မတ် ၁၂ – ၂၀၂၆
SS (VOM)
စက်သုံးဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူရရှိနေရတာအပြင် ဆိုင်တွေက ပေပါ၊ ပုံးတွေနဲ့လည်း ရောင်းချမပေးတာကြောင့် တောင်သူတွေအနေနဲ့ မိုးကြိုကာလ လယ်ယာမြေတွေ ထွန်ယက်နိုင်ဖို့အတွက် ဆီရရှိဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က လယ်ဧက ၁၀၀ ကျော် လုပ်ပါတယ်။ ထွန်စက်ကြီး လည်း ရှိပါတယ်။ လယ် တဧကကို ပျမ်းမျှ ဆီကုန်နှုန်းက စိမ်းခွဲ ထယ်ရေး ၁ ဂါလံ၊ ခဲကြေထယ်ရေး ၁ ဂါလံ။ အဲဒီနှစ်ခုက မိုးကြိုပေါ့။ မိုးမရွာခင် ကြိုမောင်းရတာပါ။ မိုးရွာတာနဲ့ စက်ခုတ် ရပါတယ်။ နှစ်လွှာ ဆီ ၁ ဂါလံဝန်းကျင် ကုန်ပါတယ်။ တဧက အပေါ်ကို ဆီပျမ်းမျှ ၃ ဂါလံဝန်းကျင် ကုန်ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်ပျိုးရေး စိုက်ရမှာ။ သင်္ကြန်မတိုင်မီ ထွန်ယက်ရမှာပါ။ အခု ဆီမရလို့ ထွန်စက်တွေ ရပ်နားထားရပါတယ်” လို့ သန်လျင်မြို့က လယ်ယာလုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေးပြီး ဥပဒေတွေ ထုတ်ပြန်ပေးနေတာဟာ ကားနဲ့ မော်တော်ဆိုင်ကယ်တွေ အတွက်သာ ဖြစ်နေတာကြောင့် တောင်သူလယ်သမားတွေ သုံးပြုနိုင်ဖို့ လယ်ယာသုံး စက်ပစ္စည်းတွေအတွက် ဆီရရှိရေး ထုတ်ပြန်ပေးတာမျိုး တောင်းဆိုချင်တယ်လို့ သူက ပြောပါတယ်။
“စက်အတွက် ဆီရောင်းလို့ စက်ကြီး မောင်းသွားရင်လည်း ၁၂ ဂါလံဆန့်တဲ့အိုးက လမ်းခရီး ဆီကုန်တာက ၇ ဂါလံလောက်ကုန်တယ်။ စက်မောင်းသွားရင်လည်း ယဥ်ထိန်းက ထွန်စက်မတက်ရလမ်းမို့ ရစ်သေးတယ်။ ဒီလို အခက်အခဲတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဘာတွေဘယ်လို စီစဥ်ပေးနိုင်မလဲ သိချင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရအနေနဲ့ နိုင်ငံအတွင်း စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် ယာဉ်အမျိုးအစားအလိုက် ဆီရောင်းချမှု ကန့်သတ်ထားပြီး လုပ်ငန်းသုံး စက်သုံးဆီအတွက် သက်ဆိုင်ရာအဖွဲ့ရဲ့ ထောက်ခံစာပါရှိမှသာ ရောင်းချပေးမယ်လို့ အသိပေးထားပါတယ်။
“ဒါကလည်း အသံ အပြောကတော့ အဲဒီလို ရှိပေမယ့် လက်တွေ့သွားဝယ်ရင် မရှိတာ၊ ကုန်နေတာပါပဲ။ မရတော့ မှောင်ခိုဝယ်ရတယ်။ မှောင်ခိုဈေးက ၁ ဂါလံကို ကျပ် နှစ်သောင်း ပေးရတယ်။ ဒါတောင် တောင်းတောင်းပန်ပန်နဲ့ ဝယ်ရင်တောင် လိုသလောက် မရပါဘူး။ မှောင်ခိုသမားတွေတောင် ကျပ်တည်းတယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။
ပန့်ဆိုင်တွေမှာ လယ်ယာထွန်ယက်ဖို့ ဆီရရှိရင်တော့ စျေးအဆင်ပြေတဲ့အတွက် တောင်သူလယ်သမားတွေ ရင်းနှီးငွေ သက်သာသွားနိုင်ပြီး လက်ရှိ အခြေအနေအတိုင်း ဆိုရင်တော့ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်တွေ ပိုများလာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါအပြင် နောက်ထပ် တောင်သူတယောက်ကလည်း “ဆီမရရှိလို့၊ ဆီပြတ်လပ်သွားလို့၊ စိုက်ပျိုးလို့ မရခဲ့ အချိန်မမီခဲ့တာမျိုးတော့ မကြုံဖူးသေးပေမယ့် အခု ၂၀၂၆ မှာ တောင်သူလယ်သမားတွေ ပူပန်နေကြရပါတယ်။ လက်ရှိ လယ်သမားတိုင်းကို မေးကြည့်လို့ရပါတယ်။ ဧပြီလလောက်ဆို မိုးကြိုထယ်ရေးအတွက် ပဲစိုက်မယ့်သူ၊ နှမ်းစိုက်မယ့်သူတွေ လယ်တွေ ထယ်ထိုးထားရတော့မှာ။ အခုထိ ဆီမရသေးဘူး” လို့ ပြောပါတယ်။
လမ်းခရီးနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ နေရာတွေမှာ လယ်ယာအတွက် နှစ်စဉ် မတ်လ လကုန်ပိုင်းလောက်ကစပြီး သင်္ကြန်မတိုင်ခင် စက်သုံးဆီ ကြိုတင် ဝယ်ယူထားကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ခုဆိုရင် စက်ပိုင်မရှိတဲ့ လယ်သမားတွေက ကြိုတင်ငှားရမ်း ထွန်ယက်ချင်နေကြပြီ။ ရာသီဥတုကလည်း ဖောက်ပြားလာပြီလေ။ စက်ပိုင်တွေကလည်း မှောင်ခိုဆီရတဲ့သူက မောင်းတယ်၊ ဆီမရတဲ့သူက မမောင်းရဘူး။ အဓိက နောက်ဆုံးပိတ်က ခံရတာတော့ တောင်သူလယ်သမားပါပဲ” လို့ သူက ပြောပါတယ်။
ဒါအပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) က စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့လည်း သီးနှံ ရေဖြန်းရာမှာ စက်သုံးဆီ အသုံးပြုပြီး ရေတင်ရတာကြောင့် လက်ရှိမှာ စက်သုံးဆီ အလုံအလောက် မရရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“စိုက်ခင်းတွေက နေ့တိုင်း ရေဖြန်းနေရတာ။ အခု ဆီက ဝယ်ချင်တိုင်း ဝယ်လို့မရတော့ဘူး။ ဈေးတွေကလည်း တက်လာတော့ ကုန်ကျစရိတ်တွေ ပိုများလာတယ်။ ဆီဈေးကလည်း ၁ ဂါလံ ကျပ် ကိုးသောင်းဝန်းကျင် ဖြစ်နေပြီ။ စိုက်ပျိုးတယ်ဆိုတာက တရာသီလုံး အချိန်ယူပြီးမှ အသီးပေါ်ချိန်လေး ဝင်ငွေရတာပါ။ နောက်တနှစ်စိုက်ဖို့ အရင်းအနှီး၊ စရိတ်တွေကို သီးနှံပေါ်ချိန်အထိ ရင်းနှီးရတာပါ” လို့ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တောင်သူတယောက်က ပြောပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် အိမ်နီး ချင်းနိုင်ငံရဲ့ စက်သုံးဆီတင်ပို့မှု ယာယီရပ်ဆိုင်းလိုက်ခြင်းက အစပြုပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီစျေးနှုန်း မြင့်တက်မှု၊ ဆီရရှိဖို့ တန်းစီ စောင့်ဆိုင်းနေရမှု၊ အကန့်အသတ်နဲ့ ဝယ်ယူနေရမှုတွေ ရှိနေတဲ့အပြင် တချို့သော ဒေသတွေမှာ စက်သုံးဆီ ပြတ်လပ်တဲ့အထိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
“ဆီအခက်အခဲကြောင့် တောင်သူလယ်သမားတွေ ဆူပူမရှိပါဘူး။ စိုက်ပျိုးရေးစရိတ် ကြီးမြင့်လာမှုအတွက် တောင်သူလယ်သမားတွေ ဆူပူမှု မရှိပါဘူး။ ထွက်ကုန် စပါးစျေး နည်းပေမယ့် တောင်သူတွေ ဆူပူမှု မရှိပါဘူး။ ဒါတွေကို ဖြေရှင်းပေးမယ့်သူ၊ တောင်းဆိုပေးမယ့်သူ မရှိ ဖြစ်နေတာပါ” လို့ တောင်သူ တယောက်က ပြောပါတယ်။
စက်သုံးဆီလုပ်ငန်းရှင်တွေ အနေနဲ့ ဆီတွေကို မိမိတို့သဘောနဲ့ ရောင်းချပါက ရေနံထွက်ပစ္စည်း ထိန်းသိမ်း ကြီးကြပ်ရေးအဖွဲ့မှ အရေးယူသွားမှာဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံစာပါရှိမှသာ ပုံး၊ ပေပါတွေနဲ့ ရောင်းချပေးဖို့ အစိုးရက ညွှန်ကြားထားတာ ဖြစ်ပါတယ်။
Photo – CJ
