်းရင်းသားတို့ ညီအစ်ကိုများမှာ ၊ ဖိနှိပ်ချုပ်ခြယ်ခြင်း လွတ်ကင်းခဲ့ကြတာ ၊ ဒို့လိုတာ ပြည့်စုံလာတာ ၊ စိတ်ချမ်းသာအခါ ၊ စိုင်းပြင်းကြလို့ ဒီအချိန်ရောက်လာ ၊ လေးစားခဲ့ကြတာ ၊ ညီညွတ်လို့ ၀မ်းသာ ၊ ဒို့တာ၀န် ဒို့ကျေပြွန်အောင် ဆောင်ရွက်လာ ၊
ဆရာရိုက် – အားတိုက်အင်တိုက် အစဉ်တစိုက် ပခုံးချင်းယှဉ်ကာသာ ၊ ခင်မင်ပေါင်းသင်း ၊ တိုင်းရင်းသားတို့ စီးပွားရေး ကြီးပွားရေးထူထောင် ၊ အောင်ကြောင်းသာ ၊
ဆရာလှိုင် – တိုင်းသစ်ပြည်သစ် ဒီခေတ်နည်းလမ်း ၊ ရှာဖွေကာ ပညာတိုးတက် ၊ စက်မှုလက်မှု (ကြိုးစားကြ)၂ ၊ ကမ္ဘာမှာ ထင်ရှားစရာ ၊ ပြည်ထောင်စု လူထုချစ်ကြည်စွာ ၊ စိတ်၀မ်းမကွဲဘဲ ၊ တည်မြဲကြပေတာ ၊ အဲဒါကြောင့် ဒို့ဗမာပြည်ကြီးမှာ လွတ်လပ်ခြင်းဟာ အဓွန့်ရှည်ကြာ ၊ ဝပြောသာ ၊
ကမ္ဘာကြီးပေါ်မှာ ၊ လူမျိုးတိုင်းက ကောင်းချီးသြဘာ ၊ လွတ်လပ်တဲ့ မျိုးမြတ် မဟာသမတပါ ၊ ဒို့ပြည်ထောင်စုမှာ ၊အောင်ဆုဖြာ ၊ သော်တာပေါ်လာ ၊ မြူးလို့သာ လွတ်လပ်တဲ့ဗမာ ၊ ရဲသွေးနဲ့ ရင့်အပြာ ၊ ကြယ်စုပေါင်းကာ ၊ မားမား၀င့်၀င့် အလံတော်ကြီးပါ ၊ ကျက်သရေဖြာ လွှင့်ထူကာ ၊ အလေးပြုကာ ၊ ထွန်းကားတိုးတက် အခြေတည်လို့လာ ၊ ဒို့ပြည်ထောင်စုမှာ အောင်ဆုဖြာ ။
ပြန်လည်ဖော်ထုတ်ခြင်း
———————————–
ဂီတမှူး – ဦးရွှန်းမြိုင်၊ ဦးရဲထွေး
သီဆိုသူ – ဇော်မျိုးထက်၊ အေးစိုးထိုက်
တီးဝိုင်း – စန္ဒရား အောင်လွင်ဦးနှင့် အဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW