ဆူးငှက်
UBAA မှသည် ဗထူးကွင်း သို့
————————————-
မန်္တလေးကို ၁၈၈၅ ခု နိုဝင်ဘာလတွင် အင်္ဂလိပ်က သိမ်းယူပြီးနောက် ၁၈၈၅ ခုဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကော်မရှင်နာမင်းကြီး မရူတာအားနဒ်က မြို့ပြအုပ်ချုပ်ရေးလက်သို့ လွှဲပြောင်းယူပြီး ဒဗြူတီကော်မရှင်နာ လက်အောက်တွင် ထားလိုက်သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အထက်မြန်မာပြည်သည် ဗြိတိသျှပိုင် နိုင်ငံ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဘုရင်ခံချုပ်က ကြေညာသည်။ ၁၈၈၇ ခုနှစ်တွင် မန်္တလေးမြူနီစီပယ်ကို ဖွဲ့ကာ မြို့ပြကိစ်္စများ ဆောင်ရွက်သည်။
ထိုစဉ် ထိုကာလ ၁၈၉၀ ဝန်းကျင်တွင် မန်္တလေးနန်းမြို့ကြီး၏ တောင်ခြမ်း ကျွန်းလုံးယူ တံခါးနှင့် ကျော်မိုးတံခါးကြား ပြအိုးမှ တောင်ဘက် ၃ ပြအလွန်ရှိ ပတ်ကုန်းဝန်းကျင် ရပ်ကွက်ကြီးအတွင်း တစ်ပြပတ်လည် ကွက်လပ်ကြီးနေရာကို သွပ်များကာရံပြီး ခြံခတ်လိုက်သည်။ ထိုခြံတွင်းတွင် မန်္တလေး၌ နေသားကျနေပြီ ဖြစ်သော အင်္ဂလိပ်စစ်တပ်များမှ စစ်သားများက ဘောလုံးကန်ကြသည်။ ပတ်ကုန်း ဝန်းကျင်ရှိ ကွက်လပ်ကြီးအား သွပ်ပြားများ ကာရံပြီး ဘောလုံးကစားကြသည့် ကွင်းကို ထိုစဉ်က UBAA (Upper Burma Athletics Association) ကွင်း အထက်မြန်မာနိုင်ငံ အားကစားကွင်းဟု ခေါ်တွင်ခဲ့သည်။ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက် ရောက်သောအခါ ယူဘီအေအေကွင်းကို ဗထူး အားကစားပြိုင်ကွင်းဟု အမည်ပြောင်းလဲခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော ဗိုလ်မှူးကြီးဗထူးကိုဂုဏ်ပြု မှည့်ခေါ်ထားသော အမည်ဖြစ်သည်။
ဗထူးကွင်းဆိုတာ မန္တလေး၏ (တစ်ချိန်က) တစ်ခုတည်းသော ဘောလုံးကွင်းကြီးပေါ့။ လမ်း၃ဝx၇၁ လမ်းထောင့်မှာရှိသည်။ မန္တလေး၏ ပထမတန်း ဘောလုံးအသင်းများ ယှဉ်ပြိုင်ဆင်နွှဲရာ ကွင်းကြီး ဖြစ်ပါသည်။ ကစားသည့် ကွင်းအနေအထားမှာ မြက်ခင်းကအစ ကောင်းမွန်ပါ၏။ သို့သော် ပွဲကြည့်စင်များကဖြင့် အဆင့်မမီ ဖြစ်ကတတ်ဆန်း နိုင်လှသည်။ အနောက်ဘက်ခြမ်းတွင် အုတ်ခုံနှင့်အမိုးနှင့် အထူးတန်းပွဲကြည့်စင် ရှိသည်။ ဒါကလည်း အထူးတန်း ပွဲကြည့်စင်များက ခေတ်မီ ပုံစံတူမဟုတ် အဆင်ပြေသလို တည်ဆောက်ထားလို့ မညီမညာ။ ကျန်ပွဲကြည့်စင်များက သစ်သား ပွဲကြည့်စင်များပဲ ဖြစ်ပါသည်။ ဒီပုံစံအတိုင်း နှစ်ပေါင်းကြာရှည်။ ၁၉၇ဝ ပတ်ဝန်းကျင်လောက်ကမှ သစ်သားစင် အဟောင်းများကို ဖျက်သိမ်းကာ အသစ်ပြန်လည် တည်ဆောက်ခဲ့၏။ ဒါကလည်း သစ်သားစင်တွေပါပဲ။
ဘာပဲပြောပြော မန္တလေးမှာက ဗထူးကွင်းကပဲ အဆင့်အမြင့်ဆုံး ဖြစ်နေပါသည်။ မလွန်ကွင်းကလည်း ပွဲကြည့်စင်လေး ကချော်ကချွတ်နှင့် ဒုတိယတန်း ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ရာ ဘူမိနက်သန်ဖြစ်ခဲ့ပါ၏။ ကျန်ဘောလုံးကွင်းများဖြစ်သော ဆရာစံကွင်း၊ သခင်ဖိုးလှကြီးကွင်း၊ ကျွဲစွန်းကွင်း၊ ဧရာဝတီကွင်း၊စိန့်ပီတာကွင်း၊ သံတဲကွင်း၊ ၄၅ တာကွင်းများကလည်း လေ့ကျင့်ရေးကွင်းများ သာသာ။ အခုတော့ မလွန်ကွင်းက ရေလှောင်ကန်ကြီး ဖြစ်သွားပြီ။ ဆရာစံကွင်းကဈေး။ ကျွဲစွန်းကွင်း၊ ဧရာဝတီကွင်းများလည်း မရှိတော့။
ကျွန်တော်တို့က ဗထူးကွင်းတွင် ဘောလုံးပွဲ ကြည့်သည့်အခါတိုင်း မြောက်ဘက်အတန်း၊ ကျွန်တော်တို့အခေါ် ”မတ်တန်း” ကပဲ အမြဲကြည့်ပါသည်။ သည်တုန်းက မြောက်ဘက်တန်း ဝင်ကြေးက လူတစ်ယောက် တစ်မတ်ပဲ ပေးရတဲ့ဥစ္စာ။ မတ်တန်း အလယ်ကောင် မြောက်ဘက်ဂိုး နောက်တည့်တည့် သစ်သားစင်ပေါ်တက်ကာ အပေါ်ဆုံးတန်းအောက် သုံးဆင့်မြောက်မှာပဲ တစုတဝေး ထိုင်ကြ၏။ ကျွန်တော့်ဦးလေးများ အစ်ကိုများ အပါအဝင် လူစုက ထိုနေရာမှာပဲ အမြဲထိုင်သည်။ ထိုအချိန်က အသက် ၅ဝ ကျော်အရွယ် ဦးကြီးချိုက ဂိုးတိုင်နောက် တည့်တည့် သံဆန်ခါအနား ကပ်ကာ အုတ်ခဲလေးခုထိုင်ပြီး အမြဲကြည့်သည်။
ဘောလုံးကွင်းထဲ ရောက်ပြီး မကြာမီ အထူးတန်းဘက် ချိတ်ဆွဲထားသော အသံချဲ့စက်မှ သီချင်းများဖွင့်၏။ သဲသဲကွဲကွဲ သိပ်မကြားရ။ သီချင်းတွေဖွင့်နေစဉ် မကြားရတာ ပြဿနာမရှိလှ။ ဘောလုံးပွဲစဉ်များနှင့် ပတ်သက်၍ ကြေညာသံများကို အသံချဲ့စက်မှ မကြားရတစ်ချက် ကြားရတစ်ချက်ဖြစ်သောအခါ ကျွန်တော်တို့ မတ်တန်းပရိသတ်က ဆူညံ အော်ဟစ်ကြတော့သည်။ အထူးတန်းဘက် အသံချဲ့စက်မှ သီချင်းတစ်ပုဒ်ဖွင့်ပြီးသောအခါ နှစ်ဖက်အသင်း ဘောလုံးသမားများ သွေးပူလေ့ကျင့်ခန်းလုပ်ကြဖို့ ကွင်းထဲသို့ ယူနီဖောင်း ကိုယ်စီနှင့် တန်းစီကာ ဝင်လာကြသည်။ ကွင်းထဲတွင်လည်း လေးဖက်လေးတန် ဘောလုံးပွဲကြည့်ပရိသတ် ပြည့်နေပြီဖြစ်၏။
ထိုအချိန်တွင် အထူးတန်း (ပရိသတ်အခေါ် မင်းဘားတန်း) အပေါ်ဆုံးထပ်မှ ဆီးညိုရောင်ရှပ်အင်္ကျီကို ကြယ်သီးအဖြူများနှင့် မီးပူကျ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဘောင်းဘီရှည် အဖြူစွတ်စွတ်နှင့် ပေါလစ်ရောင်တောက် ရှူးဖိနပ်များကို စမတ်ကျကျ ဝတ်ဆင်ထားသော အရပ်အမောင်းကောင်းကောင်း လူငယ်ခုနစ်ဦးက သားရေသေတ္တာ ပုံးများလွယ်ပြီး အောင်မြင်သော အသံဖြင့် ”သမ္မာအာဇီဝ လာပါပြီခင်ဗျ။ အောင်ဇော်ဝင်း ဗီတာမင် မြေပဲဆားလှော်” ဟု ပြိုင်တူ အော်လိုက်ကြသည်။ ထို့နောက် ခုနစ်ဦးအနက် အလယ်ကောင်မှ ပုဂ္ဂိုလ်တစ်ဦးက ချန်ရစ်ပြီး တစ်ဖက်တစ်ချက်မှ သုံးဦးစီက တောင်ဖက်နှင့် မြောက်ဖက်ဆီ ညီညာစွာထွက်ခွာသွားကြပြီး တဖြည်းဖြည်း တစ်ကွင်းလုံး ပတ်လာတော့၏။
သူတို့က ပရိသတ်အကြား မြေပဲဆားလှော်ထုပ်များကို ရောင်းကြခြင်းဖြစ်ပါသည်။ စက္ကူကတော့လေးနှင့် ကျစ်နေအောင်ထုပ်ထားသော မြေပဲဆားလှော်က တစ်ထုပ် ၁၅ ပြား ဖြစ်ပါသည်။(နောက်တော့ ၃၅ ပြား၊ တစ်ကျပ်ဖိုး သုံးထုပ် ဖြစ်သွား၏။ ထိုအခါ မတ်တန်းဝင်ကြေးကလည်း ၁ကျပ် ဖြစ်သွားပါပြီ။)အောင်ဇော်ဝင်း မြေပဲဆားလှော်က တခြားမြေပဲဆားလှော်များနှင့်မတူ ထူးခြားသော အနံ့အရသာရှိသည်။
ဗထူးကွင်းရောက်လို့မှ အောင်ဇော်ဝင်း မြေပဲဆားလှော် တစ်ထုပ်မစားလိုက်ရလျှင် ဘောလုံးပွဲ ကြည့်ရတာပင် အရသာမရှိသလို။ အထူးတန်းတွင် ကျန်ရစ်ခဲ့သော ပုဂ္ဂိုလ်က အောင်ဇော်ဝင်း ဗီတာမင် မြေပဲ ဆားလှော်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သလို ပိုင်ရှင်လည်းဖြစ်သည်ဟု သိရသည်။ ကိုယ်ထည် ကျစ်ကျစ်တောင့်တောင့် မေးရိုးကားကား၊ ဆံပင်တိုတိုနှင့် လေ့ကျင့်သား ကျနေသော နောက်တန်းလူ ဘောလုံးသမား တစ်ယောက်နှင့် တူလှသည်။သူ့နာမည် ဘယ်သူဘယ်ဝါ ဆိုတာမသိ။ သို့သော် ဗထူးကွင်း ပရိသတ် ကတော့” အောင်ဇော်ဝင်း” လို့ပဲခေါ် ကြသည်။
