တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာနိုင်တာကြောင့် ယွမ်ငွေ ခွင့်ပြုပေးခြင်းဖြစ်နိုင်

မတ် ၂၁ – ၂၀၂၆
SS (VOM)
မကြာမီကာလမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံအတွင်း ပိုမို ရောက်ရှိလာနိုင်တဲ့အတွက် တရုတ်ယွမ်ငွေကို ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားငွေအဖြစ် အစိုးရက ခွင့်ပြုပေးခြင်း ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုလွယ်ကူ ချောမွေ့စေဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှုပ်နှံမှုတွေကို အမေရိကန် ဒေါ်လာသာမက တရုတ်ငွေကြေး ယွမ်နဲ့လည်း လက်ခံ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိတို့ယူဆောင်လာတဲ့ ငွေကြေးအမျိုးအစားအလိုက် နိုင်ငံခြား မတည်ငွေရင်းကို နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့ AD လိုင်စင်ရ ဘဏ်တွေကနေတဆင့် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းပေးချေမှုတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ‌သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးသန်းစိုး (ဘောဂဗေဒ) က“တခုရှိတာက တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ လာတဲ့အတွက် တရုတ်နဲ့ မြန်မာငွေနဲ့က လဲတဲ့ ငွေကြေးပမာဏပေါ့၊ Exchang Rate ဘယ်လောက်လဲ မသိဘူးပေါ့။ ပြဿနာက GDP တို့၊ investment ပမာဏနဲ့ တွက်မယ် ဆိုရင်တော့ မြန်မာငွေရဲ့ Exchang Rate က ဘာလဲပေါ့။ အဲဒါတော့ ပြောစရာရှိတယ်။ ဒါကတော့ ဒေတာအရ ဖော်ပြတဲ့ အချက်အလက်ပေါ့။ မြင်နေတဲ့အချက်ကတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အလားအလာ ရှိတယ်။ ဒါကြောင့် ယွမ်နဲ့ လက်ခံတယ်၊ ဒါကိုတော့ ခန့်မှန်းလို့ရတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ စီးပွားရေး အခန်းကဏ္ဍမှာ ငွေကြေး သတ်မှတ်ချက်က အရေးကြီးတာ မဟုတ်ဘဲ ဘယ်လို အခန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမလဲ ဆိုတာကသာ ပိုအရေးကြီးတယ်လို့ သူက ပြောပါတယ်။
တရုတ်ယွမ်ဆိုတာ လက်ရှိ ကမ္ဘာမှာ အကြီးအကျယ် အသုံးမပြုသေးပေမယ့် တော်တော်များများ လက်ခံတဲ့၊ ခိုင်မာတဲ့ ငွေကြေးဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အတော်များများက ကမ္ဘာကြီးကို ဖြန့်တဲ့အခါမှာ သူက resources ပေါ်မှာ မူတည်တာ။ ဒီအပေါ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ များကြတာ။ ရွှေတူးမယ်၊ ကျောက်သံပတ္တမြား၊ သတ္တုတူးမယ် စသဖြင့်ပေါ့။ အဲဒါကြောင့် ဘယ်ကဏ္ဍမှာလာပြီး ရင်းနှီးမြှုပ်နှံမှာလဲ ဆိုတာက အရေးကြီးတာ” လို့ သူက ပြောပါတယ်။
သဘာဝ သယံဇာတတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမယ် ဆိုပါက နိုင်ငံအတွက် အကျိုးအမြတ် များစွာ မရှိနိုင်ဘဲ စက်မှုဇုန်တွေ၊ ကြီးမားတဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ ပင်လယ်ဆိပ်ကမ်းတွေမှာ ရင်းနှီးမြှုပ်နှံမှသာ အကျိုးဖြစ်ထွန်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အဲဒီ ရင်းနှီးမြှုပ်နှံကနေတဆင့် ထုတ်လုပ်တဲ့ ကုန်စည်ပေါ်မှာ ရောင်းဝယ်မှုတွေ ပြုလုပ်ကြပြီဆိုမှသာ ငွေကြေးတွေရဲ့ အရေးပါမှု အခန်းကဏ္ဍ ပါဝင်လာမှာဖြစ်ပြီး လက်ရှိ အချိန်က‌တော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စောသေးတယ်လို့ သူက ပြောပါတယ်။
“နောက်တခုက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ လာတယ်ဆိုရင် ယွမ်တွေက ဒီနိုင်ငံထဲ cash တွေနဲ့ ဝင်လာတယ်၊ ဗဟိုဘဏ်ကနေ အဲဒီ cash တွေကို အကောင့်ဖွင့်တယ်၊ တရုတ်ယွမ်အကောင့်တွေနဲ့ ဗဟိုဘဏ်က ငွေတွေ သိမ်းထားတယ်။ ဒါပေမယ့် အဲဒီ ယွမ်တွေကို ဘယ်မှာ သွားသုံးမလဲဆို တရုတ်ပစ္စည်းတွေ ပြန်ဝယ်တဲ့နေရာပဲ သုံးလို့ရမှာပေါ့။ ဒါပေမယ့် လောလောဆယ်မှာတော့ အလှုပ်အယမ်းတွေ သိပ်များတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေမှာ ပြောရရင် လက်တွေ့ အလုပ်ဖြစ်တဲ့ နိုင်ငံနဲ့ လက်တွေ့ အလုပ်ဖြစ်မယ့် နည်းလမ်းကို ရွေးတာကတော့ မှန်တယ်လို့ပဲ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း နောက်ဆုံးရ ငွေလဲနှုန်းတွေအရ Online Trading Platform မှာ တရုတ်ယွမ်ငွေ သတ်မှတ်နှုန်း တယွမ် ၅၅၇ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်မှာတော့ ၆၃၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။
ဒါအပြင် အမေရိကန်ဒေါ်လာကလည်း Online Trading Platform မှာ တဒေါ်လာ ၃၆၅၈ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပစျေးကွက်မှာတော့ ၄၃၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပြီး ဖေဖော်ဝါရီလ နှောင်းပိုင်းမှ စတင်ကာ ဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW