ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆
GG (VOM)
ဖားကန့်မြို့နယ်မှာ တကျော့ပြန် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မနက်ပိုင်းက ဖားကန့်မြို့ပေါ်ရှိ အ.ထ.က ကျောင်းပေါ်ကို လက်နက်ကြီး ကျရောက်ခဲ့လို့ ကျောင်းသားနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
” ကံကောင်းတယ်ပြောရမယ် ။လက်နက်ကြီးကျတဲ့ KG အဆောင်က ပိတ်ထားလို့ ကလေးတွေ သက်သာတာ ။ အခုထိတဲ့ ကလေးနှစ်ယောက်က အဆောင်ဘေးဖြတ်သွားချိန် ထိသွားတာလို့ သိရတယ်။ ယောကျ်ားလေး တယောက် ၊မိန်းကလေး တယောက်ပါ ။ ကလေးတွေ ခေါင်းထိတယ် ။ခြေထောက် ထိတယ်။ ဆေးကုသမှုပေးနေတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့တဲ့ ကျောင်းအနီးမှာ အစိုးရတပ်စခန်းဖြစ်တဲ့ တပ်မကုန်းနဲ့ ရဲစခန်းရှိကြောင်း သိရပါတယ်။
” ကျောင်းထဲကျတဲ့ လက်နက်ကြီးက တောဘက်အဖွဲ့တွေပစ်တာ ။ ပစ်တာသိပေမယ့် ဘယ်သူမှ မပြောရဲဘူး ။ အနားက တပ်မကုန်းကို ပစ်တာကို ကျောင်းထဲလာကျတာ ပေါ့ ။ ” လို့ ဖားကန့် ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၅ နာရီလောက်က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာလည်း လက်နက်ကြီး ထိမှန်လို့ ဒေသခံတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲအခြေအနေကြောင့် ဖားကန့်-ဆိပ်မူသွားတဲ့ မိန်းလမ်းမကို ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကို သွားလို့ရတဲ့ ကွင်းလမ်းကိုလည်း အရေးပေါ်ကိစ္စသာသွားလာခွင့်ပြုပြီး လမ်းပိတ်ထားတယ်လို့ သိရပါတယ်။
ဖားကန့်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဥ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုတွေလည်း ရှိကြောင်း သိရပါတယ်။
လက်ရှိမှာ တိုက်ပွဲက မရှီကထောင် ၊ ထုံးဘိုရွာ ၊ ယူမာ ၊ရှရော်ခ ၊ညောင်ပင်ကုန်း စတဲ့ ကျေးရွာတချို့ ဘက်တွေမှာ တိုက်ပွဲ ဖြစ်နေတာ ဖြစ်ကြောင်း ၊ တိုက်ပွဲ ဖြစ်ပွားရာ ဒေသက ဒေသခံတွေကတော့ နေရပ်စွန့်ခွာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကွန်းဖောင်ဒေးရှင်း
