သူတို့အိမ် အခန်း – ၅၇

 

 

ဆူးငှက်

 

အနှစ် ၂၀ စီးပွားရေး စီမံကိန်းတဲ့
————————————–

အိမ်မှာ လပေးယူသော ဟံသာဝတီ သတင်းစာကိုလည်းဖတ်၊ မနက်တိုင်း ဆွမ်းခံကြွလာသည့် စလေကိုယ်တော်ကြီး လှဂုဏ်ရည်ဓာတ်ပုံတိုက်က အလှူခံလာသည့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ ဗိုလ်တထောင် သတင်းစာများကိုလည်း ဖတ်ရသည်။ ထို့ပြင် ဦးကြီးချို အလုပ်ခုတင်ဘေး ခုံပေါ်က ရှုထောင့် အိုးဝေ ပြည်သူ့ကြယ် စသည့် ဂျာနယ်တွေလည်း ဖတ်ဖြစ်သည်။ ထိုအခါ ထိုစဉ်ကာလ နိုင်ငံရေး အနေအထားများကို အထိုက်အလျောက် အနည်းအများ စိတ်ဝင်စားမိ သည်။

ထိုမျှမက စနေနေ့ညတိုင်း ဟန်းဘားစက်ဘီးကြီးနှင့် ရောက်လာပြီး ကိုဌေးအောင် နှင့် ကျွန်တော့်ကိုပါ ခေါ်ကာ ၂၆ဘီလမ်း သင်္ဘောတန်းလမ်းထိပ်က အကောင်းကြိုက်ကဖေးတွင် ဆိုင်ပိတ်လုနီးသည်အထိ ထိုင်၍ လက်ရှိ အနေအထား များကို ကိုဌေးအောင်နှင့် ဦးဆောင်ဆွေးနွေးလေ့ရှိသည့် ဝမ်းကွဲအစ်ကိုကြောင့်လည်း နိုင်ငံရေးဟူသည်ကို အနည်းအကျဉ်း သိနေသည်။ ထိုစဉ်ကာလ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ၁၉၆၂ခုနှစ်မှသည် ၁၉၇၂ခုနှစ်အထိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ အရပ်ရပ်ကို သုံးသပ်ကာ အနှစ်၂၀စီးပွားရေးစီမံကိန်းကို ရေးဆွဲသည်။ ထိုစီမံကိန်းက ၁၉၇၃-၇၄ မှသည် ၁၉၉၃-၉၄ အထိ ၄နှစ်တကြိမ် ကာလ အဖြစ် စီမံကိန်း ၅ကြိမ် သတ်မှတ်ထားသည်။

ထို အနှစ်၂၀ စီးပွားရေး စီမံကိန်းက ပထမဦးစားပေးအဖြစ် လယ်ယာ သားငါး မွေးမြူရေးကဏ္ဍနှင့် သစ်တောကဏ္ဍတို့၏ ထုတ်လုပ်မှုကို တိုးချဲ့ကာ ထိုကဏ္ဍများ၏ နိုင်ငံခြားပို့ကုန်များ တိုးမြှင့်ရန်တဲ့။ ဒုတိယ ဦးစားပေးက ထိုကဏ္ဍများကို တိုးချဲ့ပြီး သွင်းကုန်အစားထိုး စက်မှုလုပ်ငန်း တိုးတက်ရန်တဲ့။ တတိယ ဦးစားပေးက တွင်းထွက် ပစ္စည်းထုတ်လုပ်မှုကို အမြင့်ဆုံးရောက်အောင် ထုတ်လုပ်ပြီး ဒီထွက်ကုန်ကို အခြေခံတဲ့ အကြီးစား စက်မှုလုပ်ငန်းများ အခြေခံရန်တဲ့။

ချုပ်လိုက်လျှင် ထို အနှစ်၂၀စီမံကိန်းက လယ်ယာကို အခြေခံသော စက်မှု စီးပွားရေးကို ထူထောင်ရန် ဖြစ်သည်။ ထိုအခါ တချို့က ၁၉၆၂ခုနှစ်မှ စ၍ တောင်သူလယ်သမား နှီနှောဖလှယ်ပွဲတွေ၊ အလုပ်သမား နှီးနှောဖလှယ် ပွဲတွေ အကြီးအကျယ် ပြုလုပ်ကာ အခုလည်း လယ်ယာကဏ္ဍကို အခြေခံသော စက်မှုစီးပွားရေး ထူထောင်ရန် ဟု ဆိုသောအခါ မျှော်လင့်ချက်နှင့် သဘောကျနေကြသည်။

 

 

ကျေးဇူးရှင် ဦးကြီးများနှင့် မောင်အလုပ်သမားဆိုရင်
———————————————————

မှတ်မှတ်ရရ ထိုအကြောင်းကို ကျွန်တော်တို့ စနေည အကောင်းကြိုက်ဝိုင်းမှာ အစ်ကို၂ယောက်က ဆွေးနွေးကြသည်။ ကွန်တော်က နားထောင်သူပေါ့။ သူတို့ဆွေးနွေးရာတွင် အစ်ကိုတစ်ယောက်က လက်ခံသယောင် သဘောကျ သယောင် ဆွေးနွေးသည်။ ဟန်းဘားစက်ဘီးကြီးနှင့် လာသော အစ်ကိုက မြန်မာပြည်၏ လက်ရှိ လယ်ယာမြေပိုင်ဆိုင်မှုနှင့် လယ်ယာလုပ်ငန်းခွင် အနေအထားအရ လက်တွေ့မကျပုံကို သုံးသပ်ပြသည်။ ကျွန်တော်ကတော့ တစ်ယောက်က လက်ခံကြောင်း ဆွေးနွေးလျှင် ဟုတ်သားပဲဟု ဆိုကာ လက်ခံလိုက်သည်။ တစ်ယောက်က မဟုတ်သေးဘူး ဒါက ဒီလိုရှိတယ် ဟု ဆိုလျှင်လည်း ဒါလည်းဟုတ်တာပဲဟု ဆိုကာ သူ့ချေပမှုကို လက်ခံလိုက်ပြန်၏။ ထိုသို့ အဆိုတင်ကြ ချေပကြတိုင်း သူတို့က နာမည်ကျော် ဝတ္ထုကြီးတွေကို ကိုးကားကြသည်။

နာမည်ကျော် စာရေးဆရာကြီးတစ်ဦး၏ ဝတ္ထုရှည်ကြီး တစ်ပုဒ်တွင် ကျေးလက်က လယ်သမားဦးကြီးက ဆန်ကို အိတ်လိုက်ထောင်စားတာ၊ သစ်သားတံခါးရွက် အပြည့်နှင့် လုံခြုံသော အိမ်မှာ နေထိုင်တာ ဒါတွေက တကယ့် လက်တွေ့ လယ်သမားဘဝနဲ့ ကင်းကွာပြီး စိတ်ကူးယဉ် လယ်ယာကဏ္ဍမြှင့်တင်ရေးပဲ ဖြစ်ကြောင်း လယ်သမားကို ကျေးဇူးရှင် ဦးကြီးများလို့ ခေါ်ရုံ အလုပ်သမားတွေကို မောင်အလုပ်သမားဆိုရင် မေကပင် စတင် ချစ်ပါရစေရှင်ဆိုရုံနှင့် သူတို့ ဘဝကို သိနားလည်တယ်ဟု မယုံမှတ်အပ်ကြောင်း စသည်ဖြင့် ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးကြရင်း မြန်မာဝတ္ထုရှည်များ မှသည် တရုတ်ဝတ္ထုရှည်ကြီး တစ်ပုဒ်အကြောင်းထိ ပါလာသည်။ မုန်တိုင်းတဲ့။

ကျွန်တော် လိုက်မမီတော့။ သည်တွင် စာအုပ်တွေကို ပိုဖတ်ချင်လာသည်။ အစ်ကိုတွေပြောတာ ပိုနားလည်ချင်လာသည်။ သူတို့ပြောသည့် အကြောင်းအရာတွေကို ကိုယ်လည်းသိချင်လာသည်။ ထို့ကြောင့် မြဝတီ စာကြည့်သင်းသို့ ရောက်တော့ ဝမ်းကွဲ အစ်ကိုက မောင်သာရ ဝတ္ထုတွေ စဖတ်ခိုင်းသည်။ ဖိုးကျော့ဝတ္ထုတွေ ဖတ်ခိုင်းသည်။ နိုင်ဝင်းဆွေ ဝတ္ထုတွေ ဖတ်ခိုင်းသည်။

 

မှန်အိမ်လေး အလင်းရောင်အောက်က စာအုပ်တွေ
———————————————————-

တစ်အုပ် ဖတ်ပြီးတိုင်း သူက ထိုစာအုပ်နှင့် ပတ်သက်၍ ကျွန်တော့် အမြင်တွေကို ပြောစေသည်။ ပြီးတော့ သူက လက်ခံစရာရှိလျှင်လည်း ဒါပေါ့ကွ၊ ဟုတ်တယ်၊ အဲလိုဖြစ်ရမှာ ဟု ချက်ချင်းပြောသည်။ အကယ်၍ အမြင်မတူလျှင်လည်း ဒါက ဒီလိုရှိတယ်ကွ ဟု ဆိုကာ ရှင်းပြသည်။ ထိုအခါ ကျွန်တော်လည်း ကျွန်တော့် အမြင်ကို ပြန်လည် သုံးသပ်ရတာပေါ့။ ကျွန်တော်က မောင်သာရ ၏ မတ်တတ်ရပ်လို့ လမ်းမှာငို ကို အတော်ကြိုက်သည်။ တကယ့် အလုပ်သမားတယောက် ဘဝ သရုပ်ဖော်ပဲဟု ဆိုတော့ သူက ခေါင်းတညိတ်ညိတ်နှင့် ပြုံးနေသည်။

ဟုတ်တယ် ဒီခေတ်မှာတော့ ဖတ်သင့်တဲ့ စာအုပ်ပဲကွ။ ဒါကြောင့် ငါက အဲ့ဒီ စာအုပ်ကို ညွှန်းတာ။ ဒါပေမယ့် စဉ်းစားကြည့်လေကွာ၊ စာရေးသူက အာဏာရပါတီရဲ့ သုတေသနဌာနက အရာရှိကွ။ သူက တက္ကစီသမားတစ်ယောက် ဘဝလေ့လာချင်လို့ဆိုပြီး ကုန်းလမ်းမှာ တရားဝင် ခွင့်တောင်းပြီး ကားတက်မောင်းတာကွ။ တကယ့် အရာရှိတွေဘဝ၊ ဗြူရိုကရက်တွေ အကျင့် ဘယ့်နှယ် သိမှာလဲ။ ပြီးတော့ တက္ကစီသမားတစ်ယောက်ရဲ့ တကယ့်ဘဝကိုရော သူ့လေ့လာမှု ကာလအရ အမှန်အတိုင်း သိပါ့မလား၊ တက္ကစီဒရိုင်ဘာ ဆိုတာကရော တကယ့် အရင်းမဲ့ အလုပ်သမားဟုတ်ရဲ့လား စတာတွေပေါ့ကွာ။ မင်းမှတ်မိလား ၂၈လမ်းဈေးချိုဘေး ၂ထပ်တိုက်ပေါ်က ပညာတတ် တစ်ယောက်က အလုပ်သမား လူတန်းစား ဘဝ လေ့လာဖို့ လုပ်သားဆိုင်မှာသားရေတွေ လာဖြတ်နေတာလေ၊ ယိုးဒယားဇာပေါက် စွပ်ကျယ်နဲ့။ အလုပ်သမားတွေ ကိုယ်တိုင် တကယ့် လယ်သမားတွေ ကိုယ်တိုင် စာတွေရေးနိုင်မှ ဘဝသရုပ်ဖော် ဝတ္ထုအစစ်တွေ ထွက်လာမှာကွ တဲ့။ သူက ထိုသို့ အချက်အလက်နှင့် ရှင်းပြတတ်သည်။

ထို့အတူ နိုင်ဝင်းဆွေ၏ မသိန်းရှင်ဆီ ပို့ပေးပါ ဝတ္ထုကို ဖတ်ပြီးလျှင်လည်း ရန်-ငါ ကိစ္စကို ရှင်းပြသည်။ အဲ့ဒီ ဝတ္ထုထဲက မီးရထားရဲ ထွန်းမောင်က ရန်သူကွ၊ သူ့ကို စာနာလို့မရဘူး၊ လက်မှတ်စစ် ကိုရင်မောင်က သူ့ကို စာနာ သည်းခံပြီး ခွင့်လွှတ်ခဲ့လို့ ညိုညို မသေသင့်ဘဲ သေရတာလေ။ ဒီဝတ္ထုမှာ ညိုညိုတို့ ကိုရင်မောင်တို့ဆိုတာ ဓမ္မဘက်က၊ ထွန်းမောင်က အဓမ္မဘက်က၊ ဒီတော့ ဓမ္မနဲ့ အဓမ္မမှာ ရန်-ငါ မပြတ်လို့ မရဘူးလေ တဲ့။ ထိုသို့ ဆွေးနွေးမှုမျိုး ဖြစ်သည်။

သည်တော့ ညပိုင်း ကျွန်တော့်စာကြည့်စာပွဲမှာ မှန်အိမ်လေး လင်းနေသည်မှာ ကျောင်းစာတွေ ကျက်မှတ် တွက်ချက်နေခြင်း အချိန်က အလွန်နည်းနေတော့သည်။ မှန်အိမ်လေး၏ အလင်းရောင်မှာ မောင်သာရတွေ နိုင်ဝင်းဆွေတွေ ဗန်းမောင်တင်အောင်တွေ မြသန်းတင့် တွေ ၏ အချိန်တွေက ပိုများနေတော့သည်။ သည်ကြားထဲ ကျွန်တော်နှင့် ရင်းနှီးသော ရပ်ကွက်လူကြီး ဦးချစ်စိန်က သူတို့ ကော်မရှင်ရုံးက ဝင်းပေါက်မှာပဲလေ။ ဒီဇင်ဘာမှာ အခြေခံဥပဒေ မူကြမ်း အတည်ပြုရန် ပြည်သူ့ဆန္ဒ ခံယူပွဲ အတွက် အလုပ်များနေတာ လုပ်အားပေးပါ တဲ့။ ကဲ… မူလတန်းကတည်းက သင်ကြားရွတ်ဆိုခဲ့တာ၊ ဘာတဲ့ အများအကျိုးဆောင် ကိုယ့် အကျိုးအောင် ဆိုတာ…။

 

