ဆူးငှက်
စာမေးပွဲကြီး နီးတော့
—————————–
အမှတ် ၁ အ.ထ.က တွင် ၉တန်း အတန်းတင် စာမေးပွဲ နီးသော မတ်လဆန်းတွင် ဘာသာအသီးသီး၏ သတ်မှတ်ထားသည့် သင်ခန်းစာများလည်း ပြီးဆုံးပြီမို့ ပြန်လှန်သင်ကြားခြင်းများ စနေပါပြီ။ ထိုအချိန်တွင် ကျောင်းသား အများစုက ကိုယ်ပိုင်စာကြည့်ချိန်ဟူ၍ ကျောင်းမတက်ကြတော့ပေ။ သူတို့မှာ ပြင်ပတွင် ကျူရှင် အသီးသီး ယူထားကြ သူများ ဖြစ်သည်။ ထိုအခါ အတန်းထဲတွင် ကျူရှင်မယူကြသူ ၆ဦး ၇ဦး ခန့်ပဲ ကျန်တော့သည်။ ထိုအထဲတွင် အလယ်တန်း ကတည်းက တွဲခဲ့သော ကျွန်တော်တို့ သူငယ်ချင်းများက ရှေ့ဆုံးကပေါ့။ အိမ်လည်းမနေချင်။ ကျူရှင်လည်း မတက်။ ထိုအခါ ကျောင်းသို့ပဲ ခြေဦးလှည့်ကြသည်။
ကျွန်တော်တို့ ၉တန်းဘီတွင် ကျွှန်တော်တို့ သူငယ်ချင်းများအပြင် (ကို)ဝင်းအောင် ကလည်း ထိုအချိန်ထိ အတန်းမှန်နေသည်။ သူက ကျွန်တော်တို့ထက် အသက်ကြီးသောကြောင့် လူပျိုကြီး ဖားဖား ဖြစ်နေပါပြီ။ ထိုအချိန်တွင် အတန်းထဲ၌ ကျောင်းသား မရှိတော့သောကြောင့် တချို့ဆရာများက အတန်းမဝင်တော့ပါ။ သို့သော် ဆရာတိုင်းလိုလိုက သူတို့ အချိန်ရောက်လျှင် အတန်းရှေ့ မျက်နှာပြပြီး စာနဲ့ပတ်သက်ပြီး ဘာမေးချင်ကြလဲ။ အခု မေးစရာရှိကြလား၊ အကယ်၍ မေးစရာရှိရင် မေးကြပါ။ အခုမရှိတောင် စာကြည့်ရင်း မေးစရာရှိရင် ဆရာများ နားနေခန်းမှာ ရှိနေမယ်နော် ဟု လာပြောကြသည်။
ထိုအတူ ဘိုင်အိုသင်သော ဆရာမကလည်း သူ့အချိန်ရောက်လျှင် စာမေးစရာရှိကြလားဟု အမြဲလာ မေးသည်။ အကယ်၍ မေးစရာမရှိလည်း ဆရာမက အတန်းထဲမှာ အေးဆေးစွာ ထိုင်ကာ ကျောင်းသားများနှင့် စကားပြောစရာရှိလျှင် ပြောသည်။ မရှိလျှင်လည်း စာဖတ်နေတတ်သည်။ ထိုသို့သော ကာလတွင် (ကို)ဝင်းအောင် က ကျွန်တော်တို့ကို ကြိုတင်၍ ဒေါ်ခင်မမ လာလျှင် ဘိုင်အိုက ယုန်မျိုးပွားခြင်း သင်ခန်းစာကို ပြန်လည်ရှင်းပြပေးဖို့ သူပြောမှာမို့ ကျွန်တော်တို့ကလည်း ဟုတ်တယ် ဆရာမ အဲ့ဒီသင်ခန်းစာကို ပြန်ရှင်းပြပေးပါ။ ကျွန်တော်တို့လည်း နားမလည်လို့ပါ ဟု ပြောကြပါ။ မင်းတို့က နားလည်ပြီး ငါတစ်ယောက်ထဲ နားမလည်ဘူးဆိုတာ မဖြစ်အောင်လို့ပါတဲ့။
ထို့ကြောင့် ဆရာမက သူ့အချိန်တွင် အတန်းထဲသို့ ဝင်လာပြီး ကဲ.. စာတွေ ကြည့်ပြီးကြပြီလား၊ တော်တော် ပိုင်နေကြပြီလား၊ ဟု မေးတော့ (ကို)ဝင်းအောင် က ဆရာမ ကျွန်တော်တို့ ယုန်မျိုးပွားခြင်း ပြန်ရှင်းပြပေးပါဦး၊ ကြည့်ရင်း လည်ထွက်နေလို့ပါ ဟု ပြောသည်။ ကျွန်တော်တို့ကလည်း ဟုတ်တယ်ဆရာမ ပြန်ရှင်းပြပါဦးပေါ့။
ယုန်မျိုးပွားခြင်း
———————
ထိုအခါ ဆရာမ က “ကဲ ဒါဆိုရင် မင်းတို့ ၆ယောက် ဒီနားလာခဲ့ကြ၊ စာအုပ်ရော ယူခဲ့ကြ..” ဟု သူထိုင်နေသည့် စာပွဲနားသို့ ခေါ်လိုက်သည်။ (ကို)ဝင်းအောင်က ဆရာမ ထိုင်နေသည့် ထိုင်ခုံနောက်မှာ ရပ်၍ ထိုင်ခုံနောက်မီကို လက်နှင့် ထောက်ကာ ဆရာမရှင်းပြမည့် စာအုပ်ကို အပေါ်က ဆီးကြည့်သည်။ ကျွန်တော်တို့က ဆရာမစာပွဲဘေး ဝိုင်းကာ ရပ်ကြသည်။ ဆရာမက ကဲ ရှေ့တိူးကြ၊ အရေးကြီးတာက ပုံပဲ၊ ပုံကို အလွတ်ရနေအောင် အဆွဲကျင့်ထား ဟုတ်လား၊ အခု ပုံဆွဲလိုက်ပြီနော် ရပြီ၊ ဒါဆိုရင် သေချာနားထောင် ဟု ဆိုကာ ပူံကို ခဲတံနှင့် ထောက်ပြီး မျိုးပွားအင်္ဂါများ၏ တစ်ခုချင်းအလိုက် ပုံသဏ္ဌာန် အသုံးပြုပုံ စသည်တို့ကို သေချာရှင်းပြသည်။ ထို့နောက် အဖိုနှင့် အမ မျိုးစပ်ပုံ၊ ဘယ်သို့ မျိုးအောင်ပုံများကို အသေးစိပ်ရှင်းပြသည်။
ကျွန်တော်တို့လည်း ဆရာမ ရှင်းပြသည်များကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်ကာ စာတွေ ကျက်စရာမလို အလွတ်ရနေသည်။ ဆရာမရှင်းပြသည့် အကြောင်းအရာတွေကို စိတ်ဝင်စားလေ၊ ဆရာမအနား ပိုကပ်ကြလေပေါ့။ (ကို) ဝင်းအောင် ဆရာမနောက်ကျောက ထိုင်ခုံကျောမှီကို လက်ထောက်ရာက တတောင်နှင့် ထောက်ကာ စာကို စိတ်ဝင်စားနေသည်။ နွေအစ မတ်လမို့ ရာသီဥတုက ပူနေပြီ။ ဆရာမက ဘေးမှာချထားသည့် သူကိုင်နေကျ ယပ်တောင်လေးနှင့် ယပ်ခတ်ရင်း ဝင်းအောင် နောက်ဆုတ်ပါဦးဟ၊ လေမဝင်တော့ဘူး ပူလိုက်တာဟု ပြောသည်။ ဟုတ်မှာ ဆရာမ ၏ မက်(စ)ဖက်တာ ပါးပါးပုတ်ထားသော မျက်နှာက နဖူးမှာ ချွေးဥ အုနေပြီ။ ဆရာမ၏ သုံးနေကျ ရေမွှေးနံ့သင်းသင်းလေးက အနားမှာ တရစ်သီသီ။ ဆရာမ စာရှင်းပြနေပုံက မောင်လေးတွေကို ဂရုတစိုက် သင်ကြားပေးနေသော အစ်မကြီးတစ်ယောက်နှင့် တူလှသည်။ အသေးစိပ် စိတ်ရှည် လက်ရှည်။
ကိုင်း.. နောက်ရက် မှာလည်း ဆရာမ လာတော့ (ကို)ဝင်းအောင် က ယုန်မျိုးပွားခြင်းကို ထပ်ရှင်းပြပါဦးတဲ့။ ဆရာမ က အတော်စိတ်ရှည်သည်။ ပုံဆွဲကအစ အပြန်ပြန် အလှန်လှန် ရှင်းပြကာ ကန့်ကူလက်လှည့် သင်သည်။ စာကိုလည်း အသေးစိတ် ထပ်ရှင်း ပြန်၏။ နောက်ရက်တွေလည်း ကိုယ့်လူ(ကို)ဝင်းအောင် က ယုန်မျိုးပွားခြင်းပဲ လုပ်နေတော့ ဆရာမ က ရယ်ရင်းနှင့် တော်ပြီ၊ နင်တို့ ရရဲ့သားနဲ့၊ ငါ့ကို ခဏခဏ ရှင်းခိုင်းနေကြတာ။ အိုက်လွန်းလို့ ကိုယ့်ဖာသာ ကြည့်ကြတော့ဟု ရယ်ရယ်မောမော ပြောတော့သည်။ နောက်ရက်တွေမှာ (ကို)ဝင်းအောင် လည်း ယုန်မျိုးပွားခြင်းကို ပိုင်သွားပုံရသည်။ မမေးတော့။ ဆရာတွေ ဆရာမတွေလည်း တစ်ပတ်သာလိုတော့သည့် စာမေးပွဲကြီးအတွက် ပြင်ဆင်စရာတွေရှိသဖြင့် အတန်းမဝင်ကြတော့။
ကျောင်းလစ်ကြခြင်း
——————–
ထိုစဉ်ကာလမှာပဲ ကျွန်တော်တို့က ကျောင်းသား ဘဝ၏ မလုပ်ဖူးသော အလုပ်ကို ပထမဆုံး စတင် လုပ်ဖြစ်ပါတော့၏။ ယုန်မျိုးပွားခြင်းနှင့်တော့ မဆိုင်ပါ။ ထို မလုပ်ဖူးသော အလုပ်ဆိုသည်မှာ ပထမဆုံး ကျောင်းလစ်ဖူးခြင်း ဖြစ်ပါ၏။ မိတ်ဆွေက မေးပါလိမ့်မည်။ စာမေးပွဲနားနီးချိန် တစ်တန်းလုံးနီးနီး ကျောင်းမတက်ကြတာ ကျောင်းလစ်ဖို့ လိုသေးလား၊ အိမ်ကတည်းက ကျောင်းမလာလို့ ရနေတာလေ ဟူလို။ ဟုတ်ပါသည်။ ထိုအချိန် အိမ်ကတည်းက ကျောင်းမလာချင်နေ၊ သို့မဟုတ် အိမ်က လွယ်အိတ်လေးလွယ်ပြိး ကျောင်းထွက်လာ၊ အမှတ်၄၊ အမှတ်၈၊ အမှတ် ၁၁ ကျောင်းတွေနား ပလက်ဖောင်းပေါ် မိုးတိုးမတ်တတ် ဟိုကြည့်သည့်လုပ်၊ သူတို့ ကျောင်းတက်တော့ ကိုယ်က ကိုယ့်ကျောင်းထဲ မဝင်ဘဲ သွားချင်တဲ့ နေရာသွားလို့ရတာပဲလေ။ ဟုတ်ပါသည်။
သို့သော် ကျွန်တော်တို့က ထိုသို့ အစီအစဉ်မရှိ၊ ကျောင်းသား လိမ္မာလေးများမို့ ကျောင်းသို့ဝင် အတန်းထဲ ထိုင်သည်။ ထိုစဉ်ကျောင်းတက်ခေါင်းလောင်းထိုးပြီး ကျောင်းစောင့် ဦးတင်က သော့တွဲကြီး တျွင်ချွင်ကိုင်ကာ ကျောင်းတံခါးတွေ သော့ခတ်လိုက်ပါပြီ။ ဆရာမကြီးကလည်း သူ့ရုံးခန်းပေါက်က မျက်မှန်ကြီး တဝင်းဝင်းနှင့် စီစီတီဗီ လုပ်နေပါပြီ။ ကိုင်း ထွက်လို့မရတော့။ ကျောင်းအဆင်း စောင့်ရမည်။ သို့သော် အတန်းထဲရောက်မှ ကျောင်းလစ်ဖို့ အကြံရကြသည်။ အရင်ရက်တွေလို ယုန်မျိုးပွားခြင်းလည်း ရှင်းပြတော့မှာ မဟုတ်တော့။ အတန်းထဲမှာ ဒီအတိုင်းကြီး တငုတ်တုတ်တုတ် ထိုင်မနေချင်ကြတော့။
ကဲ.. ဘယ်သွားကြမှာလဲ
————————-
ကျွန်တော်တို့ ရွှေတချောင်းအနောက်ဘက် တောသားလေးတွေက မူလတန်းမှာရော၊ အလယ်တန်းမှာရော တစ်ခါမျှ ကျောင်းမလစ်ဖူးကြ။ မလာချင်လျှင် အိမ်မှာကတည်းက ခေါင်းကိုက် ဗိုက်နာ ကျောအောင့် အကြောင်းပြပြီး ခွင့်တိုင်ကာ ကျောင်းမသွားတာပဲရှိခဲ့သည်။ အခု ကျောင်းလစ်ကြမယ်ဆိုတော့ ကျောင်းတံခါးတွေ ပိတ်ထားတာ ဘယ်လို လစ်မှာလဲ။ ဒီပြဿနာကို (ကို)ဝင်းအောင်က မျက်စိမျတ်ပြပြီး သူကြံပြမယ်တဲ့။ ဒါဖြင့် ကျောင်းလစ်ပြီး ဘယ်သွားကြမှာလဲ ဆိုတော့ (ကို)ဝင်းအောင် က တရုတ်တန်းဈေး သူ့ကောင်မလေးဆီပဲသွားမှာ၊ မင်းတို့လည်း မင်းတို့ဖာသာ သွားချင်ရာ သွားကြတဲ့။ ထို့ကြောင့် (ကို)ဝင်းအောင် က သူ့တာဝန် သူယူသည်။ ကွန်တော်တို့ အတန်းက ကျောင်း၏ အနောက်ဘက်အခြမ်း မြောက်ဘက်က အုတ်တိုက် ၂ထပ်ဆောင် အောက်ထပ်က ဖြစ်သည်။ ၈၁လမ်းဘက်က ဂျီကြင်စိန် ဆေးတိုက်နှင့် မျက်နှာချင်းဆိုင်ပါပဲ။
(ကို)ဝင်းအောင်က ပထမဆုံး အတန်းက အရှေ့ခြမ်းရှိ တံခါးပေါက်တွေ အားလုံး ပိတ်လိုက်သည်။ အခါတိုင်း စာသင်ချိန်များလည်း ထိုဘက်က နေထိုးလို့ အမြဲပိတ်သည်။ ဆရာ ဆရာမများ အဝင်အထွက်မှ တံခါးမကြီးဖွင့်သည်။ အတန်း၏ အရှေ့ခြမ်းတံခါးတွေ ပိတ်လိုက်တော့ ရုံခန်းဘက်က အတန်းထဲကို လှမ်းမမြင်ရတော့။ တံခါးတွေ ပိတ်ပြီးသည်နှင့် (ကို)ဝင်းအောင်က အနောက်ဘက် ဝင်းထရံက သစ်သားချောင်း ၅ချောင်းလောက်ကို အခန်းနှင့် ဝင်းထရံကြားရှိ အုတ်ခဲ ထက်ပိုင်းကျိုးနှင့် ထုပြီး ကွာစေသည်။
ထိုဘက်က ဝင်းထရံက အောက်ခြေ ၃ပေ အမြင့်က အုတ်တံတိုင်းဖြစ်ပြီး ခန်းဖွဲ့ကို အုတ်တိုင်များပေါက်ကာ အုတ်တိုင်များကြားတွင် သုံးတစ်လက်မ တန်းများ ရိုက်ထားသည့် ဝင်းထရံ ဖြစ်သည်။ သုံးတစ်လက်မ အသားချောင်း ၅ချောင်းလောက် တန်းက ပြုတ်ထွက်တော့ ထိုနေရာမှ ကျော်ပြီး အပြင်ထွက်ကြခြင်းဖြစ်သည်။ အပြင်ရောက်တော့ (ကို)ဝင်းအောင်က ကျွန်တော်တို့ ကို တာ့တာ လုပ်ပြီး လွယ်အိတ်ကို ထုံး၍ ချိုင်းထိလွယ်ကာ တောင်ဘက်သို့ ခပ်သုတ်သုတ် ထွက်သွားသည်။ ကိုင်း ကျွန်တော်တို့က ဘယ်သွားကြမှာလဲ။
ကျောင်းလစ်ကြစို့ တူပျော်ပျော်
———————————–
ကျောင်းလစ်မယ်ဆိုပြီး စွန့်စွန့်စာစား ထွက်လာကြတာ။ ကျောင်း အပြင်ရောက်တော့ ဘယ်သွားရမှန်မသိ။ ထို့ထက် ဆိုးတာက သန်းဆောင် စက်ဘီးနှင့် ကံစိန်စက်ဘီးက ကျောင်းထဲမှာ ကျန်ရစ်သည်။ ကျောင်း မလစ်ဖူးသူတွေရဲ့ ရှေ့လာဒ် မမြင်၊ လုပ်ငန်း မကျွမ်းကျင်မှုပေါ့ဗျာ။ အကယ်၍ ရုပ်ရှင်ကြည့်မည် ဆိုလျှင် ရုပ်ရှင်က နေ့လယ် ၁၂နာရီမှ ပြမည်။ ဒါဆို ကျောင်းလစ်စရာ မလို။ ၁၁နာရီ ထမင်းစားကျောင်း ဆင်းမှ ကျောင်းက ထွက်လာပြီး သွားကြည့်ရုံပါပဲ။
ဒါလည်းမဖြစ် ၆ယောက် စုလိုက်မှ ၅ကျပ်ပဲရှိတော့ ၁ကျပ်တန်းက ကြည့်ရင်ပင် မလောက်င။ ပိုက်ဆံသာ မရှိတာ အားလုံးက ငါးမူး(ပြား၅၀) တန်းက မကြည့်ချင်ကြ။ ဟုတ်သည်၊ ကျွန်တော်ကပို မကြည့်ချင်တာ။ ကြီးကျယ်တာ တော့ မဟုတ်၊ အနည်းဆုံ ၂ကျပ်ခွဲတန်းလောက်ကမှ ကြည့်ရတာ အဆင်ပြေသည်။ စတောလ် ခေါ်မှာပေါ့။ သူ့ထက် ဈေးများတာ ဒီစီ ပဲ ရှိသည်။ အပေါ်ထပ်က ကြည့်ရသည်။ ၃ကျပ်တန်းပေါ့။ ၁ကျပ်တန်းက ဆိုလျှင် နောက်ဆုံးတန်း လောက်ကမှ အဆင်ပြေသည်။ ကျွန်တော်က မူးတတ်လို့ ဖြစ်သည်။ တစ်ခါက မြို့ဂုဏ်ရောင်ရုံမှာ ရှေ့ဆုံးငါးမူးတန်းက ကြည့်တာ ဇာတ်ကားစလို့ ၁၅မိနစ် မပြည့်သေး၊ ကျွန်တော်က ထိုးအန်နေပြီ။
သူငယ်ချင်း ငှက်ပျောပွဲစား
——————————
ဒီနေ့ကတော့ ကျောင်းလစ်ပြီး ရုပ်ရှင် မကြည့်ဖြစ်တာ သေချာနေပြီ။ တစ်နေရာရာ သွားဖို့ ကလည်း စက်ဘီးတွေက ကျောင်းထဲမှာ။ နဂိုကတည်းက ကျောင်းလစ်ဖို့ စိတ်မပါဘဲ ငြင်းဆန်ခဲ့သည့် ကံစိန်က စိတ်ဆိုးပြီး စကားပင်မပြော။ လမ်းဘေး ပလက်ဖောင်းပေါ် ငူငူကြိး ထိုင်နေသည်။ ကဲ.. ဒီနားပဲ ရစ်သီရစ်သီ လုပ်မနေကြနဲ့လေ။ ဆရာမကြီး က ရုံးခန်း အပေါက်က ထွက်ထွက် ကြည့်နေတာ။ မြင်သွားရင် မလွယ်ဘူးနော်၊ တစ်နေရာရာ သွားကြမှ။ နောက်ဆုံးတော့ သူငယ်ချင်းထဲမှာ အကြီးဆုံးဖြစ်တဲ့ သန်းဆောင်က သူ့လက်ပတ်နာရီကို လက်မြှောက်ကြည့်ပြီး ကိုင်း အခု ကို ၁၀နာရီ ကျော်နေပြီ။ ၁၁နာရီဆို ထမင်းစားကျောင်း ဆင်းတော့မှာ၊ အဲ့ဒီကျမှ စက်ဘီးတွေ တခါတည်း ထုတ်ပြီး တနေရာရာ သွားကြမယ်၊ အခုတော့ ရွှေကျီးမြင်ဘုရားပေါက် သွားထိုင်ကြတာပေါ့ ဟူသော စကားကို အားလုံး နားထောင်ကြသည်။
သန်းဆောင်က ထိုအချိန်မှာပင် သူ့အိမ်က ငှက်ပျောပွဲရုံ အလုပ်ကို ဦးစီး လုပ်ကိုင်နေပါပြီ။ ၉တန်းစာမေးပွဲကိုပင် ဖြေချင်မှ ဖြေတော့မည်။ မကြာမီ အိမ်ထောင်လည်း ပြုတော့မည်။ အခု ကျောင်းလာနေတာကပင် ကျောင်းသားစိတ် မကုန်သေးဘဲ သူငယ်ချင်းတွေကို မခွဲနိုင် မခွာရက်မို့ ဖြစ်သည်။ ရွှေကျီးမြင်ဘုရား အရှေ့မုခ်ပေါက်မှာ ထိုင်ကြရင်း သန်းဆောင်က သူ့လွယ်အိတ်ထဲက စီးကရက် တလိပ်ကို ထုတ်သောက်သည်။ သည်အချိန်မှာ ဆေးလိပ်သောက်တတ်သူက သန်းဆောင် တယောက်ပဲပါသည်။ ပြောပါပြီကော၊ သူကတော့ တကယ့် လူကြိး တစ်ယောက်လို ဖြစ်နေပါပြီ။ သူ့ငှက်ပျောပွဲရုံအတွက် မတ္တရာက ညောင်ပင်ဝန်းက ငှက်ပျောခြံများထိ ညအိပ်ညနေ သွား ငှက်ပျောခုတ် ကားနှင့် တင်ကာ သူ့အိမ်မှာ ငှက်ပျောတွေကို ဖွဲမီးနှင့် အုပ်ပြီး နပ်လျှင် ဈေးများသို့ သွင်းသည်။
သန်းဆောင်တို့က ထီးတိုင်ဈေးမှာလည်း ငှက်ပျောသီး ရောင်းသည့် ဆိုင်ခန်းရှိသည်။ သူ့အမေ ဒေါ်ကောင်းရှင်ကလည်း အလွန်သဘောကောင်းသလို ဟင်းချက်လည်း ကောင်းသည်။ ကျွန်တော်တို့က သူ့အိမ်မှာ ကြုံရင် ကြုံသလို ထမင်းဝင်စားကြရုံမက အပြန်မှာ နေ့ချင်းစားဖို့ ငှက်ပျော တစ်ဖီး၊ နောက် ၃ရက်လောက်နေမှ စားလို့ ရသည့် ငှက်ပျောဖီးတွေလည်း ပေးလိုက်သေးသည်။ ထု့ိကြောင့် ကျွန်တော်တို့နှင့် သူငယ်ချင်းဆိုသော်လည်း သန်းဆောင်က အသက်လည်းကြီးသည်။ ဝါလည်းကြီးသည်။ စီးပွားရေးလည်း ကောင်းသည်။ ကျွန်တော်တို့နှင့်သာမက ကျွန်တော်တို့ မိဘ မောင်နှမသားချင်းများနှင့်ပါ ဆွေမျိုးပမာ ရင်းနှီးသည်။
ထမင်းစားကျောင်းဆင်းချိန် ကျမှပဲ
————————————–
ကဲ.. အခုလည်း ကျောင်းလစ်ကြတော့ ဘယ်သွားကြမလဲ ဆိုတာ နောက်ဆုံးတော့ သန်းဆောင် ကပဲ ဆုံးဖြတ်လိမ့်မည်။ သန်းဆောင်က ဒီနေ့မှ ငါကလည်း ပိုက်ဆံမထည့်ခဲ့ရဘူးကွာ ဟု တဖျစ်တောက်တောက် ပြောနေ၏။ ဒီလိုနှင့် ထမင်းစားကျောင်းဆင်းတော့ သန်းဆောင် စက်ဘီးနှင့် ကံစိန့်စက်ဘီး ဝင်ယူသည်။ ကံစိန်က အိမ်ပဲ ပြန်တော့မယ် လုပ်နေလို့ သူ့ကို လိုက်ခဲ့ဖို့ မနည်းပြောနေရသည်။ နောက်တော့ သူက မလိုက်ချင် လိုက်ချင်နှင့် ဘယ်သူ့မှ စကားမပြောဘဲ လိုက်လာသည်။ စက်ဘီးက ကံစိန်နှင့် သန်းဆောင်ပဲ ပါသည်။ တော်ပါသေး သူတို့နှစ်စီးစလုံး ယောက်ျားစီး ဘီးများဖြစ်ပြီး ကယ်ရီယာ လည်းပါလို့။
ထို့ကြောင့် လူ၆ယောက် စက်ဘီး၂စီးမို့ စက်ဘီး တစီးစီတွင် နင်းသူတယောက် ရှေ့ဘားတန်းပေါ်က တယောက် နောက် ကယ်ရီယာပေါ်က တယောက် နှင့် ၃ယောက်စီးကာ စက်ဘီး၂စီးတွင် လူ၆ယောက်က အံကိုက် ဖြစ်သွားသည်။ ကဲ သွားကြစို့။ ထုံးစံအတိုင်း သွားကြစို့ ဆိုတော့ ကျောင်းက အရှေ့တက်ပြီး ကျုံးဘေး သွားကြတာပေါ့။ အနောက်ကျုံးလမ်းရောက်တော့ မြောက်ကို ဦးတည်ကြသည်။ မန္တလေးတောင် သွားမလား၊ ကုသိုလ်တော် သွားမလားပေါ့။
အနောက်ကျုံးလမ်းအတိုင်း မြောက်ကိုသွား၊ မြောက်ကျုံးလမ်းရောက်တော့ အရှေ့တက်။ သည်မှာတင် မြောက်ကျုံးလမ်း ပေါ်က နဂါးဆေးလိပ်ရုံကြီးနား ရောက်တော့ ကုက္ကိုပင်ကြီးအောက်မှာ လက်ဖက်သုတ် ဆိုင်လေးတွေ့သည်။ ဆိုင်လေး ရှေ့တွင် စက်ဘီးတွေ ရပ်ကြပြီး သစ်ပင်အောက် ရေအိုးစင်က ရေတစ်ခွက်စီ သောက်ကြကာ လက်ဖက်သုတ် ၃ပွဲကို ဖက်နှင့် ထုပ်ခိုင်းပြီး ရှေ့ခရီး ဆက်ကြသည်။
ရာပြည့်ကွင်းကြီးအကျော် သုဓမ္မာဇရပ်တန်းတွေ ရောက်တော့ ရှေ့က နင်းနှင့်သည့် စက်ဘီးက မြောက်ဘက် ချိုးမှာလားဟု လှမ်းအော်မေးတော့ မချိုူးနဲ့၊ ဆက်သွား ဆက်သွား ဟု ပြန်အော်သည်။ သဘောက မြောက်ချိုးလျှင် မန္တလေးတောင်လေ၊ မန္တလေးတောင်ကို မသွားဘူးပေါ့။ ဒါဆို ရှေ့ဆက်နင်းရင် ကုသိုလ်တော်ဘုရားလေ။ မြောက်ကျုံး လမ်းနှင့် အရှေ့ကျုံးလမ်းဆုံ ရောက်တော့ မြောက်ချိုးလျှင် ကုသိုလ်တော်ပေါ့။ ရှေ့က စက်ဘီးကို နင်းသည့် သန်းဆောင်က လက်ပြကာ အရှေ့ကျုံးလမ်း အတိုင်း တောင်ဘက် ချိုးသွားလို့ သူ့နောက် လိုက်ရပြန်သည်။
သန်းဆောင်ဦးဆောင်ပြီး အရှေ့ကျုံးလမ်းအတိုင်း နင်းသွားလိုက်တာ အရှေ့ပေါက် တိုက်တော် ရောက်တော့ အရှေ့ထပ်ချိုးပြန်ရော။ အားလုံးက ဝိုင်းအော်ကြပြန်သည်။ ဟ ရန်ကင်းတောင် ထိ သွားဦးမလို့လား၊ စက်ဘီးပေါက်ရင် မလွယ်ဘူးနော် ဆိုတော့ သန်းဆောင်က လိုက်ခဲ့ကြပါဟု သဘောပေါက်နိုင်သော လက်ပြကာ ခပ်သွက်သွက်နင်းသည်။ နန်းရှေ့ဈေးအကျော် ခေါက်ဆွဲဖို အပြရောက်တော့ တောင်ဘက် ချိုးပြန်ပါရော။ ကိုင်း မထူးပြီ။ သူ့နောက်သာ လိုက်ကြပေတော့။ ဘာမှ မေးမနေနဲ့တော့။ သန်းခေါင်ထက် ညာဉ့်မနက်တော့။ စက်ဘီးနင်းရသူတွေ အလှည့်ပြောင်းဖို့ ရပ်တော့ သန်းဆောင်က သူ့ဘီးကို သူပဲဆက်နင်းသည်။ နောက်ကယ်ရီယာမှာ ကျွန်တော်က ထိုင်လိုက်ပြီး ကံစိန်နင်းသည့် ဘီးကတော့ ရှေ့ဘားတန်းမှာ ထိုင်လိုက်သော ဝင်းဟန်က တလှည့် နင်းသည်။