သမ္မာအာဇီဝ တဲ့
———————-
”အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်”သည် ဗထူးကွင်းမှာသာမဟုတ်။ ထိုအချိန်က မန္တလေး မန်းရာပြည့်ကွင်းကြီးတွင် ရှားရှားပါးပါး ကျင်းပလေ့ရှိသော ပြည်ထောင်စုပွဲကြီး ၊ ဘုန်းကြီးပျံပွဲကြီးတိုင်း အဝင်မုခ်ဦးကြီးနှင့် တည့်တည့် ပွဲခင်း အဝင်ဝတွင် မြေပဲဆားလှော် သားရေပုံး လေးငါးဆယ်ခန့်ကို ပိရမစ်ပုံ အဆင့်ဆင့် သပ်ရပ်စွာ ထပ်ထားပြီး ဘေး တစ်ဖက် တစ်ချက်တွင် သူ့မူပိုင်ဖြစ်သော ဘောင်းဘီဖြူ အင်္ကျီညို၊ ရှူးဖိနပ် ဆင်တူများနှင့် လူငယ်များက သတိ အနေအထားဖြင့် အစီအရီရပ်နေကြပြီး ”သမ္မာအာဇီဝ လာပါပြီခင်ဗျ။အောင်ဇော်ဝင်း ဗီတာမင် မြေပဲဆားလှော်”ဟု ညီညာစွာ သံပြိုင် အော်လေ့ ရှိသည်။ ပွဲခင်းထဲတွင်လည်း ရောင်းချသူ လေးငါးဆယ်ဦးက အလှည့်ကျ ဝင်ထွက်သွားလာ ရောင်းချကြ ပါသည်။
ထိုစဉ်အခါ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်သည် မန္တလေး၏ အမှတ်တရ၊ မန္တလေး၏ အမှတ်အသား တစ်ခုအဖြစ် မန္တလေးသားတွေ စွဲမှတ်နေပါတော့သည်။ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်သည် ဗထူးကွင်းတွင် မည်သည့်နှစ် မည်သည့်အချိန်အခါက စတင်ခဲ့သည်ကိုမူ ကျွန်တော်မမှတ်မိ၊ မသိရှိသော်လည်း နှစ်ရှည်လများ ရောင်းချခဲ့သော ဗထူးကွင်းမှာ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော် မမြင်ရတော့သော ကာလကိုတော့ ကျွန်တော်မှတ်မိသည်။
ဗထူးကွင်းအတွင်း တစ်ကွင်းလုံးအတွက်ဈေးရောင်းချမှုကို လေလံစံနစ်ဖြင့် ဆွဲယူစေခြင်းပုံစံ စတင် လိုက်သော အခါ အဖွဲ့အစည်းတစ်ခုက ထိုလေလံကို ရရှိသွားပြီးနောက် ဗထူးကွင်းမှ အောင်ဇော်ဝင်း ပျောက်သွား ပါတော့သည်။ ထို့နောက် မန္တလေးမှာ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်ကို မတွေ့ရတော့။ အညို၊ အဖြူဝတ်စုံဖြင့် သားရေပုံး လွယ်ကာ မြေပဲဆားလှော် ရောင်းချခဲ့ကြသူ အချို့လည်း ဗထူးကွင်းမှာ တံခွန်၊ သက်လုံစသည့် အားကစားစာစောင် ရောင်းချသူများ အဖြစ် အသွင်ပြောင်း မြင်လိုက်ရပါသည်။