ဝင်းပေါက်မှာ ရေကန်၊ ရေကန်ဘေးမှာ ရုံး
———————————————–

စိုင်ပြွန်ရိပ်သာ ဝင်းပေါက်ရှေ့ ကျုံးရေကန်ဘေးတွင် ရပ်ကွက်ကောင်စီရုံးအသစ် ဖွင့်လှစ်ထားသည်။ ထိုရုံး အပေါ်ထပ်မှာက ကော်မီရှင်ရုံးတဲ့။ ရုံးပေါ်မှာ မနက်တိုင် လူစုံသည်။ အိမ်တော်ရာ မြောက်ပေါက်က ကျောင်းဆရာ ရှိသည်။ သူက လမ်းစဉ်ပါတီအပေါ် အတော် တိမ်းညွတ်သည်။ အသားဖြူဖြူ ဥပတိရုပ်ကောင်းကောင်းနှင့် ဆံပင်တိုသည်။ နောက် ၂၆ဘီလမ်း ဆိုင်းတန်းရုပ်ရှင်ရုံ အပေါက်နှင့် မျက်နှာချင်ဆိုင် ဝင်းထိပ်က တစ်ယောက်ကတော့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူဖြစ်သည်။ သူက ဂင်တိုတို ကွမ်းအမြဲစားကာ တစ်တောင်ခန့်ရှိသည့် မျက်နှာသုတ် တဘက်လေးကို ပုခုံးပေါ် အမြဲတင်ထားသည်။ ထို တဘက်လေးနှင့် အဆီပြန်နေသော မျက်နှာကို မကြာခဏသုတ်ကာ ပုခုံးပေါ် ပြန်တင်သည်။ ထို အပြုအမူက လိုခေတ် လိုကာလ မိမိကိုယ်မိမိ တာဝန်ရှိသူဟု ခံယူထားသူများ စတိုင်ဖြစ်သည်။

နောက်တစ်ယောက်က ဆင်တံတားပေါ်က ဖြစ်သည်။ သူက အသက်ငယ်သည်။ မျက်လုံးပြူးပြူးနှင့် အရပ်ခပ်ပြတ်ပြတ် ပိန်ပိန်ပါးပါးပါပဲ။ သူက မြို့နယ်အဆင့် ယူနစ်ကော်မီတီဝင် လူငယ်တာဝန်ခံဖြစ်သည်။ နောက် တစ်ယောက် ကလည်း ဆင်တံတားကပါပဲ။ သူက ခပ်ပိန်ပိန်နှင့် အရပ်ရှည်သည်။ ခါးကိုင်းကိုင်း ဆံပင်တိုတို။ သူကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှာ တာဝန်ရှိသူဖြစ်သည်။ နောက်တစ်ယောက်က အသားညိုညို အရပ်ပုပု ဆံပင်ပါးကာ ထိပ်ပြောင်သည်။ သူက ဘိလပ်ရည် စက်ရုံတစ်ရုံက အလုပ်ကြပ်တစ်ယောက်ဖြစ်သည်။ နောက်တစ်ယောက်က ပိန်ပိန်ပါးပါး သွားဖုံးမို့မို့ ဆံပင်တိုတိုနှင့် မြင်းလှည်းထောင် တစ်ဦး ဖြစ်သည်။ သူက အသံကျယ်ကျယ်ဖြင့် ငြင်းခုန်လေ့ရှိသည်။ နောက် တစ်ယောက် က ကျွန်တော်တို့ ဝင်းထဲက ရပ်ဆွေရပ်မျိုး ဦးလေးပု ပေါ့။ နောက်တစ်ယောက်က ဒေါင်းရိုး အရှေ့ထိပ်မှာ နေသည့် ဦးချစ်စိန်ပေါ့။

 

ဦးလေးပု၏ ထမင်းဝိုင်း
————————

ရုံးပေါ်မှာက သတင်းစာတွေ၊ လမ်းစဉ်ပါတီက ထုတ်သည့် နိုင်ငံတကာရေးရာ စာစောင်နှင့် ဂျာနယ်တွေ ရှိသည်။ ထို့ပြင် ဝတ္ထုစာအုပ် မဂ္ဂဇင်းစာအုပ် အနည်းငယ်ရှိသည်။ ရုံးပေါ်မှာ လုပ်အားပေးကြတာက ဦးလေးပု သား ကိုတင်ရှိန် က ခေါင်းဆောင် သည်။ သူက ရပ်ကွက် သမဝါယမဆိုင်မှာလည်း အမှုဆောင်ထဲ ပါသည်။ သူကလည်း အာဂလူ။ သူ့ဖခင် ဦးလေးပုက အလွန်စံနစ်ကြီး၏။ ဦးလေးပု က ဝင်းပေါက်တွင် ကွမ်းယာဆိုင်ဖွင့်ကာ ဆိုင်မှာပဲ ညအိပ်သည်။ သူက ထမင်းပြန်စားတော့ ဝင်းထဲက အိမ်မှာပဲ ပြန်စားသည်။ ဝင်းထဲက အိမ်မှာ သူ့ ယောက္ခမ ဒေါ်ကြင်ပုနှင့် သမီး၃ယောက် သားတစ်ယောက် ရှိသည်။

ဦးလေးပု ထမင်းစားမည် ဆိုပါက အိမ်ရှေ့ခုတင်မှာ ထမင်းပွဲကို စာပွဲဝိုင်းတွင် သေချာ ပြင်ဆင်ထားရ၏။ ထမင်း ဟင်းခွက်အစုံ ထမင်းလိုက်ကြွေအုပ် လက်ဆေးဇလုံ နှင့် လက်သုတ် ပုဝါကအစ အဆင်သင့် ပြင်ထားရ၏။ မလှမ်းမကမ်းမှာလည်း သမီးတစ်ယောက်က ဟင်းလိုက် ထမင်းလိုက်ဖို့ စောင့်နေရသည်။ ဦးလေးပု နေ့စဉ်ထမင်းစားပုံက ဘုန်းကြီးဆွမ်းကပ်သလို ပြင်ဆင်ပေးရ၏။ သူစားပြီးမှ ဇနီး ဒေါ်အောင်မေနှင့် သားသမီးများ စားကြရသည်။ အိမ်မှာ အမေက ထမင်းစားမည်ဟု ပြင်ဆင်လို့ အစ်မတွေက နှောင့်နှေးကာ မပြည့်မစုံ ဖြစ်နေလျှင် “နင်တို့ မောင်ပု သမီးတွေ ဖြစ်စေချင်တယ်၊ ဒါမှ ထမင်းပွဲ လှန်ချပြီး အရိုက်ခံရမှာ” ဟု ပြောလေ့ရှိသည်။

 

နေရှင်နယ်ကျောင်းသား အာဂယောက်ျား
———————————————

စောစောက စကားပြန်ဆက်ရလျှင် ထိုသို့ သားသမီးအပေါ် စည်းစံနစ်ကြီးလှသော ဦးလေးပုတစ်ယောက် သူ့သား မောင်တင်ရှိန်က ခွင့်မဲ့ ကျောင်းပျက်ရက်တွေများကာ စည်းကမ်း ချိုးဖောက်သောကြောင့် ကျောင်းထုတ်ထား ခံရသတဲ့။ သို့သော် မောင်တင်ရှိန်က သူ့အဖေကို ကြောက်လို့ အိမ်ကိုမပြောဘဲ ဣန္ဒြေမပျက် မနက်ဆိုလျှင် ကျောင်းဝတ်စုံနှင့် လွယ်အိတ်လွယ်ကာ ကျောင်းမုန့်ဖိုးတောင်း ကျောင်းသွား၊ ညနေကျောင်းဆင်းချိန် လွယ်အိတ်လေး လွယ် အိမ်ပြန်လာ ထမင်းစား၊ ညကျ စာအုပ်လေးလှန် စာကြည့်နဲ့တဲ့။ အဲ့လိုနေနေတာ တစ်လ နှစ်လ မဟုတ်ဘူး၊ တစ်နှစ်တောင် ကြာသတဲ့။

တစ်ရက် ဦးလေးပုက သူ့သား မောင်တင်ရှိန် ကျောင်းတက်နေတဲ့ နေရှင်နယ်ကျောင်း ဆရာလေး ကိုအောင်သိန်းနဲ့ အမှတ်မထင်တွေ့တော့ မောင်တင်ရှိန်ရော စာလိုက်နိုင်ရဲ့လား မေးတော့ ဆရာလေး ကိုအောင်သိန်းက ဟောဗျာ ကိုပု ခင်ဗျားသားကို ကျောင်းထုတ်ထားတာ တစ်နှစ်တောင်ရှိရော့မယ်လို့ ပြောမှ သိရသတဲ့။ ဘာပြော ကောင်းမလဲ၊ အိမ်ရောက်တော့ ကျောင်းဆင်းချိန် စောင့်ပြီး လွယ်အိတ်လေးနဲ့ ဟန်မပျက် ပြန်လာတဲ့ သူ့သားကို ရိုက်လိုက်တာ မြင်မကောင်းလို့ ဝိုင်းဆွဲရသတဲ့။ အဲဒီ ကိုတင်ရှိန်က စကားပြော ကောင်းသည်။ အထူးသဖြင့် ဟာသတွေကို ပွဲကျလောက်အောင် ပြောနိုင်သည်။ လူကလည်း သပ်သပ်ရပ်ရပ်နေသည်။ သူ့ကိုယ်သူ မင်းသား ထွန်းထွန်းဝင်းနှင့် တူသည်ဟု ပြောလေ့ရှိသည်။ ထွန်းထွန်းဝင်းကလည်း ပေါ်ကာစမို့ မျက်လုံးလေးမှေး၍ ကြည့်ပုံက ကိုတင်ရှိန် မျက်လုံးနည်းနည်း မှေးတာနှင့် တူသယောင်ပေါ့။ သူက ကျောင်းက ထွက်ပြီး လုပ်သားဆိုင်မှာဝင်၍ အလုပ်လုပ်ရာ ဆိုင်ဘောလုံးအသင်း၏ ဂိုးသမားဖြစ်သည်။ ထိုမှတဆင့် မြို့နယ်အဆင့်ထိ အရွေးခံရသေး၏။ လုပ်သားဆိုင်က ထွက်ပြီးနောက် ကိုတင်ရှိန်က ရပ်ကွက်အခြေခံ သမဝါယမ အသင်းမှာ အမှုဆောင် တာဝန်ယူထား၏။