ခေါက်ဆွဲဖိုက တောင်ဘက်ချိုး
——————————-
ဟောဗျာ နန်းရှေ့ ခေါက်ဆွဲဖိုက တောင်ဘက် ဆက်နင်းလိုက်တာ ခင်မကန်တိုက်၊ ရွှေကူတိုက်တွေကို ကျော်ကာ ဣန္ဒြိယရာမတိုက် ရောက်ပြီ။ ရှေ့ ကျုံးရေသွင်းမြောင်း တံတားကူးလိုက်ရင် ဦးလှဖေ၏ အရှေ့ပွဲကုန်းကျောင်း ရောက်ပြီပေါ့။ မောင်သန်းဆောင် ဘယ်ဆီ ဘယ်ဝယ် ယွန်းလေမည်မသိ။ သို့သော် ကျုံးရေသွင်းမြောင်း တံတားလေး ရောက်တော့ ရေသွင်းမြောင်း မြောင်းဘောင်အတိုင်း အရှေ့တက်ပါရောလား။ လမ်းက ကျောက်ကြမ်းခင်းမို့ စက်ဘီးကို မနည်းနင်းကြ ရသည်။ ကံစိန်ကတော့ နဂိုကမှ မလိုက်ချင်ရတဲ့ အထဲ သူ့စက်ဘီးလေးကို မညှာမတာ ၃ယောက်စီးရုံမက ကျောက်ကြမ်းလမ်းပေါ်အထိ ရုန်းနေရလို့ စိတ်ပျက်လက်ပျက်နှင့် ဘာစကားမှ မဟဘဲ စက်ဘီးပေါ် ငူငူကြီး လိုက်လာ သည်။ တကယ်တော့ ယခုရောက်နေသောနေရာတွေကို အရင်က မရောက်ဖူးပါ။ အတော်သာယာသည်။ ရေမြောင်းလေး တဖက်တချက်မှာ သပြေခြံတွေ အုန်းခြံတွေနှင့် ခြံစောင့် တဲလေးတွေရှိသည်။ တချို့ခြံတွေမှာ တစ်ထပ် အိမ်လေးတွေ သပ်သပ်ရပ်ရပ ်ဆောက်ထားကြတာ နေချင့်စဖွယ် ကောင်းလှသည်။
ရေမြောင်းဘောင်အတိုင်း ကျောက်ကြမ်းလမ်းအတိုင်း အရှေ့ဆက်တက်တော့ မြေမြို့ရိုးကုန်းကို ကျော်လိုက်တာနှင့် ကျုံးအတွင်းသွင်းသည့်ရေကို သိုလှောင် အနည်ထိုင်စေသည့် ရေစစ်ကန်ကြီးကိုတွေ့ရသည်။ လေက တဖြူးဖြူးပေမင့် ရေစစ်ကန်ရေပြင်ကို ဖြတ်သန်းလာလို့ အရှိန်ပါသည်။ အေးမြဘိခြင်း။ ရေစစ်ကန်နှင့် လမ်းလေးပဲခြားကာ မြောက်ဘက်က ဝင်းတစ်ဝင်းထဲမှာ အဆောက်အအုံ ဆောက်လက်စများ၊ လက်စသတ်လုများနှင့် ပြီးစ အဆောက်အအုံ များ ကိုတွေ့ရ၏။ တ့တိုင်းပြုလုပ်လက်စနှင့်အတူ မုခ်တစ်ခုကို တွေ့ရ၏။ မုခ်ပေါ်မှာ ကမ္ပည်းတင် ထားတာက ဓမ္မစြက်ာ ရိပ်သာ တဲ့။
သြော် ဆင်တံတား ဦးကိုကြီးတို့ လှူထားတယ်ဆိုတဲ့ ဓမ္မစြက်ာ ရိပ်သာဆိုတာကိုး။ အရပ်ထဲမှာ ပြောနေသံတော့ ကြားဖူးသည်။ ဝါတွင်းကပင် မမမြသွင်တို့ ကိုင်းတန်းဈေးအဖွဲ့နဲ့ ဥပုသ်စောင့် လိုက်သွားသေးတာပဲ။ သန်းဆောင်က ရိပ်သာအပေါက်နားက ဆောက်လက်စ တံတိုင်းမရောက်ခင် ကမ္မဋ္ဌာန်းကျောင်းလေး တစ်ကျောင်းရှေ့ စက်ဘီးရပ်သည်။ ကျောင်းလေးရှေ့ စဉ်းအိုးထဲက ရေခပ်ပက်နေသော ဖွားသီလရှင်က လက်ဖြင့် နေရောင်ကာ၍ လှမ်းကြည့်ပြီး “ဟော်တော် ဘယ်သူလဲမှတ်တယ်၊ မောင်သန်းဆောင်ကိုး၊ ဟဲ့ နင့်အမေ မပါဘူးလား” ဟု လှမ်းအမေး သန်းဆောင်က ဖွားသီလအနားရောက်ကာ ရေခွက်ကိုယူ၍ မျက်နှာ တဗြန်းဗြန်းသစ်ပြီး “ မပါဘူး၊ သူငယ်ချင်းတွေနဲ့ ဒီဘက်လာတာ၊ နေဦး အဖွား ထမင်း ထမင်း ရှိသေးလား၊ ရှိရင် ပေးလိုက်ဦး” ဟု ခပ်တိုးတိုးပြောသည်။ ဖွားသီလက အဲတော် အဲတော်နှင့် အံ့အားသင့်ပြီး ဆွမ်းတော်တင်ထားသည်ကို စွန့်သည်။ ထမင်းတွေ ၂ပန်းကန်စာလောက်ရှိမှာပေါ့။
ကျွန်တော်တို့ကတော့ ကိုယ့်ဒါရိုက်တာ၏ ဇာတ်ညွှန်းမို့ ကိုယ့်ကဏ္ဍ ကိုယ့်အခန်းမပါတော့ ကြည့်နေရုံပေါ့။ ဖွားသီလက ဘာနဲ့ ထည့်ပေးရ ပါ့မလဲဟု တစ်စုံတရာရှာဖွေနေစဉ် သန်းဆောင်က ကမ္မဋ္ဌာန်းတဲလေးရှေ့ ရေကြည်အိုင် လေးထဲက ကြာဖက်၃ရွက်လောက် ခူးကာ စဉ့်အိုးထဲက ရေဖြင့် ဆေးကြောပြီး ကန်တော့ ထိုးသည်။ ထိုကန်တော့ထဲ ဆွမ်းတော် စွန့်သည့် ထမင်းတွေ ထည့်ကာ ကျွန်တော့်ကို ကိုင်ခိုင်းသည်။ ထို့နောက် သန်းဆောင်က ဖွာသီလ ကို နှုတ်ဆက်ကာ ရှေ့ခရီးဆက်ပြန်၏။
မြောင်းဘောင်အတိုင်း အရှေ့ဆီ
—————————————
သည်တခါ ဝေးဝေးထိ မရောက်။ လမ်းလေးအတိုင်း ရှေ့တက်ကာ ရိပ်သာတံတိုင်းဆုံးတာနှင့် ကွေ့သွားသည့် လမ်းလေးအတိုင်း အရှေ့တက်သည်။ လမ်းလေးဘေးမှာ ရေမြောင်းက ရေသွင်သွင်စီးနေသည်။ ရေမြောင်းနှင့် လမ်းလေးအကြား တောစပယ်ပင်ရိုင်းတွေက အပွင့်ဖြူအချို့နှင့် အလှဆင်ထားသည်။ ရှေ့နားက တဝေါဝေါနှင့် ရေစီးသံကြားနေရသည်။ သည်နေရာတွေမှာတော့ ခြံတွေ မရှိသေး။ ဘေးတဖက်တချက်မှာ လယ်ကွင်းတွေလေ။ တောင်မြောက် စီးဆင်းနေသော ရေနီမြောင်းက သည်နေရာမှာ ရေတံခါးတပ်ဆင်ထားကာ အနောက်ဘက် ကျုံးရေစစ်ကန်သို့ ဝင်သည့် မြောင်းအတွင်း ရေဒလဟော စီးဆင်းစေသည်။
ဒါကြောင့် ဒီနေရာမှာ အသေးစား ရေတံခွန်တခုပမာ ရေစီးအားကောင်းနေသည်။ အင်္ဂလိပ်အက္ခရာT သဏ္ဌာန် မြောင်းနှစ်ခုဆုံရာ အနီး မြောင်းဘောင် မှာလည်း အရိပ်ရ ကုက္ကိုပင်နှင့် အပွင့်နီနီ စိန်ပန်းပင်လည်းရှိသည်။ သည်နေရာမှာ ကျွန်တော်တို့ နားကြသည်။ စက်ဘီးနင်းလာရလို့ အင်္ကျီချွတ်ကာ မြောင်းဘောင် မြက်ခင်းပေါ် ပက်လက်လှန်နေကြပြီ။ တစ်လမ်းလုံး စိတ်ဆိုးပြီး စကားမပြောသော ကံစိန်သည်ပင် ရယ်ရယ်မောမော ဖြစ်လာပြီ။
ခဏနားပြီးတာနှင့် ဖွားသီလ က စွန့်လိုက်သည့် ထမင်းထုပ်ကို ဖြည်ကာ ထိုကြာဖက်များကို ဖြန့်ခင်း လိုက်သည်။ မြောက်ကျုံးလမ်း နဂါးဆေးလိပ်ရုံရှေ့ က ဝယ်လာသည့် လက်ဖက်သုတ်တွေ ကိုလည်း ထမင်းပေါ်ပုံလိုက်ပြီး အားရပါးရ စားကြရသည့် နေ့ခင်းစာကား တစ်သက်နှင့် တစ်ကိုယ် အရသာအရှိဆုံး ဖြစ်သည်။ ကံစိန် က ထမင်းဖြူကို လက်ဖက်သုတ်နှင့် နယ်ရင်း “နေစမ်းပါဦး၊ ဒီလောက် ဝေးတဲ့နေရာမှာ သီလရှင်က အသိ ရှိသေးတယ်နော်” ဟု သန်းဆောင်ကို လှမ်းပြောသည်။ သန်းဆောင်ကလည်း ထမင်း ပလုတ်ပလောင်း နှင့် “ဒီနေရာ ရိပ်သာ စဆောက် ကတည်းက ဦးကိုကြီး မိသားစုနဲ့ ဒို့က ရောက်နေတာကွ၊ ပြီးတော့ အမေကလည်း ဝါတွင်းဥပုသ်ဆို ဆင်တံတားအဖွဲ့နဲ့ လိုက်နေကျ” ဟု ပြန်ဖြေသည်။
ဝါတာပိုလို ကစားကြမယ်
—————————–
တကယ်တော့ ထမင်းက မလောက်၊ နန်းရှေ့ဈေး ပြန်ဝယ်ကြမလားဆိုတော့ ပိုက်ဆံမကျန်တော့။ ဒါနှင့် ကြာဖက်ကို ဝါးမစားရုံတမယ် လက်ညှိုးနှင့်ပင် လက်ဖက်သုတ် ဆီကို သပ်ကာ လျှာပေါ်တင်ပြီး ဟိုရောက် သည်ရောက်ရောက် ကာလသားကြိုက်စကားတွေ လွတ်လပ်စွာ ပြောကြရင်း ကံစိန်က ရေချိုးကြရအောင်ဟု ပြောပြောဆိုဆိုနှင့် ပုဆိုးကို မြောင်းဘောင်ပေါ် ကွင်းလုံးပုံကာ ရေထဲ ခုန်ချသည်။ ကျွန်တော်တို့က ကံစိန်ပျော်နေလို့ ဝမ်းသာနေကြ၏။ ကံစိန်က ပုဆိုးကွင်းလုံးပုံ၍ ရေထဲသို့ ဦးဦးဖျားဖျား ခုန်ဆင်းလိုက်သည်နှင့် ကျန်၅ယောက်ကလည်း စွပ်ကျယ်လေးတွေ ချွတ် မြောင်းဘောင်ပေါ် ပုဆိုးကွင်းလုံးပုံကာ ရေထဲသို့ တဝုန်းဝုန်းခုန်ဆင်းလိုက်ကြတော့သည်။
ရေထဲရောက်သည်နှင့် တစ်ယောက်နှင့် တစ်ယောက် ရေပက်ကြ တွန်းလှဲကြနှင့် အပျော်ကြီး ပျော်ကြ ရသည်။ အတန်ငယ်ရေဆော့ပြီးတော့ ဝါတာပိုလို ကစားကြမယ်ဆိုသော တစ်ယောက်ယောက်၏ အကြံပေးချက်ကို ကံစိန်ကပဲ ဦးစွာ အားတက်သရော ထောက်ခံသည်။ သည်တော့ ဝါတာပိုလိုအတွက် ဘောလုံမရှိတော့ စွပ်ကျယ်ကို လုံးကာ ထုံပြီး ဘောလုံး လုပ်ကြရအောင် ဆိုတော့လည်း ကံစိန်ကပဲ “ မင်းတို့ စွပ်ကျယ်တွေက အဖြူတွေ၊ ငါ့စွပ်ကျယ်က အနီရောင်၊ ငါ့စွပ်ကျယ် လုပ်လိုက်မယ်၊ ဒါမှ သဲသဲကွဲကွဲ မြင်ရမှာ” ဟုဆိုသည်။ ထို့ကြောင့် ကံစိန့် စွပ်ကျယ်အသစ ်နီရဲရဲကို လုံး၍ ထုံးပြီး ဘောလုံးအမှတ်နှင့် ဝါတာပိုလို ကစားကြတာ ဆူလို့ ညံလို့ ပျော်လိုက်ကြတာ။
ဒုတိယပိုင်း နောက်ဆုံးမိနစ်ဂိုး
————————————
၃ယောက်စီခွဲ ကစားကြသည့် ဝါတာပိုလိုပြိုင်ပွဲက အရှိန်မြင့်လာသည်။ နီနီရဲရဲ စွပ်ကျယ်လုံးလေးက ၆ယောက်သော ကစားသမားတွေအကြား သူလည်း လူးလာခေါက်တုံ ပျော်မြူးနေတော့၏။ သည်တစ်ကြိမ် အကြိတ်အနယ် အနိုင်ဂိုးမှာ အဝေးက အားနှင့် ပစ်လိုက်သည့် ဘောလုံးက ဂိုးသမားကံစိန်လက်ထဲက ပြုတ်ကျသည်။ ဂိုးဟု အော်ကြသည်။ ကံစိန်က နီရဲရဲဘောလုံးလေးကို မမီမကမ်းလှမ်းဆွဲသည်။ ရေနီမြောင်းက ရေစစ်ကန်မြောင်းဆီ ရေတံခါးက ဖွင့်ချထားလို့ ရေစီးအားက ကောင်းလှသည်။ နီရဲရဲလေးက ရေစီးအားမှာ မျောပါသည်။
ကံစိန်က ထပ်၍ ဝမ်းလျားထိုးကာ ဆွဲ ပြန်သည်။ မရလိုက်၊ ရေထဲ ပြန်မြုတ်သွားသည်။ ကံစိန်က ရေတံခါးအောက် ရောက်လုအထိ ဝင်ကာ နီရဲရဲလေးကို ဆွဲယူပါသေးသည်။ မရတော့။ ရေစီးအားက ဝဲကတော့ထိုးကာ နီရဲရဲ စွပ်ကျယ်လုံးလေးကို စုပ်ကာ ဘယ်ဆီ ဘယ်ဝယ် ပို့လိုက်လေသည် မသိ၊ ရေတံခါးအောက်က ကံစိန်လည်း မနည်းရုန်းကာ ထွက်ခဲ့ရသည်။ သူက မရမ်းခြံသာယာကုန်းသား ရေသူရဲတွေမို့၊ ကျွန်တော်လို ရေမကူးတတ်သူဆိုလျှင် စုန်းစုန်းမြုတ်ပေါ့။ ကံစိန်က ရေထဲက တက်လာပြီး ရေတံခါးက ထွက်လာသည့် ရေသွင်းမြောင်း ရေစီးတွင် သူ့နီရဲရဲ စွပ်ကျယ်လေးကို ရှာသေးသည်။ မတွေ့တော့၊ မရတော့လေပြီ။
ကျောင်းကတည်းက ကျောင်းမလစ်ချင် မလိုက်ချင်တဲ့ သူငယ်ချင်းကံစိန်၊ ကျန်သူငယ်ချင်းတွေကို ချစ်လွန်းလို့ စိတ်မပါ စိတ်မဆိုးရက်ဘဲ လိုက်လာတဲ့ ကံစိန်၊ ရေမြောင်းရောက်တော့ စိတ်ပြေ စိတ်ကြည်ပြီး သူငယ်ချင်းများကိုပင် ဦးဆောင် ပျော်ရွှင်စေခဲ့တဲ့ ကံစိန်ခမျာ သူ့အမေ မနေ့ကမှ ဝယ်ပေးထားသော အသစ်စက်စက် ငွပ်ကျယ်နီရဲရဲလေး ပျောက်သွားတော့ အမေ့ကို ဘယ်လို ပြန်ပြောရပါမလဲလေ။ အမှန်အတိုင်း ပြောရရင်လည်း ကျောင်းလစ်တာက ပေါ်တော့မှာ၊ အိမ်က မသိအောင် သူ့စွပ်ကျယ်ကို အစား ပြန်ပေးဖို့က ဒီအရောင်က ဈေးချိုထဲ အတော်ရှာယူရမှာ။ အိမ်အပြန်မှာလည်း အလာတုန်းကလို ကံစိန်က ဘယ်သူ့မှ စကားမပြောတော့ဘဲ ရှုသိုးသိုး။ ကိုင်း မပိုင်ဘဲ ကျောင်းလစ်ချင်ကြဦးလေ။
ဆူးငှက်
