ဆူးငှက်
၁၂နှစ်သားလောက်က VIP
———————————
မန္တလေးသင်္ကြန်ကို ကားနှင့် တစ်ခါမှ မလည်ဖူးသေးသော ကျွန်တော်သည် ၁၂နှစ်သား ၈တန်းနှစ်လောက်ကမူ VIP ဧည့်သည်အဖြစ် ဗဟိုမဏ္ဍပ်ပေါ်တွင် သင်္ကြန်တွင်းညတိုင်း ထိုင်ခွင့်ရသည်ကို မှတ်မိပါသည်။ ပြန်လှန် စဉ်းစားလိုက်တော့ သင်္ကြန်တွင် ဗဟိုမဏ္ဍပ်မပြောနှင့် အခြားအသင်းမဏ္ဍပ်များမှာပင် စင်ပေါ်မတက်ဖူးပါ။ ထို့ထက် အမှတ်တရပြောရလျှင် သည်ဖက်ခေတ် မြို့တော်ဝန်မဏ္ဍပ်၊ မြို့တော် မဟာသင်္ကြန် မဏ္ဍပ် စသည်တို့တွင်လည်း တစ်ခါမျှ မတက်ဖူး မထိုင်ဖူးပါ။ သင်္ကြန်နှင့် ပတ်သက်၍ ၈တန်းကျောင်းသားတုန်းကပဲ VIP ဖြစ်ခဲ့ဖူးပါသည်။
ထိုနှစ် ဗဟိုမဏ္ဍပ်က ၈၄လမ်း ကျောက်သွေးတန်းရှိ ဟံသာဝတီ သတင်းစာတိုက်ရှေ့တွင်ပဲ ဖြစ်သည်။ ထိုစဉ်က သင်္ကြန်ကို မြို့မိမြို့ဖများ ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် မန္တလေးမြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ကျင်းပရေးကော်မီတီက ဦးစီးကျင်းပသည်။ ထို့ကြောင့် ဗဟိုမဏ္ဍပ်ကို ကော်မီတီ၏ ယာယီရုံးခန်း တည်ရှိရာ နေရာ၌ ထားရှိသည်။ ထိုနေရာသည် အရင်က ပြန်ကြားရေးစာဖတ်ခန်းနေရာဖြစ်ခဲ့ပြီး နောက်တော့ ဟံသာဝတီ သတင်းစာတိုက် ဖြစ်သွားသည်။
သင်္ကြန်လေနုအေး သွေးကာမနော့မီ
——————————————
ထိုစဉ်ကာလ က ဆောင်းနှင်းငွေ့မပြယ်မီမှာပင် သင်္ကြန်ခံစားမှုက ပူးဝင်လာချေပေါ့။
ထိုနှစ်တွင် အိမ်ရှေ့ ပိတောက်ပင်က ရှားရှားပါးပါး ပိတောက်တွေ ကြိုပွင့်သည်။ သင်္ကြန်ရောက်ဖို့ တစ်လနီးပါးတော့ လိုသေး…။ သို့သော် ဝင်းထိပ်နှင့် မိကျောင်းတံတား အတက်က ကိုဘစိမ်း လက်ဖက်ရည်ဆိုင်ရှေ့ မန်ကျည်းပင်ကြီးမှာ သင်္ကြန်ကြော်ငြာ ဆိုင်းဘုတ်တွေ ပလူပျံနေ၏။
“လှထိပ်တင် .. ရေသဘင် ဝင်ကြေး ၁၅ ကျပ်နှင့်စာရင်း ပေးနိုင်ပြီ””
“မြရိပ်ညိုတောင်သမန်နှင့်၊ မြောင်ပတ်ယံ မန်းမြေအမော့မှာ၊ သလ္လာသက်ဦးတို့ ပျော်မည်””
“နွေဦးပေါက်မို့ တစ်ခေါက်တစ်ခါ … မန်းမြို့တော်မှာ အလည်လာခဲ့ပေါ့၊ တောကသာဂိတို့ သင်္ကြန်ဝယ်၊ အမြင်မတော်တာတွေ၊ ပြောချင်လွန်းလို့၊ ဝင်ကြေး ၂၀ ကျပ်””
သင်္ကြန်ကြော်ငြာ ဆိုင်းဘုတ်တွေနှင့်အတူ အရပ်ထဲ၊ ဝင်းထဲ၊ ပြထဲမှာ သင်္ကြန်တီးလုံးတိုက်သံတွေ ကြားလာရ၏။ မန္တလေး၏ဝင်းကြီးများ အလယ် ကွက်လပ်ကြီးထဲ အောက်လင်းမီးတွေ ထိန်ထိန်ထွန်းပြီး တီးလုံးတိုက်၊ သီချင်းတိုက်၊ အကတိုက်ကြသည်။ သည်ကတည်း က စွဲငြိဖွယ်၊ နှစ်သက်ဖွယ် သင်္ကြန်သီချင်းတွေက အရပ်ထဲ၊ ဈေးထဲအထိ ပျံ့လွင့်နေရာယူခဲ့ပြီ။ သည်နှစ် သင်္ကြန်အတွက် ဗဟိုဆုပေးမဏ္ဍပ်ကြီးက ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း)မ ပေါ် ဟံသာဝတီသတင်းစာတိုက် ရှေ့မှာ ဆောက်မှာတဲ့။ သစ်သား တွေပင် ချထားပြီးပြီတဲ့။ ဗဟိုမဏ္ဍပ် အတွက် သင်္ကြန်ယိမ်းအဖွဲ့ကို မြူနီစီပါယ်ခန်းမ မှာ တိုက်နေကြပြီ။ ထိုယိမ်းအဖွဲ့မှာ ဌာနဆိုင်ရာ အသီးသီးက မန်းမြို့သူ ညိုပြာညက်တို့ ယဉ်ယဉ် ကြော့ကြော့ သီဆိုကခုန်ကြပေါ့။ ရွှေမန်းမေတဲ့၊ ယမင်းရွှေစင်တဲ့၊ ယမင်းသူဇာတဲ့၊ ပတ်္တမြားသူဇာတဲ့၊ မေထားဝယ်တဲ့၊ ငုရွှေဝါတဲ့၊ မေသစ်လွင်တဲ့၊ အကကောင်း အမျိုးသမီး ရေသဘင်အဖွဲ့တွေက နှစ်စဉ်ပရိသတ် အာရုံစိုက်စရာတွေချည်း ဖြစ်နေသည်။
ထိုနှစ် ဗဟိုမဏ္ဍပ်မှာသင်္ကြန် ယိမ်းအကကို မန်္တလေးပန်တျာက အကနည်းပြ ဆရာမလေးက တာဝန်ယူသတဲ့။ ထိုသတင်းကလည်း ဟံသာဝတီသတင်းစာမှာ ဖော်ပြပါရှိသည်။ ထို့ကြောင့်လည်း မြူနီစီပါယ်ခန်းမ မှာအကတိုက်နေသော ဗဟိုမဏ္ဍပ်ယိမ်းအဖွဲ့ကို မြို့လူထုက စိတ်ဝင်စားနေသည်။
အခြားအသင်းအဖွဲ့ အကတိုက်၊ တီးလုံးတိုက်ကြတာ ဝင်းထဲ၊ ရပ်ထဲမို့ သီချင်းတွေ၊ အကတွေ ကြိုတင် နားဆင် မြင်တွေ့ရသော်လည်း ဗဟိုမဏ္ဍပ်အဖွဲ့က မြူနီစီပါယ်ခန်းမမှာ တံခါးပိတ် တီးလုံးတိုက်တာမို့ သူတို့သီချင်း၊ သူတို့အကတွေ ကြိုတင်ကြားခွင့်၊ ကြိုတင်မြင်ခွင့် မရသေး။ ထို့ကြောင့်လည်း ပိုမိုကြားလို မြင်လိုကြသည်။ သည်ဆန္ဒက သင်္ကြန်အကြိုနေ့ မတိုင်မီ တစ်ရက်ကြို ဝတ်စုံပြည် ပြင်ဆင် ဖျော်ဖြေသည့်ညမှာ ပြည့်ချေပြီ။ ပြိုင်ပွဲဝင်အသင်းတွေ မရှိသေးသည်မို့ ဗဟိုမဏ္ဍပ်က သီချင်းတွေ၊ အကတွေချည်း ဆက်တိုက် ကြည့်ရှုရမည်မို့လည်း ပရိသတ်က ခဲခဲလှုပ်နေ၏။ မြောက်ဘက် ၂၉ လမ်းထိပ် ဘဂဝမ် ဒတ်စ်ဘာဘူတိုက် အနီးကပင် ယာဉ်အဝင်အထွက် မရှိရအောင် သံဆူးကြိုး တွေနှင့် လမ်းပိတ်ထားရ၏။ ထို့အတူ တောင်ဘက် ၃၁ လမ်းထိပ် ရွှေမောင်းတိုက်အနီး ကလည်း အလားတူ လမ်းပိတ်ထားရသည်။
ထိုပြပေါက်များအတွင်း ပရိသတ်က အပြည့်အကျပ် ညပ်လို့။ ဟံသာဝတီ သတင်းစာတိုက် ဖွင့်လှစ်ထားသော နီညိုရောင် ရှေးဟောင်း အုတ်တိုက်ကြီးရှေ့က ဗဟိုမဏ္ဍပ်ကြီးကလည်း မီးရောင်များအောက် ခံ့ညားလှပနေ၏။ ကခွင်စင်က ပိုမို ကျယ်ဝန်းသည်။ မြန်မာမှု ပန်းကနုတ်တွေ ပြင်ဆင်ထားသော နောက်ခံစင်မြင့် ရှေ့မှာ ပဉ္စရူပရုပ်ကြီးနှင့် မှန်စီရွှေချ ဆိုင်းဝိုင်းကြီးက နေရာယူ ထားသည်။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ ဘယ်ဘက်မှာ နီကယ်ရောင် တောက်ပနေသော လေမှုတ် တူရိယာများနှင့် ခေတ်ပေါ်တီးဝိုင်း။
စင်ပေါ်မှာ တီးမှုတ် သီဆို ကခုန်မည့်သူများမှအပ ဆိုဖာခုံကြီးများ၊ ဆက်တီများနှင့် စားသောက်ဖွယ်ရာ အစုံအလင်ဖြင့် ဇိမ်ခံအသားယူကြမည့် မိသားစုများ၊ ဧည့်သည်တော်များ မရှိကြသေး။ တီးမှုတ် သီဆို ကခုန်မည့် အနုပညာရှင် များ၏ မိသားစုများ၊ မြို့ခံ စာပေ ဂီတ သဘင်အနုပညာရှင်များ၊ သတင်းစာဆရာများနှင့် အကဲဖြတ်များ အတွက်သာ ကခွင်စင်ကြီး တဖက်တချက်မှာ ခေါက်ကုလားထိုင်များ စီတန်းချထားသည်။ သို့သော် ထိုစင်က ကခွင်စင်ထက ်နှိမ့်ထား၏။ တစ်ပြေးညီမ ဟုတ် …။ ပါသည်ဆိုရုံ …။
အကြို့အရင် ညကပင် ဗဟိုမဏ္ဍပ် ၏ သီချင်းတွေက ပရိသတ်ရင်ထဲ စွဲသွားသည်။ ထိုသီချင်းများနှင့်အတူ ထူးခြားစွာ ညက်ညောလှပသော ကကွက်များကလည်း ပရိသတ်ကို တသသ ဖြစ်သွားစေ၏။ နားဆင်ကြည့်ပါဦးလေ …
“အို .. အမောင်လူသား အသင်၊ ဟိုမှာကြည့်စမ်း ..၊ အခိုင့်အခိုင်ဝေဆာလွင် …၊
ဝေဖြာပွင့်လန်း ..၊ ပန်းမျိုးတစ်ရာစုံလင်၊ ဒီအတာရေသဘင်၊ ရောက်ပြန်လေလျှင် …၊
အမြင်မဆန်း၊ ညစ်နွမ်းသမျှ၊ ရေစင်ပက်ဖျန်း၊ ရွှင်လန်းစေချင်…” တဲ့။
စေတနာတို့နှစ်
——————-
ထိုနှစ်က အမျိုးသားအလှပြယာဉ်ထဲမှာ နာမည်ကြီးနေတာက “စေတနာ” ဖြစ်၏။ မန်္တလေး ဆေးတက္ကသိုလ်က အနုပညာဝါသနာရှင်များဟု ဆိုသည်ထက် အဆိုအတီးတွင် ပညာရှင်များဟုပင် ဆိုရလောက်သည့် ပုဂ်္ဂိုလ်များအပြင် ဂုဏ်ထူး ဦးသိန်းနိုင်ကဲ့သို့သော ပြင်ပပညာရှင်ကလည်း ဝန်းရံသည်။ ဂုဏ်ထူး ဦးသိန်းနိုင်၏ သင်္ကြန်နှင့်ပတ်သက်သည့်၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ပရိကံစကားများကလည်း ပရိသတ် ထောင်သောင်းညွှတ်ကျ သွားလောက်သည်။ ထိုစိန်ပွင့်များကို ပတ္တမြားရံသည့် အနေနှင့် မန်္တလေးမှ အော်တို ဆိုက်ဆိုဖုန်း လေမှုတ်ပညာရှင် လူငယ်တစ်ဦးကလည်း“စေတနာ” မှာ ပါဝင်လာသည်။ သူက အော်တို ဆိုက်ဆိုဖုန်းကို မြန်မာ့နှဲဝိဇ္ဇာ တစ်ယောက် ကဲ့သို့ နိုင်နင်းလှသည်။ မြန်မာမှုသံစဉ်များကို အော်တို ဆိုက်ဆိုဖုန်းဖြင့် အတွဲ့အနွဲ့၊ အမဲ့အရွဲ့၊ အဆွဲအဖဲ့များဖြင့် မနားတမ်း ဒရစပ် မှုတ်နိုင်သူလည်း ဖြစ်သည်။
သင်္ကြန် အကြိုနေ့ကတည်းက “စေတနာ”အလှပြယာဉ်က တောင်ပြင်တစ်ဝိုက်မှာ လှည့်လည် ဖျော်ဖြေရင်း နာမည်ကျော် မင်းသမီးများ ဦးစီးသော အမျိုးသမီး မဏ္ဍပ်များတွင် အော်တိုဆိုက်ဆိုဖုန်းနှင့် မင်းသမီးများပြိုင်ပွဲ သတင်းက တစ်မြို့လုံး တမုဟုတ်ချင်း ပျံ့နှံ့သွားတော့၏။ ဘယ်မဏ္ဍပ်မှာ ဘယ်မင်းသမီးဖြင့် က,ရင်း ပုံကျသွားလို့တဲ့။ ဘယ်မင်းသမီးကတော့ ၄၅ မိနစ်အကြာမှာ ဆက်မကနိုင်လို့ အရှုံးပေးလိုက်ရသတဲ့ စသည့် စသည့် သတင်းက ထိုနှစ်သင်္ကြန်၏ အမျိုးသမီး ဧည့်ခံမဏ္ဍပ်၊ အမျိုးသား အလှပြနှင့် သံချပ်အသင်းပေါင်း ၁၀၀ ကျော်၊ စင်ချင်း၊ ကားချင်းဆက်မျှ မြို့လုံးကျွတ်ပရိသတ်များ အကြား အုန်းကြွက်ကြွက် ညံသည်။
သင်္ကြန်သီချင်းသံများအကြား ထူးထူးခြားခြား ထင်ရှား ထွက်ပေါ်နေသည့် သတင်းလည်း ဖြစ်၏။ မြို့က မွေးထုတ်ပေးသည့် မြို့ခံပညာရှင်များ အချင်းချင်း အနိုင်မခံ ယှဉ်ပြိုင်ကြသည့် အနုပညာပြိုင်ပွဲမို့လည်း ပိုမ ိုစိတ်ဝင်စားကြ၏။ “စေတနာ” အလှပြယာဉ်၏ အော်တိုဆိုက်ဆိုဖုန်း အစွမ်းက ပြိုင်ပွဲတိုင်း မှာ အနိုင်ချည်း ဖြစ်နေသည်။ အကြို၊ အကျ၊ အကြတ် ..ရက်များအထိ..။
ကဲ .. သင်္ကြန်အတက်နေ့ ရောက်ပြီ။ “စေတနာ” အလှပြယာဉ် ရောက်ဖို့က ဗဟိုမဏ္ဍပ်ပဲ ရှိတော့၏။ သေချာပြီ။ သည်နေ့ ဗဟိုမဏ္ဍပ်မှာ “စေတနာ” ရောက်မည်။ အော်တို ဆိုက်ဆိုဖုန်း ဆရာလေးနှင့် ဗဟိုမဏ္ဍပ်က အကနည်းပြ ဆရာမလေးတို့ တွေ့ကြမည်။ ပွဲကြီးပွဲကောင်း …။
ပန်းပိတောက်ရဲ့ ရွှေမျက်နှာ၊ ဝင်းထိန်လို့ဝါ
————————————————–
အကနည်းပြ ဆရာမလေးကလည်း ဆရာမဟု ဆိုသော်လည်း အသက် ၂၀ ကျော်သာ ရှိသေး။ သူက အငြိမ့်မင်းသမီးတော့ မဟုတ်။ ပန်တျာက ကျောင်းဆင်းအပြီး နာမည်ကျော် အငြိမ့်အဖွဲ့တစ်ဖွဲ့တွင် ရှေ့ထွက်အဖြစ် (၆) လမျှပင် မကရသေး။ အိမ်တော်အစီအစဉ်နှင့် မြန်မာအကဗေဒ ပြဋ္ဌာန်း မှတ်တမ်းတင်ရေး အစီအစဉ်တစ်ခုအတွက် နည်းပြဆရာမ အဖြစ် တာဝန်ယူထားရသူ ဖြစ်သည်။ ပန်တျာ ကျောင်းသူဘဝမှာလည်း သင်္ကြန်တစ်နှစ်၌ တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌ (ထိုစဉ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး) ၏ ဂုဏ်ထူးဆောင် ငွေဖလား ဆုကြီး ရရှိထားသူလည်း ဖြစ်၏။ သူကလည်း မြန်မာအကနှင့် ပတ်သက်လျှင် ထိုအချိန်ကနာမည်ကျော် …။
သင်္ကြန်အတက်နေ့ ည ဗဟိုမဏ္ဍပ်မှာ မြန်မာ့အနုပညာ အကျော်အမော် နှစ်ဦး ပြိုင်ပွဲ မြင်ကြရမှာမို့ ပရိသတ်က ညနေစောင်းကတည်းက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် ပြည့်လျှံသွားတော့၏။ အတက်နေ့မို့လည်း ဆုယူမည့် အလှပြယာဉ်တွေ၊ သံချပ်အဖွဲ့တွေ ကလည်း ဗဟိုမဏ္ဍပ်တောင်ဘက်ခြမ်းမှာ တန်းစီ နေရာယူထားကြသည်။ အတက်နေ့မို့ နောက်ဆုံး ပိတ် အိတ်နှင့်လွယ်ဆိုသလိုတစ်မြို့လုံးလည်း အခါတိုင်းနေ့များထက်စောစီးစွာသီချင်းသံ၊ ဂီတသံ၊ သံချပ်သံတွေလွှမ်းနေသည်။ ဗဟိုမဏ္ဍပ် ယိမ်းအဖွဲ့ကလည်း ပရိသတ်အင်အားကြောင့် အချိန်မဆိုင်းဘဲ သီဆိုကပြ ဧည့်ခံနေသည်။
“သည်ကမ်း … သည်သောင်၊ သည်တောင် ..သည်ယာ၊ သည်ရွာ .. သည်မြို့၊ သည်သို့ ..သည်ဓလေ့ ..၊
ပျော်မွေ့နှစ်ခြိုက် ..၊ စရိုက်အစဉ်အလာ …။
သည်မြေမှာမွေး .. ၊ သည်မြေသွေးပင် …၊
သည်မြေကိုလျှောက် …၊ သည်ရေသောက်လျှင်၊ ပန်းပိတောက်တို့ ပမာထင်၊
အပင်ချင်းယှက် .. ၊ အခက်ချင်းယှဉ် … ၊
ပန်းပိတောက်ရဲ့ ရွှေမျက်နှာ၊ ဝင်းထိန်လို့ဝါ …။
အနွယ်ချင်းယှက် ..၊ အခက်ချင်းယှဉ် ..၊
