ရေရေရာရာ အဖြေရှာ
—————————–
ည ၆နာရီ ထိုးလုပြီ။ ကျွန်တော်က ဘယ်သူများ လာခေါ်မလဲဆိုကာ လည် တဆန့်ဆန့် ဖြစ်နေပြီ။ ဘယ်သူမှ လာမခေါ်လို့ ထစ်ယောက်ထဲလည်း မသွားရဲ။ လာခေါ်လည်း အခု ၇နာရီ မထိုးခင်လောက်လာမှ ဖြစ်သည်။ ဆောင်းတွင်းဆိုတော့ ၆နာရီဆို အတော်မှောင်နေပြီ။ အေးစလည်း ပြုနေပြီ။ ထားထားက အိမ်ရှေ့ ထွက်မထိုင်ဘဲ အိမ်ထဲဝင်သွားရင် အဆင်မပြေချင်။ ထို့ပြင် ဒီရက်ပိုင်း စာရေးသည့်နေ့က သန်းခေါင်တိုင်သွားသည်ကို အကြောင်းပြုပြီး နောက်ရက်တွေလည်း စာကြည့်စာပွဲ ထိုင်မှ ယုတ္တိရှိမည်။ ဒါကြောင့် ညဈေးတန်းထိမသွားတော့ဘဲ ထားထားတို့ အိမ်ရှေ့ဖြတ် အခြအနေ အကဲခတ်ပြီး မမဝင်းရီတို့ အရှေ့အိမ်လောက် သွားကာ အိမ်ပြန် စာပွဲထိုင်မှ ဖြစ်မည်။
ကဲ မျှော်တုန်းမျှော်ဆဲပါပဲ။ ကိုမောင်ဒွေး ရောက်လာတော့ ကျွန်တော်လည်း မဆိုင်းတော့ဘဲ သူနှင့် အပြင်ထွက်ကြ တော့သည်။ ဝင်းပေါက်ရောက်တော့ ကိုမောင်ဒွေးက မနက်က အအေးပတ်ချင်သလိုလို ဖြစ်လို့ ဆေးခန်း သွားရအောင်တဲ့။ ဟန်ကျလိုက်လေ။ ဆေးခန်းက ထားထားတို့ အိမ်နှင့် ၂အိမ်သုံးအိမ်လောက်ပဲ ခြားသည်။ ဒီအချိန်ဆို ဘာပဲပြောပြော ဆေးခန်းက လူနာကျချိန်မို့ နာရီဝက်လောက် စောင့်ရမျာပေါ့။ အံကျပဲလေ။ ဆေးခန်းရှေ့က ခုံမှာ စောင့်ရင်း ထားထားတို့ အိမ်ဘက် ငေးလို့ ရတာပေါ့။ ဒီလိုနှင့် ၂ယောက်သား ထွက်လာကြသည်။ အိမ်ရှေ့မှာတော့ ထားထားရော သူအစ်မရော ထိုင်နေကြသည်။ ဟော ဗျာ၊ မမခင်စိန်ပါ ရောက်နေတာကိုး။ ထားထားက အိမ်ရှေ့ သမံတလင်းမှာ ကလေးတစ်ယောက် နှင့် ကြက်တောင်ရိုက်လို့။ ထားထားဟာလေ အပျိုကြီး ဖားဖားဖြစ်နေတာကို ကလေးလို ဆော့နေလိုက်တာက ချစ်စရာ ကောင်းလိုက်တာ။ ကြက်တောင်ကို ခုန်ခုန်ရိုက်လိုက်တိုင်း အိုမီဂါ ဆံပင်လေးက ဖွားကနဲ ဖွားခနဲ။
ကျွန်တော်တို့ သူ့နားရောက်တော့ ကြက်တောင်က ကျလို့ လှည့်အကောက် မြင်သွားသည်။ ကျွန်တော်က ဘယ်လိုလဲဟူသော အမူအရာ လှမ်းပြသည်။ ထိုအမူအရာကို ကြက်တောင် ကောက်ရင်း သူမြင်သားပဲ။ ဒါပေမယ့် သူ့ဆီက ဘာတုန့်ပြန်မှုမှ မရှိ။ ပုံမှန်အတိုင်း ကြက်တောင် ဆက်ရိုက်နေသည်။ နောက်တစ်ခါ ကြက်တောင်လေးက ကျွန်တော့် ခြေထောက်နားကျသည်။ သူက မကောင်သေး။ ကျွန်တော့် ခြေထောက်ဘေးမို့ ကျွန်တော် ကျော်အသွားကို စောင့်နေပုံပဲလေ။ ထိုစဉ် သူ့အစ်မဘေးမှာ ထိုင်နေသော မမခင်စိန်က ကိုမောင်ဒွေးကို ဘယ်လဲလို့ နှုတ်ဆက်မေး မေးသည်။ ကိုမောင်ဒွေးက “သြော်.. နင်က ဒီရောက်နေတာကိုး၊ ဒီဆရာတင်သန်းမြင့် ဆေးခန်းကို ပါဟာ။ မနက်က ညသိပ်ရေ ချိုးလိုက်မိတော့ နှာမွှန်ချင်သလိုလို အအေးမိချင်သလိုလိုမို့ ဆေးခန်းပြမလို့ပါ” ဟု ပြန်ပြောသည်။ မမခင်စိန်က “နင်ကလည်း ရေချိုးပြီးပြီးချင်း ကိုဒါနင်လေး သောက်လိုက်ရောပေါ့၊ မနက်ပိုင်းက အေးသေးတာကို နင်က ရေချိုးတာကိုး” ဟု ပြောသည်။ “ ငါကလည်းဟာ၊ အလုပ်ဆိုင်က အီဗရာဟင် လာခေါ်တော့ ရေအမြန်ချိုးပြီး လိုက်သွားတာ၊ အင်္ကျီကလည်း ပါးတာ သတိမထားလိုက်မိဘူး” ဟု ပြန်လှန်ပြောနေကြသည်။
ကျွန်တော်က ခြေထောက်နားက ကြက်တောင်လေး ကောက်ပြီး လက်တစ်ကမ်းအကွာမှာ စောင့်နေသော ထားထားဆီ လှမ်းပေးရင်း သူ့ကို ဒုတိယအကြိမ်မြောက် မျက်နှာအမူအရာဖြင့် ပြန်မေးသည်။ သူက ဘာခံစားမှုမှ မရှိသလို ပုံမှန်အတိုင်း ရယ်မောကာ ကြက်တောင်ကို လှမ်းယူပြီး အရှေ့နား နည်းနည်းတိုး၍ ကလေးနှင့် ဆက်ကစားနေသည်။ ထားထားကို အဲ့လောက် အနီးကပ် တစ်ခါမှ မမြင်ဖူး။ မျက်နှာလေးက ထင်တာထက် ပိုနုသည်။ မျက်ခုံးလေးက ထင်တာထက် ပိုနက်မှောင် သွယ်လျသည်။ မျက်တောင်လေးတွေက ထင်တာထက်ပို ကော့ပျဲကာ မျက်ဝန်းကလည်း ထင်တာထက် ပို လဲ့သည်။ နှာတံလေးကစင်း နှုတ်ခမ်းလေးကဖူး၊ လှုပ်လှုပ်ရှားရှား ကစားထားလို့ အစွန်းအထင်းမရှိ ပြေပြစ်သော နဖူးလေးမှာ ချွေးလေးစို့နေတာ မြင်လိုက်ရရုံမက လက်လေးလှမ်း ကြက်တောင်လေး ယူတော့ မောဟိုက်သည့် အသက်ရှုသံလေးပင် ကြားလိုက်ရသလို နီးကပ်သွားတော့ ကျွန်တော်လည်း မျက်လုံတွေ ပြာဝေ အရာရာကို မေ့လို့လေ။ ဟူး ခက်တာက သူ့မျက်နှာမှာ ဘာအရိပ်အရောင်မှ မတွေ့ရ။ ဟိုတစ်နေ့ညက ကျွန်တော့် စာကို သူကောက်ယူလိုက်တာ ကျွန်တော် ကိုယ်တိုင် မြင်လိုက်ရတာပဲလေ။ ဒါဖြင့် မဖတ်ရသေးလို့ လား၊ ဒါလည်း မဖြစ်နိုင်၊ နှစ်ည နှစ်ရက် အချိန်ရနေတာကို။
ဆေးခန်းရောက်တော့ လူနာရှင်းလို့ ကိုမောင်ဒွေး ဆရာဝန့် အခန်း ချက်ချင်းဝင်ရသည်။ ကျွန်တော်က ဆေးခန်းရှေ့က ခုံရှည်လေးမှာ ထိုင်စောင့်ရင်း နောက်ဘက်ကို ပြန်စောင်းငဲ့ကြည့်သည်။ ထားထားတို့ ညီအစ်မ အိမ်ထဲ ပြန်ဝင်သွားကြပုံ ပါပဲ။ အိမ်ရှေ့မှာ မရှိတော့။ မမခင်စိန်လည်း ပြန်သွားပြီထင်ရဲ့။ အိမ်ရှေ့မှာ မမြင်တော့။ အိမ်ရောက်တဲ့ အထိ စာကြည့်စာပွဲမှာ ထိုင်သာနေရသည်။ ကျွန်တော့ မျက်လုံးထဲမှာ ထားထားမျက်နှာလေး၊ ကြက်တောင်ကို ခုန်၍ ခုန်၍ ရိုက်တော့ အိခနဲ အိခနဲ ဖွာသွားတဲ့ ဆံပင်လေး။ ပြိးတော့ နဖူးပေါက ချွေးပွင့်လေးနှင့် နှလုံခုန်အသက်ရှူသံလေး။ ဒါတွေပဲ မြင်နေကြားနေသည်။ ဒါပေမယ့် ဘယ်လိုမှ ဖတ်လို့ မရသည့် အဖြေမဲ့ သူ့မျက်နှာက သက်ပြင်း အကြိမ်ကြိမ် ချရလောက်အောင် အသိရခက်လှပါဘိ။ ဒီလိုနှင့် ရှည်လျားသည့် ဆောင်းည ကို ဖြတ်သန်းခဲ့ရပေါ့။
တစ်ည လား၊ မဟုတ်၊ နောက်ရက်တွေ အထိ ဘာအဖြေမှ မသိ၊ ဘာတုံ့ပြန်မှုမှ မရှိ။ သူ့အိမ်ရှေ့ ဖြတ်တိုင်းလည်း တွေ့ပါရဲ့။ အခါတိုင်းလို ဖျပ်ခနဲ အကြည့်၊ ခပ်ငေးငေးအကြည့်၊ ကျွန်တော့်ဆီက ဘယ်လိုလဲဟူသော မေးခွန်းဖြစ်သည့် အမူအရာကသာ ပိုမို သိသာလာသည်။ သူက တုတ်တုတ်မှ မလှုပ်၊ ပုံမှန်၊ နေမြဲ၊ သက်သာ၊ ဘာမှ မတုန့်ပြန်၊ အို.. ခက်လှချည့် ထားထားရေ။
သည်လိုနှင့် လျှောက်ပြန် သံပေး၊ ချောင်းကြည့် ပြုံးပြန်၊ ကြာရင် တစ်ရပ်လုံးသိရချည့်။ ကဲပါလေ၊ သူ့မျက်နှာလေး မြင်နေရရင်ကို ကျေနပ်လှပေါ့။ သူ့မျက်နှာ သူ့အမူအရာလေးက ရင်ထဲမှာ သိမ်းထားရလွန်းလို့ အလွတ်ရကာ ဘယ်အချိန် ပြန်လှန် စဉ်းစားစေ ပကတိပမာ ပုံရိပ်ထင်ကာ ကြည်နူးခံစားနေရသည်။
လုပ်သားဆိုင် အပြောင်းအလဲ
————————————
သည်လိုနှင့် သည်နှစ်တွေ အတွင်း အရာရာ ပြောင်းလဲပေါ့။ စနေလို ကျွန်တော်တို့ အားသည့် ရက်တိုင်း သွားလည်ကာ လက်ဖက်ရည်သောက်နေကျ ပုလိုင်းရပ်ထဲက လုပ်သားဆိုင်ကလည်း အဖွဲ့အစည်းပုံစံ ပြောင်းသွားသည်။ ခေတ်၏ အနေအထားအရ ၁၉၇၂ခုနှစ်မှာပဲ သမဝါယမအသင်းအဖြစ် တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်းလိုက်သည်။ ထို့နောက် အသင်းနေရာကိုလည်း ပိုမိုကျယ်ဝန်းသော (ထိုအချိန်က အနောက်တောင်မြို့နယ်) သီရိမာလာအရှေ့ အကွက်(၁၉၆)၊ ဦးပိုင်အမှတ် ၂၅နဲ့ ၂၆မှာရှိသည့် ဂိုဒေါင်အဆောက်အဦးကြီးသို့ ပြောင်းရွှေ့ခဲ့သည်။