အောင်ဇော်ဝင်း ဗီတာမင် မြေပဲဆားလှော်၏ ပိုင်ရှင်မှာ (ဦး)သိန်းမောင် တဲ့။ သူက မြောက်ပြင် ထားဝယ်ရပ်မှာ နေသည်။ သူ့သား နံမည်က အောင်ဇော်ဝင်း ဖြစ်သည်။ ထို့ကြောင့် “သိန်းမောင် အောင်ဇော်ဝင်း” ဟူသော ပိုင်ရှင်နာမည်ကို ကက်ကင်းယူကာ သူ့မြေပဲဆားလှော် တံဆိပ်ကို “သမ္မာအာဇီဝ” ဟု အမည်ပေး သုံးစွဲခဲ့သည်။ “သမ္မာအာဇီဝ လာပါပြီခင်ဗျ” ဟု မန္တလေးပရိသတ် အားပေးခဲ့သော ဗီတာမင် မြေပံဆားလှော်သည် ထိုခေတ် ထိုအချိန်က မန္တလေး၏ အမှတ်အသားလည်း ဖြစ်ခဲ့ပါ၏။
ဗထူးကွင်းက မတ်တန်းဒဿန
————————————
ကျွန်တော်တို့ ထုံးစံအတိုင်း အစ်ကိုများဦးလေးများနဲ့နှင့် ဗထူးကွင်းမှာ ‘မတ်တန်း’ လို့ခေါ်တဲ့ မြောက်ဘက်တန်း ဂိုးနောက်တည့်တည့် သစ်သားစင်ကြီးပေါ်က ကြည့်ကြသည့် တစ်နှစ်တွင် ရတနာပုံဒိုင်း ဗိုလ်လုပွဲ၌ နန်းတွင်းလူငယ်နှင့် စာတိုက်ကြေးနန်း တွေ့ပါရောလား။ စာတိုက်ကြေးနန်းက မြောက်ဘက်ဂိုးစည်းက နေရာယူသည်။ ဖိုင်နယ်ဆိုတော့ ပွဲကြီးပွဲကောင်း ကွင်းလုံးပြည့်ပါပဲ။ ပရိသတ်က စာတိုက်ကြေးနန်းကို အားပေးတာ ပိုများသည်။ ခြေရည်တူမို့ ပွဲပြီးခါးနီးအထိ တစ်ဖက်တစ်ဂိုးစီ သရေဖြစ် နေ၏။ ထို့ကြောင့် ပွဲက ပြီးခါနီးလေ ကြည့်ကောင်းလေပါပဲ။ သေချာသည်။ ယခုအချိန် ဂိုးစသွင်းနိုင်သူက နိုင်ပါပြီ။ ပြန်ချေဖို့အတွက် လုံလောကသည့် အချိန်က အတော်နည်းနေပြီကိုး။
ဒီတင် စာတိုက်ကြေးနန်းက အလယ်တန်းလူ တင်ပို့လိုက်သည့် ဘောလုံးကို စာတိုက်ကြေးနန်း၏ နာမည်ကျော် ရှေ့တန်းအလယ်လူ ‘အရွတ်ကူးမား’က ရသွား၏။ သူ့ကို ပရိသတ်က ‘အရှုတ်’ လို့ပဲ ခေါ်ကြတာ။ သူ့ဆီ ဘောလုံးရရင် ၇၅ရာခိုင်နှုန်းဂိုးရဖို့ သေချာပါပြီ။ ပြောရင်းဆိုရင်းပဲ သူ့ဘေးမှာ ကပ်နေသော နန်းတွင်းလူငယ်က နောက်တန်းလူကို ဘော်ဒီလေး လှည့်ပြီး ဘောလုံးကို ယူကာ ဂိုးရှေ့ဆွဲပြေးသည်။ ပရိသတ်က လက်ခုပ်သံရော လေချွန်သံရော ဆူညံအောင် အားပေးကြတာ သေချာပြီ။ ဂိုးရပြီ။
ဒါပေမယ့် အနောက်ဘက် ‘မင်ဘားတန်း’ ရှေ့က လိုင်းစမင်းက အလံထောင် ထား၏။ လူကျွံဘောပေါ့။ ဒီတင် ကျွန်တော်တို့ မတ်တန်းက ပရိသတ်က ထဆူကြပါလေရော။ လိုင်းစမင်းရော၊ လက်ဖရီရော ရစရာမရှိဘူး၊ အော်ကြ၊ ဟစ်ကြ အဲအဲ ထုံးစံအတိုင်း ဆဲကြတာပေါ့။ တောင်ဘက်တန်းနှင့် တောင်ဘက် မင်ဘာတန်း အရှေ့ဘက်တန်း၊ အနောက်ဘက်တန်းက တောင်ဘက်ပရိသတ်ကတော့ ငြိမ်နေကြသည်။ သူတို့ထံက “ဟာ..” ဟူသော အားမလို အားမရ အာမေဋိတ်သံလောက်ပဲ ထွက်လာသည်။