တစ်ပွင့်မြေသက်၊ တစ်ပွင့်တက်၊ တစ်ခက်ပက်ကြွေ ..၊ တစ်ခက်ေ၀ ၊
သည်အတာ သည်ရေသဘင်၊ အားသစ် မာန်သစ်ဝင် …”
ဆန်းသစ်လှသော စာသား၊ တေးသွားနှင့် သီချင်းဂီတသံတွင် ညီညာ ညက်ညောလှသော သင်္ကြန်အကများက ထောင်သောင်းချီ ပရိသတ်၏ အာရုံကို တုတ်တုတ်မျှ မလှုပ်အောင် ဖမ်းစားထားနိုင်၏။ ဤသို့ဖြင့် သင်္ကြန်ယိမ်းတွေ ကအပြီး လှုပ်လှုပ်ရွရွဖြစ်သွားသော ပရိသတ်အသံနှင့်အတူ တောင်ဘက် ကျောက်သွေး တန်းဆီမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းအတိုင်း အလှပြယာဉ်တစ်စီးက မီးရောင်စုံ ထွန်းညှိပြီး တေးဂီတ သံသာများနှင့်အတူ ဆုယူရန် တန်းစီ ရပ်ထားသော အခြားအလှပြယာဉ်များ၊ သံချပ်အဖွဲ့ ယာဉ်များကိုကျော်၍ ဗဟိုမဏ္ဍပ်သို့ တငြိမ့်ငြိမ့် ဝင်ရောက်လာ၏။ ပရိသတ်များက အချင်းချင်း ပူးကပ်ရှဲပေး၍ အလှပြယာဉ်ကို နေရာပေးသည်။ ကားဦးမှာ သမားတော်၏ ဆေးကြိမ်လုံးကို မြွေနှစ်ကောင် ရစ်ကာ ပါးပြင်းထောင်နေသည့် တံဆိပ်က အော်တိုမစ်တစ် မီးလုံးများနှင့် ထင်ရှားနေသည်မို့ ပရိသတ်၏ သြဘာသံက ဆူညံသွားသည်။ မျှော်လင့် တောင့်တနေသည့် “စေတနာ” အလှပြယာဉ်။
“စေတနာ” က ဗဟိုမဏ္ဍပ်ရှေ့ ရောက်သည်နှင့် ဂုဏ်ထူးဦးသိန်းနိုင် ၏ ပဏာမ အဖွင့်စကားအပြီး အော်တို ဆိုက်ဆိုဖုန်းဆရာက သူကိုယ်တိုင် ရေးစပ်သော သီချင်းစာရွက်လေးကို တိုက်ပုံအင်္ကျီ အပေါ်အိတ်မှာ အသင့်ထိုး ထားသော ပိတောက်ခက်လေး ကိုင်ကာ ကိုင်ကာ သီဆိုတော့၏။ ပရိသတ်က ကြုံဖူးပြီးမို့ သြဘာလက်ခုပ် ကျသွားသည်။ ဆက်တိုက်ဆိုသလို ဘဝဂ်ညံမျှ သြဘာလက်ခုပ် ကျသွားပြန်တာက သင်္ကြန်ယိမ်းသမများ အလယ် ကျုံ့ကျုံ့လေး ထိုင်နေသော အကနည်းပြဆရာမလေးက ထကာ ထဘီကို ပြင်ဝတ်ပြီး စင်ရှေ့ ထွက်၍ ကပြလိုက်ခြင်းမို့ ဖြစ်သည်။ ပွဲကြီးပွဲကောင်း တွေ့ပြီ။
အနုပညာ ပြိုင်ပွဲ
——————–
အော်တို ဆိုက်ဆိုဖုန်းဆရာက သီချင်းအပြီး သူ့လက်စွဲ အော်တို ဆိုက်ဆိုဖုန်းကို ကောက်ပြီး သီချင်းသွားကို မှုတ်လိုက်၏။ သီချင်းသွား က ယိုးဒယားတီးကွက် အသွား ဖြစ်သည်။ အက,ကလည်း ညက်ညက်ကလေး။ ထို ယိုးဒယားအသွားမှာ ဖျင်းချဉ်အပိုဒ်လို ရေလည်စိမ် ပဒေသာသီချင်းများ အကုန်ဆိုပါတော့။ အကနည်းပြ ဆရာမလေး ကလည်း တေးသွား စည်းချက်အလိုက် နုနုလှလှလေး ကနေ၏။ ပရိသတ် သြဘာ လက်ခုပ် ကျသွားသည်။ ဤသို့ဖြင့် နာရီဝက်၊ ၄၅ မိနစ်၊ ၁ နာရီ။ နှစ်ယောက်စလုံး အလျှော့မပေးကြသေး …။
အတက်နေ့မို့ ဆုပေးမည့် အစီအစဉ်တွေ မစရသေး။ ဗဟိုမဏ္ဍပ်မှ တာဝန်ရှိ လူကြီးများက ရပ်စေချင်ပြီ။ ထို့ကြောင့် ပြိုင်ပွဲဝင်အသင်းများ အတွက် တပ်ဆင်ထားသော ချိန်မှတ် မီးနီကို မကြာခဏ အချက်ပြ၍ စေတနာအသင်း၏ တီးမှုတ်မှုကို ရပ်စေ၏။ မရ။ စေတနာအသင်းက အော်တို ဆိုက်ဆိုဖုန်းဆရာကလည်း အပွဲပွဲ အနိုင်ယူခဲ့သမျှ အခု အလျှော့မပေး။ ထို့အတူ အကနည်းပြ ဆရာမလေးကလည်း အလျော့မပေးနိုင်။ သည်လိုနှင့် ၁ နာရီနှင့်မိနစ် ၃၀ ခန့် ကြာလောက်ပြီ။ မည်သို့မ ှတားမရသည့် အဆုံး၊ နယ်မြေပိုင် ရဲစခန်းကို အကူအညီ တောင်းလိုက်ရတော့သည်။ ဗဟိုမဏ္ဍပ်နှင့် ၂ ပြကျော်သာ ဝေးသော ယိုးဒယားဈေးဂတ် (ယခု အမှတ် ၈ ရဲစခန်း) သို့ စေတနာ အလှပြယာဉ်ကို ခေါ်ဆောင်သွားသည်။ သည်အထိ အော်တို ဆိုက်ဆိုဖုန်းဆရာက အမှုတ်မပျက်။ မဏ္ဍပ်ပေါ်မှ အကနည်းပြ ဆရာမလေးလည်း အကမပျက်။ အသံတွေဝေး .. ဝေး၍ ပျောက်သွားမှ အကရပ်တော့သည်။ ပညာရှင်နှစ်ဦး ပြိုင်ပွဲက ဘယ်သူ့ဘယ်သူမှ မနိုင်….။
သို့သော် နိုင်သူက နိုင်သွားပါ ၏။ ပရိသတ် ဖြစ်ပါသည်။ ပရိသတ်က အုံနှင့်ကျင်းနှင့် တောင်းဆိုမှုကြောင့် တာဝန်ရှိ လူကြီးများ အစီအစဉ်ဖြင့် အော်တို ဆိုက်ဆိုဖုန်း ဆရာကို ဗဟိုမဏ္ဍပ်ပေါ်သို့ ပြန်လည် ခေါ်ယူကာ ပရိသတ် စိတ်ကြိုက် ကျေနပ်သည်အထိ အကနည်းပြဆရာမလေး၏ အကနှင့်အတူ ဖျော်ဖြေစေခြင်းပဲ ဖြစ်ပါ၏။ သည်တစ်ခါ သူနိုင်ကိုယ်နိုင် ပြိုင်ပွဲမဟုတ်။ အနုပညာရှင်နှစ်ဦးက အပြန်အလှန် အပေးအယူနှင့် အနုပညာ ကွန့်မြူးမှု …။ ပရိသတ်ကြီးကလည်း ၄ ပြနီး ပါးလောက်ထိ ကပ်ညပ်ခဲကာ သြ ဘာ လက်ခုပ်မစဲ အားပေးကြဆဲ …။
အော်တို ဆိုက်ဆိုဖုန်းဆရာက ကချင်မြေသိန်းနိုင်လေး …။
အကနည်းပြ ဆရာမလေးက ခင်ဝင်းနွယ် …။
သည်တုန်းက မမခင်ဝင်း မျက်နှာနှင့် အဘ၊ အမေ နှင့် ကျွန်တော် VIP ဖြစ်ခဲ့ပေါ့။