ထိုနေရာက အငှားဖြစ်ပါ၏။ ထိုနေရာရောက်တော့ လုပ်ငန်းကို ပိုမိုချဲ့ထွင် လာနိုင်ခဲ့ကြသည်။ ယခင်က ရှူးဖိနပ်သာ ထုတ်လုပ်ခဲ့ရာမှ ယခုအခါ ရှူးဖိနပ်အမျိုးမျိုး၊ ယောကျ်ားစီး၊ မိန်းမစီး ဖိနပ်အမျိုးမျိုးပါ ထုတ်လုပ်နိုင်ခဲ့သည်။ ဈေး ကွက်အနေအထားအရ ထိုစဉ်က စတင် ဖွင့်လှစ်သော ရန်ကုန်၊ မန်္တလေး၊ တောင်ကြီး ကုန်တိုက်ကြီးတွေသာမက ဧရာဝတီတိုင်း၊ ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်အထိ ဈေးကွက် ကျယ်ပြန့်ခဲ့သည်။ ထို့ပြင် ပစ်္စည်းမှန်တယ်၊ ဈေးနှုန်း သက်သာတယ်။ တွက်ခြေကိုက်တယ်ဆိုသော “စံ”ဖြင့် ကြီးမားသည့် ဈေးကွက်ကြီးကို ရရှိပြီး၊ နေ့ဆိုင်းညဆိုင်းများဖြင့် ထုတ်လုပ်နေ ရသည်။
သို့သော် မူလ စတင် အခြေတည်ခဲ့ကြသည့် ရဲဘော်ရဲဖက် အလုပ်သမားများ သဘောထားကွဲမှုတော့ ဖြစ်သွား၏။ ထိုစဉ်က ပြဋ္ဌာန်းသည့် သမဝါယမ ဥပဒေအတိုင်း သမဝါယမအသင်းအဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသည့် အစုအဖွဲ့နှင့် သမဝါယမပုံစံ မပြောင်းလဲဘဲ လက်ရှိအတိုင်း လုပ်သားပိုင် အဖြစ်သာ ဆက်လက် လုပ်ကိုင်လိုသည့် အစုအဖွဲ့ ဖြစ်သည်။ သို့သော် ထုံစံအတိုင်း အစိုးရက လိုလားသည့် သမဝါယမအသွင်း ပြောင်းလဲလိုသည့် အစုအဖွဲ့၏ သဘောထားက အတည် ဖြစ်သွားသောအခါ မပြောင်းလဲလိုသည့် အဖွဲ့က အသင်းမှ နှုတ်ထွက်မှုများဖြစ်ခဲ့သည်။
ထို့ကြောင့် မူလကစတင်ခဲ့သည့် အချို့အလုပ်သမားကြီးများ အသင်းက နှုတ်ထွက်ကာ သမဝါယမအသွင် အသင်းသား အသစ်တွေ ထပ်မံ ရောက်ရှိလာသည်။ နှုတ်ထွက်သည့် အသင်းသားတွေထဲမှာပင် ကျွန်တော်တို့ ဆွေမျိုးသားချင်းများလည်း ပါသည်။ ထို့ကြောင့် ဆွေမျိုးထဲမှာပင် အသင်း၌ ဆက်လက်ပါဝင်သူနှင့် အသင်းက နှုတ်ထွက်သူ ဟူ၍ ၂စုကွဲသွားပြန်သည်။ နှုတ်ထွက်သူများကလည်း သူတို့ ထည့်ဝင်ထားသည့် အစုငွေများအပြင် အသင်း၏ အစုပေါ် အမြတ်ငွေများပါ ရလိုမှုဖြင့် သက်ဆိုင်ရာကတဆင့် တောင်းခံမှုများ ဖြစ်ကာ သဘောထား တင်းမာမှုများပင် ဖြစ်ခဲ့သည်။
