ဂရင်းလန်း အရေးကြောင့် ဥရောပမဟာမိတ်တွေအပေါ် အခွန်တိုးမြှင့်ကောက်မှု ဒေါ်နယ်ထရန့် ရုပ်သိမ်း

ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၆
ရတီ(VOM)
အမေရိကန်ပြည်ထောင်စုဟာ ဂရင်းလန်းကျွန်းကိုဝယ်ယူမယ့် အစီအစဉ်ကို ဆန်ကျင်တဲ့ ဥရောပမဟာမိတ်တွေအပေါ် အခွန်ကောက်ခံမယ့် အစီအစဉ်များကို ရုပ်သိမ်းလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
နေတိုးနဲ့ ဆွေးနွေးပြီးနောက် အခုလိုထုတ်ပြန်လာတာဖြစ်ပြီး ဂရင်းလန်းနဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ သဘောတူညီချက်တခုကို ရှာဖွေနေတယ်လို့ ထရန့်က ပြောပါတယ်။ ထရန့်ဟာ နေတိုးအကြီးအကဲ မာ့ခရူတီနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒါဟာအလွန်အကျိုးရှိတဲ့ တွေ့ဆုံမှုလို့ ဆိုပါတယ်။
တွေ့ဆုံမှုဟာ ဂရင်းလန်းနဲ့ အာတိတ်ဒေသဆိုင်ရာ အလားအလာရှိတဲ့ သဘောတူညီချက် မူဘောင်ကို ဦးတည်စေခဲ့တယ်လို့ ထရန့်က ပြောပါတယ် ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။
နေတိုးကလည်း အစည်းအဝေးကို အလွန်အကျိုးရှိတဲ့ အစည်းအဝေးအဖြစ် ဖော်ပြခဲ့ပြီး ထရန့်ပြောခဲ့တဲ့ မူဘောင်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ အာတိတ်ဒေသလုံခြုံရေးကို သေချာစေဖို့အဓိကထားမယ်လို့ ဆိုပါတယ်။ ဂရင်းလန်းကို စစ်ရေးအင်အား အသုံးမပြုဘဲ ရယူရေးအတွက် ဒါးဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်လိုကြောင်း ထရန့်က အစောပိုင်းမှာ ပြောပါတယ်။
“ဂရင်းလန်းနဲ့ အာတိတ်ဒေသတခုလုံးနဲ့ ပတ်သက်ပြီး အနာဂတ်သဘောတူညီချက်ရဲ့ မူဘောင်ကို ကျွန်တော်တို့ ဆွေးနွေးနေပြီး ဒီဖြေရှင်းချက်က ပြီးမြောက်သွားရင် အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အရမ်းကောင်းတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်လာမှာပါ။” လို့ ထရန့်က ဆိုပါတယ်။
ဖြစ်နိုင်ချေရှိသော သဘောတူညီချက်ဟာ အမြဲတည်တံ့နိုင်ပြီး သတ္တုပိုင်ဆိုင်မှုအပါအဝင် စီစဉ်ထားတဲ့ Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ဖို့တွေလည်း ပါဝင်နိုင်ပါတယ်။ ဂရင်းလန်းကျွန်းဟာ ပထဝီအနေထားအရ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိပြီး အရေးပါတဲ့ သတ္တုသိုက်တွေလည်း တည်ရှိနေပါတယ်။
Ref:BBC
Photo: The Financial Express

Related posts

Leave a Comment

VOM News

FREE
VIEW