ရုံးပေါ်တွင် ကိုတင်ရှိန်ဦးဆောင်ပြီး ကျွန်တော် သောင်းထွန်း ကြည်လွင်တို့အပြင် ဝင်းအနောက်ဘက် အရပ်က ရပ်ကွက်လမ်းစဉ်လူငယ် ခေါင်းဆောင် ကျောင်းသူ တစ်ယောက်နှင့် အဖွဲ့ဝင် ကျောင်းသူ တစ်ယောက်လည်း ပါသည်။ မနက် ၈နာရီ ထိုးသည်နှင့် ရုံးပေါ်မှာ လူစုံကာ လက်ဖက်ရည် သောက်ကြ၊ မုန့်စားကြ၊ မဲရုံစာရင်းတွေ လုပ်ကြ၊ စကားပြောကြ၊ လူကြီးတွေက ငြင်းခုန်ကြ၊ ညနေကျ ထမင်းထုပ် သို့မဟုတ် ခေါက်ဆွဲကြော် ဝယ်စားကြ၊ တရုန်းရုန်းနှင့် ည၁၀နာရီ ၁၁နာရီလောက်မှ အိမ်ပြန်ကြသည်။

တကယ်တော့ လူငယ်ဘဝတွင် အများအတွက် အလုပ်လုပ်သည်။ စုစည်း စုပေါင်း အလုပ်လုပ်ကြသည်ကို နှစ်သက် မြတ်နိုးသည့် သဘော သဘာဝ ရှိသည်။ ထိုအခွင့်အရေးကို အကောင်းဘက်သို့ ရယူဆွဲဆောင်နိုင်ဖို့ အဓိက မဟုတ်လား။ ဒါကို ထိုစဉ် အာဏာရ အဖွဲ့အစည်းက အသုံးချလိုက်ခြင်း ဖြစ်ပါ၏။ ထိုသို့ မနက်လင်းမှ ညမိုးချုပ် ဝင်းပေါက်ရှေ့ ရုံးပေါ်မှာချည်း အချိန်ကုန်တာ ၂ပတ်ကျော်ကြာတော့ စနေနေ့ညတိုင်း လာနေကျ အစ်ကိုဝမ်းကွဲက သူလာတိုင်း ကျွန်တော့်ကို မတွေ့သောအခါ ကျွန်တော့် အတွက် စာတိုလေး တစ်စောင်နှင့် စာအုပ်တစ်အုပ်ကို အိမ်မှာ ပေးထားခဲ့ပါ၏။

 

စာအုပ်ထဲက စာတစ်ပုဒ်
————————-

ကျွန်တော်က စာတိုလေးကို ချက်ချင်းဖတ်သည်။ ထို့နောက် သူပေးခဲ့သော စာအုပ်ထဲက သူညွှန်းသည့် စာတစ်ပုဒ်ကို သေချာဖတ်ဖြစ်သည်။ တစ်ကြိမ်မက အကြိမ်ကြိမ်၊ ထို့နောက် စာအုပ်ကို ဘေးချကာ စဉ်းစားသည်။ သည်တစ်ခါ ဘေးချထားသော စာအုပ်ကို ပြန်ယူ၍ စာပိုဒ် တစ်ပိုဒ်ကို သေချာ ဖတ်မိပြန်၏။

ထိုစာပိုဒ်က ဤသို့ဖြစ်သည် …

ကျွန်တော့် မိတ်ဆွေသည် ခေါင်းကို တဆတ်ဆတ် ညိတ်လျက်ရှိသည်။ ကျွန်တော့်စကားများကို ထောက်ခံသည့် သဘောပေလော။ မော်တော်ကားသည် လှိုင်းထလျက်ရှိသော ကတ္တရာလမ်းပေါ်တွင် ပြေးလွှားနေသည့် အတွက်ကြောင့် လော။ မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို ကျွန်တော်မသိ။

“ကျွန်တော်တို့ဟာ လူ့ဘဝနောက်ခံကားကြီးပေါ်မှာ အချစ်ကို ဇာတ်လိုက်ထား ဖွဲ့သလို၊ ကိုယ်ကျိုး စွန့်လွှတ်မှု၊ အများကောင်းကျိုးအတွက် အနစ်နာခံမှု၊ သစ္စာရှိမှု ဆိုတာတွေကို ဇာတ်လိုက်နေရာထားပြီး မဖွဲ့သင့်ပေဘူးလား”

“ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့်”