ထို့ကြောင့် အသင်းက နှုတ်ထွက်သူများက ထည့်ဝင်ထားသော အစုငွေနှင့် အချိုးကျ အစုပေါ် အမြတ်များ ရရှိကြသည်။ ထိုငွေကြေးက ထိုခေတ် ထိုအခါက ရာဂဏန်းမို့ မများပါ။ သို့သော် လုပ်ငန်း အသစ်တွေတော့ ဖြစ်သွားကြတာပေါ့။ ထုံးစံအတိုင်း ကုန်ကူးကြ အရောင်းအဝယ်လုပ်ကြပေါ့။ အရင်းအနှီးကြီးကြီး တောင့်တောင့်တင်းတင်း လုပ်ရသည့် အရောင်းအဝယ်သမား မဟုတ်တော့ ခဏနှင့် အရင်းပြုတ်ကာ လက်လုပ်လက်စား ကြုံရာကျပန်းပဲ လုပ်စားကြရ၏။
ပ.ပ.က မှသည် သမဝါယမသို့
———————————-
အရပ်ထဲမှာလည်း ဦးထင်လှ ဒေါ်ရင်၏ ပ.ပ.က ကုန်စုံဆိုင်မှ ရပ်ကွက် သမဈါယမ အသင်းဖြစ်သွားသည်။ နေရာက အိမ်တော်ရာ အရှေ့ပေါက် သင်္ကန်းတန်းမှာ ဖြစ်သည်။ ရပ်ကွက်သမဝါယမ အသင်းမှာလည်း ကော်မီတီလူကြီးများက ကိုယ့်ဆွေ ကိုယ့်မျိုးများလည်း ပါလာသည်။ ဒီလိုပါလာတော့ ဆန်ကောင်း ရောက်ချိန် လက်နှိပ် ဓာတ်မီးဓာတ်ခဲရောက်ချိန် ငန်ကျွက်ကျွက်အရသာ စက်ရုံထုတ် သင်းသွားတိုက်ဆေး ရောက်ချိန် ရွှေဝါဆပ်ပြာတောင့် ရောက်ချိန် ကြိုသိရပြီး သူများထက် ကြိုကာ ပစ္စည်းထုတ်နိုင်တာပေါ့။ မဲနှိုက်ရမည် ဆိုလျှင်လည်း အကောင်းစား မဲမပေါက်သော်မှ ဗလာမကျသည့် မဲတော့ ရတတ်ပါသည်။ ထိုစဉ်မှာပဲ အိမ်က မမခင်လှက ကိုသိန်းမောင်၏ အရောင်းအဝယ် အဆင်မပြေခိုက် သမဝါယမနှင့် ပတ်သက်သော ခေတ်ပေါ်လုပ်ငန်း ပြောင်းလဲလုပ်ကိုင်ပါသည်။ ထိုအလုပ်က သမဝါယမ ကုန်ဝယ်စာအုပ်ကို အပေါင်ခံခြင်း ဖြစ်သည်။
ထိုစဉ်က အိမ်ထောင်စု တစ်စုလျှင် အိမ်ထောင်ဦးစီးနာမည်နှင့် သမဝါယမ ကုန်ဝယ်စာအုပ်တစ်အုပ်ရသည်။ ထိုစာအုပ်နှင့်ပဲ လစဉ်ရသည့် ဆန်ခွဲတမ်း ဆီခွဲတမ်း ရေနံဆီခွဲတမ်း ထုတ်ရသည်။ ထို့ပြင် ရှားရှားပါးပါးရောက်လာသည့် ဆပ်ပြာလို သွားတိုက်ဆေးလို ထုတ်ခွင့် ရသည်။ ထိုစာအုပ်ကို တစ်လလျှင် ငွေကျပ်၉၀ ဖြင့် ပေါင်ကြသည်။ ထိုအခါ စာအုပ်ပိုင်ရှင်က ငွေကျပ် ၉၀ ယူပြိးစာအုပ်ကို အပေါင်ခံသူထံ အပ်လိုက်ရ၏။ အပေါင်ခံသူက ထိုစာအုပ်ဖြင့် ရသည့် ခွဲတမ်းပစ္စည်းများကို ထုတ်ယူကာ အမြတ်ဖြင့် ဈေးသို့ ပြန်သွင်းသည်။ ထိုအခါ အပေါင်ခံသူက တစ်လလျှင် ငွေကျပ် ၉၀ ထက် ပိုရပါက ထိုငွေသည် သူ့ အမြတ်အစွန်းဖြစ်သည်။ မမခင်လှက ရှိသည့် အရင်းအနှီးလေးနှင့် ထိုအလုပ်ကို လုပ်ပါ၏။ အဆင်ပြေချင်တော့ အိမ်တော်ရာ သင်္ကန်းတန်းက သမဝါယမဆိုင်က ကျွန်တော်တို့ ဝင်း အရှေ့ဘက်က ငံပြာရည်ဝင်းထဲ သို့ ပြောင်းလာ ပါတော့သည်။
ငံပြာရည်ဝင်းဆိုတာ
—————————–
ငံပြာရည်ဝင်းဆိုသည်က မန္တလေး၏ နာမည်ကျော် သူဌေးဖြစ်သည့် ရေချိုဦးအေးမောင်နှင့် ဒေါ်လှမေတို့က ပိုင်ဆိုင်သည်။ သူတို့က ထီးထိုင်ဈေးအရှေ့ဘက်ကပ်လျက် ဝင်းနှင့်တိုက်ကြီးမှာ နေထိုင်ကြပြီး အလွန် သဘောကောင်း သည်။ သူတို့ဝင်းထဲက ကျုံးရေကန်ကို အမြဲဖွင့်ထားပြီး ဈေးသူဈေးသားတွေ ကြိုက်သလောက် သုံးနိုင်သည်။ ထို့ပြင် သူ့ဝင်းထဲမှာလည်း ညအိပ်ညနေ ဈေးသည်တွေ အမြဲရှိသည်။ ချက်ပြုတ်နေထိုင်ကြကာ သူတို့ မိသားစု၏ ဝေယျာဝစ္စတွေကိုလည်း သစ္စာရှိရှိ လုပ်ကိုင်ပေးကြသည်။ ရေချိုဦးအေးမောင်ဟု အမည်တွင်သည်က သူ့အရောင်းအဝယ် လုပ်ငန်းသည် ရေချိုထွက် စားသောက်ကုန် ပစ္စည်းများဖြစ်သည်။ ငံပြာရည်ဝင်းထဲက ဂိုဒေါင်ကြီးတွေက သူ့ကုန်ပစ္စည်းများ ဖြစ်သော ငါးပိ ငါးခြောက် ငံပြာရည်များသိုလှောင်ခဲ့သည်။ သိုလှောင်ခဲ့သည်ဟု ပြောရခြင်းက ၁၉၆၄ခုနှစ်တွင် ထိုဂိုဒေါင်ကြီးများကို အစိုးရက ပြည်သူပိုင် သိမ်းထားလို့ဖြစ်ပါသည်။ ထို့ကြောင့် သီရိဟေမာအရှေ့ ရပ်ကွက် အခြေခ စားသုံးသူ သမဝါယမ အသင်းဆိုင် ကို ငံပြာရည်ဝင်းထဲက ဂိုဒေါင်ကြီးထဲ ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း ဖြစ်ပါ၏။
ငံပြာရည်ဝင်းအကြောင်း ပြောတော့ ကွန်တော့ထားထားကို မိတ်ဆွေလည်း သတိပြန်ရပြီပေါ့။ သည်တော့ ဘယ်လိုလဲ ကိုယ့်လူ အခြေအနေ ဟု မေးချင်ပေလိမ့်မည်။ ဟုတ်ကဲ့ ကျွန်တော်ကလည်း ပြောချင်နေပါပြီ။ တစ်ရက်မှာပဲ မမခင်စိန်က ပြာယာပြာယာနှင့် သူ့အဖေ ဦးပု ကွမ်းယာဆိုင်က အပြန် ဝင်းထိပ်မှာ ကျွန်တော်နှင့် တွေ့တော့ “ ကျော်ဆန်း နင့်မြင်မှ သတိရတယ်၊ ထားထားက ငါ့ကို စာရွက်လေးတဏ်ရွက်ပေးထားတာ နင့်ကို ပေးလိုက်ပါတဲ့။ ငါလည်း လွယ်အိတ်ထဲ ထည့်ထားတာ မေ့နေတာ” တဲ့။ ကိုင်းဗျာ ကျွန်တော် မမခင်စိန်နောက် လိုက်ကာ ပြန်လှည့် ယူချင်လိုက် တာ၊ ဒါပေမယ့် အရေးမကြီးဟန်ဆောင်ပြီး ဣန္ဒြေဆယ်လိုက်ရတာ။
ဆူးငှက်