ကျွန်တော်တို့ မြောက်ဘက်’မတ်တန်း’ကတော့ ဘာပြောကောင်းမလဲ။ လက်ထဲရှိသည့် ပြောင်းဖူးရိုးနှင့် လှမ်းပစ်သူပစ်၊ အော်သူအော်ပေါ့။ လူကျွံဘော မဟုတ်ဘဲ လူကျွံဘော ပေးရပါ့မလား။ လိုင်းစမင်းက ပင်းတယ်။ ဘက်လိုက်တယ်။ ဒိုင်လူကြီးက မတိကျဘူး စသည်ဖြင့်ပေါ့။ ဒီတင် ”အရှုတ် ဆွဲပြေးတာက တောင်ဘက် ဂိုးစည်းထိပ်မှာကွ။ ဒို့နဲ့ဆို အတော်လှမ်းတယ်။ ပြီးတော့ နောက်ကျောက မြင်ရတာ။
ဒီတော့ အရှုတ်(မဲန်းနော့)ဖြစ်၊ မဖြစ်မဆိုတာ တောင်ဘက်တန်းက ပရိသတ်နဲ့ အရှေ့ဘက်တန်း၊ အနောက်ဘက်တန်းရဲ့ တောင်ဘက်ခြမ်း ပရိသတ်က ပိုသိနိုင်တယ်။ သူတို့ မျက်စိရှေ့မှာကိုးကွ။ အခု လိုင်းစမင်းက မဲန်းနော့ရိုက်လိုက်တာကို အဲဒီပရိသတ်တွေ ငြိမ်နေပုံထောက်ရင် လိုင်းစမင်း အဆုံးအဖြတ်က မှန်နေလို့ပဲကွ။ အဝေးကြီးမှာရှိပြီး သေသေချာချာ မမြင်ရတဲ့ မတ်တန်းပရိသတ် ကိုယ်ဖြစ်ချင်တာ မဖြစ်ရတိုင်း တစ်ဖက်သတ် ကောက်ချက်မချသင့် ဘူး” ဟု ကျွန်တော့် အစ်ကို တစ်ယောက်က ပြောပါသည်။
ထိုစကားက စာလေးပေလေး စတင်ဖတ်စပြုနေသော ကျွန်တော့်ကို စဉ်းစားတွေးတောကြည့်စရာ အဖြစ် စတင် သိမှတ်ခဲ့ရသည်။ဟုတ်တယ်။ အစ်ကို ပြောတာ ယထာဘူတ ကျတယ်။ ထိုသို့ စဉ်းစားနေစဉ် အစ်ကိုက စကားတစ်ခွန်း ထပ်ပြောလိုက်ပါသေးသည်။ “ တစ်ခုတော့ရှိတယ်ကွ။ လောကကြီးက သီအိုရီတွေနဲ့လည်း သုံးသပ်လို့ မမှန်သေးဘူး၊ လက်တွေ့ အခြေအနေကိုလည်း အမှန်အတိုင်း သိမြင်မှ သုံးသပ်ချက်က အမှန်ဖြစ်မှာ။
အခု ဒိုင်လူကြီး အဆုံအဖြတ်ကို လက်ခံပြီး ငြိမ်နေကြတဲ့ အနောက်ဘက် မင်းဘားတန်းက ပရိသတ်က နန်းတွင်းလူငယ် ပရိသတ်ဖြစ်နေရင်ကော၊ ပြီးတော့ တောင်ဘက် တစ်ကျပ်တန်းက ပရိသတ်ကလည်း နန်းတွင်းလူငယ် ဘက်က လောင်းထားတာ ဆိုရင်တော့ ဒိုင်လူကြီး အဆုံးအဖြတ်က မှားတာပေါ့ကွာ” တဲ့။ ၉တန်းနှစ်လောက်က ဗထူးကွင်း မတ်တန်းမှာ ဘောလုံးပွဲ ကြည့်ရင်း ပြောခဲ့သည့် အစ်ကိုတစ်ယောက်၏ စကားကို ကျွန်တော် သတိရနေပါသည်။
ဆူးငှက်