ကျွန်တော့် မိတ်ဆွေက စီးကရက်တစ်လိပ်ကို မီးညှိ၍ ဖွာလိုက်သည်။

“ဒါပေမယ့် ဘာဖြစ်သလဲဗျ”

“အများအတွက် ကိုယ်ကျိုးစွန့်တယ်၊ အနစ်နာခံတယ်။ ဒါမျိုးတွေကို ဇာတ်အိမ်ဖွဲ့ပြီး ရေးသင့်တယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အများဆိုတာ ဘယ်သူ့ကို ပြောတာလဲ”

ကျွန်တော်သည် ကျွန်တော့် မိတ်ဆွေကို နားမလည်နိုင်သလို ဆတ်ခနဲလှမ်းကြည့်သည်။ ၎င်းသည် အလွန် ရှင်းလင်း လွယ်ကူသော စကားကို အဘယ်ကြောင့် ရှင်းလင်းချက် တောင်းဆိုလျက်ရှိသနည်း။ ပေါ့တန်သွားအောင် လုပ်ခြင်းလော၊ ကပ်သီးကပ်သတ် မေးခြင်းလော။

၎င်း၏ အမူအရာသည် လေးနက် တည်ကြည်သော အသွင်ကို ဆောင်လျက်ရှိသည်။

“အများဆိုတာ ဘယ်သူ့ကို ပြောတာလဲ ဟုတ်လား”

ကျွန်တော်က ၎င်း၏စကားကို ပဲ့တင်ထပ်၍ မေးလိုက်သည်။

“ ဟုတ်တယ်၊ အများရဲ့ ကောင်းကျိုးအတွက် အနစ်နာခံစွန့်လွှတ်တာမျိုးကို ရေးရမယ်လို့ ခင်ဗျားက ပြောသွားတယ် မဟုတ်လား။ အများဆိုတာ ဘယ်သူ့ကို ဆိုလိုတာလဲ”

“ အများဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ တွေ့နေတဲ့ လူတွေအားလုံးကို ဆိုလိုတာပေါ့ဗျ၊ ဝေနေယျသတ္တဝါတွေ အားလုံးပေါ့၊ ရှင်းရှင်း ကလေးပဲ”

ကျွန်တော်က စိတ်တိုလာသဖြင့် ခပ်ဆတ်ဆတ်လေး ပြောလိုက်သည်။ ကျွန်တော့်မိတ်ဆွေသည် ပြုံးလျက်ရှိ၏။

“ကျွန်တော်ကတော့ ဒါကို သဘောမတူဘူးဗျ၊ ဝေနေယျသတ္တဝါတွေအတွက် စွန့်လွှတ် အနစ်နာခံမယ်ဆိုတာဟာ တကယ်ကျတော့ အဓိပ္ပာယ်မရှိဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ထင်တယ်”

“ဗျို့လူ၊ ခင်ဗျား ဘယ်လို ပြောလိုက်တာလဲ၊ လူအများအတွက် စွန့်လွှတ် အနစ်နာခံခြင်းဟာ လူနတ်သာဓုခေါ်တဲ့ အလုပ်မျိုး မဟုတ်ဘူးလား။ …………….ခင်ဗျားတို့ ကျွန်တော်တို့ လုပ်နိုင်တာ မလုပ်နိုင်တာ အပထား၊ လုပ်နိုင်ရင် ကုသိုလ်ရတဲ့ အလုပ်မျိုးပဲ မဟုတ်လား။ ပြောစမ်းပါဦး”

ကျွန်တော့်မိတ်ဆွေသည် စီးကရက်ကို ဖွာရင်း ကျွန်တော့်စကားများကို နားထောင်လျက်ရှိသည်။ မည်သို့မျှ ပြောဆိုခြင်း မပြုချေ။

“ဘယ့်နှယ်လဲ၊ အများအတွက် စွန့်လွှတ် အနစ်နာခံတယ်ဆိုတာ မကောင်းဘူးလား။ ကျွန်တော်တို့ ခင်ဗျားတို့ မလုပ်နိုင်ရင်သာ ရှိရမယ်။ ဒါမျိုးကို ကျွန်တော်တို့ ထောက်ခံရမှာပဲဗျ”

ကျွန်တော်က မကျေနပ်နိုင်သေးဘဲ စကားစကို ပြန်ဆက်လိုက်သည်။

“စွန့်လွှတ် အနစ်နာခံတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘယ်သူ့အတွက် စွန့်လွှတ် အနစ်နာခံရ မှာလဲ။ လူအများအတွက်ဆိုတာ ဘယ်လိုလူတွေလဲ”

၎င်းက ဆက်မေးပြန်သည်။

“ခင်ဗျား တော်တော်ခက်ပါလား။ ကျွန်တော် ပြောပြီးပြီပဲ။ အများဆိုတာ လူသတ်္တဝါ ဝေနေယျအားလုံး ပုပုရွရွ မြင်သမျှ အားလုံး၊ မုန်းသူ ချစ်သူမဟူ အားလုံး ရန်သူ မိတ်ဆွေမခြား အားလုံး”

ကျွန်တော့် မိတ်ဆွေက လက်ကာ ပြလိုက်၏။ ပြီးမှ “ကျွန်တော် သိချင်တာ အဲဒါပဲဗျ။ မှန်ပါတယ်။ အများအတွက် စွန့်လွှတ် အနစ်နာခံတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်အများလဲလို့ စဉ်းစားလိုက်တော့ ပြဿနာရှိပါပြီ ခင်ဗျ။ ခင်ဗျားပြောတဲ့ အများထဲမှာ လူကောင်းလည်း ပါတယ်။ လူဆိုးလည်း ပါတယ်။ ရန်သူလည်း ပါတယ်။ မိတ်ဆွေလည်း ပါတယ်။ ချစ်သူလည်း ပါတယ်။ မုန်းသူလည်း ပါတယ်။ နိုင်ငံရေးစကားနဲ့ပြောရရင် ဓနရှင်ရောပါတယ်။ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမားတွေရော ပါနေတယ်။ ဒီတော့ ခင်ဗျားပြောတဲ့ အများဟာ လုံးထွေးနေတယ်။ လူဆိုးနဲ့ လူကောင်း ခွဲခြားမြင်တဲ့ အများအမြင် အဟုတ်ဘူး။ မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားမြင်တဲ့ အများမဟုတ်ဘူး”.. တဲ့။

ဒီစာပိုဒ်၊ ဒီအကြောင်းအရာတွေက ဆရာမြသန်းတင့်၏ ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ ထဲက ရွှေလင်းယုန်ရဲ့ “သူ” ဝတ္ထုကြီးနှင့် ပတ်သက်သော အမြင်များ ဖြစ်သည်။ စွန့်လွှတ် အနစ်နာခံခြင်းတဲ့။ အများအတွက်တဲ့။ ကျွန်တော် စာအုပ်ကိုဘေးချကာ အတွေးပွားရပြန်သည်။ ထို့နောက် အစ်ကိုဝမ်းကွဲ ရေးပေးခဲ့သော စာတိုလေးကို ပြန်ဖတ်ကြည့်မိသည်။

 

အကြိုက်ဆုံး စာအုပ်တစ်အုပ်
———————————

‘မောင်ကျော်ဆန်း၊ ငါ ပြီးခဲ့တဲ့ စနေကလည်း လာတယ်၊ အရင်အပတ် စနေကလည်း လာတယ်။ ၂ပတ်စလုံး မင်းကို မတွေ့ဘူး။ မင်းအဖေ ဦးကြီးပေါလူကို မေးကြည့်တော့ မင်းကောင် ဝင်းပေါက်က ရုံးမှာ မနက်ကတည်းက လုပ်အားပေး တဲ့။ ညလည်း မိုးချုပ်မှ ပြန်လာတာ လို့ ပြောတယ်။ လုပ်တာတော့ လုပ်ပေါ့။ အခုပေးခဲ့တဲ့ စာအုပ် ထဲက ကျွန်တော် ဆက်၍ရေးချင်သော ဝတ္ထုများ အမှတ်(၄) ကို သေချာဖတ်ပါ။ အကြိမ်ကြိမ် အပြန်ပြန် အလှန်လှန် ဖတ်ပြီးမှ မင်း ဆုံးဖြတ်ပေါ့။ ပြဿနာတစ်ရပ်အပေါ် ဝိဇ္ဇာနည်းကျ ဖြေရှင်းမှုကို လေ့လာဖို့က အခု မြသန်းတင့် ရဲ့ ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ စာအုပ်က အကောင်းဆုံးပါ။ စာအုပ်ကို မင်းအတွက် အပိုင် ပေးထားခဲ့ပါတယ်။” တဲ့။

ကျွန်တော် နောက်ရက်က စ၍ လုပ်အားပေး မသွားတော့ဘဲ ထိုစာအုပ်ကို တစ်နေကုန် ဖတ်ဖြစ်ပါတော့သည်။ (အခုထိလည်း မကြာခဏ ဖတ်ဖြစ်ဆဲ)။ လုပ်အားပေး မသွားဖြစ်တော့ပေမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲရုံတစ်ရုံက ဝင်းထဲရှိ ကားဂိုဒေါင်တွင် ပြုလုပ်သောအခါ ကိုကိုဦး(ကိုဇော်မျိုးဦး) က မဲရုံမှူး၊ ကိုမန်းမောင် က ဒုတိယမဲရုံမှူး၊ ၊ မမခင်စိန် နှင့် အနောက်ဝင်းက လမ်းစဉ်လူငယ် ကျောင်းသူတစ်ယောက်က က မဲပြားထုတ်ပေးသူ၊ ကျွန်တော်တို့ သောင်းထွန်းတို့ ကြည်လွင်တို့က မဲရုံအကူတဲ့။ သို့သော် မဲရုံအကူ ၃ယောက်ကတော့ အသက်၁၈နှစ် မပြည့်သေးလို့ မဲမပေးကြရသေး။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW