လားရှိုးက ရွှေလုပ်ငန်းအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာခန့် ပါသွား

ဖေဖော်ဝါရီ ၂၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၄ အတွင်းရှိ ရွှေလုပ်ငန်းလုပ်တဲ့အိမ်တအိမ်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်က ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာ နဲ့ ငွေသားတွေ ပါသွားတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။
“ဖုန်းတွေပါသွားတယ်။ ရွှေတွေဝောာ့ ၅ ပိဿာလောက် ပါသွားတယ်။ ငွေသားက ဘယ်လောက်ပါသွားလဲ မသိဘူး” လို့ ရွှေလုပ်ငန်းအိမ်နဲ့ နီးစပ်သူက ပြောပါတယ်။
အဆိုပါ ဓားပြတိုက်မှုဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ ဖြစ်ပွားခဲ့ပြီး ကား ၃ စီးနဲ့ လူ ၇ ဦးက သေနတ်တွေကိုင်ဆောင်ကာ ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဓားပြတွေ ပြန်လည်ထွက်ခွာချိန်မှာ အရပ်ကသလို့ရုတ်ရုတ်သဲသဲဖြစ်တဲ့အတွက် ဓားပြအုပ်စုက သေနတ်အတို တလက် ကျကျန်ရစ်ခဲ့ပြီး အဲဒီ သေနတ်ကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက သိမ်းဆည်းသွားခဲ့တယ်လို့ဆိုပါတယ်။
“ရွှေ ၅ ပိဿာ နဲ့ ငွေသား။ ငွေသား သိန်း ၁၀၀၀ ဆိုလား ပါသွားတယ်ကြားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အဲဒီ ရွှေလုပ်ငန်းအိမ်မှာ ရွှေထည်ကုန်ချောနဲ့ ရွှေအပေါင်ခံတာတွေလည်းလုပ်ပြီး အော်ဒါများတဲ့ ဆိုင်ဖြစ်တယ်လို့ သူက​ပြောပါတယ်။
ဒီကိစ္စသက်ဆိုင်ရာနယ်​မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတယ်လို့သိရပြီး သက်ဆိုင်ရာကို ​မေးမြန်းလို့​တော့ မရ​သေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက် ၄ နာရီကျော်ခန့်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ နေအိမ်တအိမ်က Crown အနက်ရောင် ကား တစီး ခိုးခံရတယ်လို့ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့က မဟာဗောဓာရုံကျောင်းတိုက်က စာချဆရာတော် ဘဒ္ဒန္တ ကေသရ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မကြာခင်အတွင်းမှာပဲ အဲဒီ မဟာဗောဓာရုံကျောင်းတိုက် အနီး ဓားပြတိုက်မှု ထပ်မံ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမှာ ဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းမျိုး မကြားရသေးဘူးလို့ ဆိုပါတယ်။
ဒေသခံတွေကတော့ လားရှိုးမြို့အတွင်းလုံခြုံရေးပျက်ကွက်မှု ဆက်တိုက်ဖြစ်ပွားလာနေတာကြောင့် လုံခြုံရေးကို အမှန်တကယ် ထိန်းသိမ်းနိုင်ရေးအတွက် တာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လိုအပ်နေပြီလို့ ပြောဆိုနေကြပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW