ဆန်စပါး ကဏ္ဍမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဆောင်ရွက်မယ့်အစီအစဥ် တောင်သူတွေအတွက် အဆင်မပြေ

မတ် ၂၄၊ ၂၀၂၆
GG (VOM)
ပုဂ္ဂလိကဆန် ၊စပါးလုပ်ငန်းနယ်ပယ်တခုလုံးကို ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်ကို စတင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရပါတယ်။
ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ဆောင်ရွက်မယ့် အစီအစဥ်က ဆန်ကုန်သည် ၊ ဆန်စက်တွေ ၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေ အတွက် အဆင်ပြေမှုရှိနိုင်ပေမယ့် တောင်သူတွေ နဲ့ပွဲစားတွေ အတွက်တော့ အခက်အခဲတွေရှိနိုင်ပြီး အဆင်ပြေနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
စပါးစျေးကွက်ကျဆင်းမှုကြောင့် တောင်သူတွေအရှုံးနဲ့ရင်ဆိုင်နေရချိန်မှာ စပါးစျေးကွက်ကိုသာ ခေတ်နဲ့လျော်ညီပြီး ထိုက်သင့်တဲ့ စျေးတန်းတခုအဖြစ် ဖော်ဆောင်ပေးဖို့ ၊စပါးဖိုးကို ငွေသားနဲ့ပေးချေဖို့သာ တောင်သူတွေက လိုလားနေကြပါတယ်။
” စပါးချိန်ပြီးတာနဲ့ ငွေပဲချက်ခြင်းရချင်တာ ။ ဘဏ်သွားအုံး ငွေထုတ်အုံး ဆိုတာတွေက အလုပ်ရှုပ်တယ် ။ ခေတ်ကာလအရလည်း သွားလာဖို့က အဆင်မပြေဘူး ။kpay ဘာညာနဲ့လွှဲပြန်တော့လည်း ငွေထုတ်ရင် ရာခိုင်နူန်းကပေးရသေးတယ်။ ကိုယ့်ဖုန်းနံပါတ်က kpay ဖွင့်ထားဖို့လည်းလိုသေးတယ်။ ကျွန်တော်တို့ကတော့ ပိုက်ဆံပဲလိုချင်တယ်။ ဘဏ်တွေဘာတွေနဲ့ မလုပ်ချင်ဘူး ။တကယ်က သူတို့ အခုလုပ်ရမှာ အဲဒါမဟုတ်ဘူး ။.စပါးစျေးတက်အောင် လုပ်ပေးရမှာ ။ စပါးစျေးကျတာကျ ငြိမ်နေတယ်။ စပါးစျေး ၁၆ သိန်းလောက်ဖြစ်တော့ သူတို့မှာ ဆူညံပွက်လောကိုရိုက်နေတာပဲ ။ ” လို့ တောင်သူတယောက်က ပြောပါတယ် ။
ဒစ်ဂျစ်တယ်ငွေပေးချေမှု အစီအစဥ်ဟာ တောင်သူတွေအတွက်အဆင်မပြေပေမယ့် ဆန်စက်တွေ ၊ကုန်သည်တွေအတွက်တော့ အဆင်ပြေကြောင်း ၊ ဘဏ်ကိုသွားပြီး ငွေထုတ်ရတဲ့ အခြေအနေတွေ ၊ ငွေထုတ်ရခက်တဲ့ အခြေအနေတွေကို ဖြေရှင်းပြီးသား ဖြစ်စေတယ်လို့ သိရပါတယ်။
” တောင်သူတွေ လက်ခံမယ်ဆိုရင်တော့ ကျွန်တော်တို့က အဲဒီစနစ်ကို ပိုသဘောကျပါတယ်။ မဟုတ်ရင်ငွေထုတ်ရတာ၊ ငွေထုတ်ရ ခက်ခဲတာနဲ့ငွေတွေနဲ့ သွားလာရတာ အဆင်မပြေပါဘူး ။ ” လို့ ဧရာဝတီ တိုင်းက ဆန်စက်ပိုင်ရှင်တယောက်က မှတ်ချက်ပြုပြောပါတယ်။
MRF ကတော့ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ် ဆောင်ရွက်တာဟာ ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနယ်ပယ်တခုလုံးမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ် ပိုပြီး ထွန်းကားလာစေရန်နဲ့ ခေတ်မီဘဏ်ဝန်ဆောင်မှုကို ကျယ်ပြန့်စွာအသုံးချနိုင်စေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
MRF မှ တာဝန်ရှိသူတယောက်က ” ငွေသားတွေကို သုံးချင်တာ များနေပေမယ့် တချိန်ချိန် မှာ ငွေသားမဲ့ စနစ်တွေ နဲ့ ပြောင်းလဲသုံးစွဲနိုင်အောင် ယခုကတည်းက အစပျိုးပြီး လေ့ကျင့်သုံးစွဲဖို့ပါ။ ချက်ချင်းတော့ ဖြစ်ဖို့ ခက်ပါတယ် ။ တဖြေးဖြေး တိုးချဲ့၊ တိုးမြှင့် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ” လို့ ပြောပါတယ် ။
အဆိုပါ ငွေပေးချေမှုအစီအစဉ်ဟာ နိုင်ငံတော်ရဲ့ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ – ၂၀၃၀ နဲ့ ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) တလျှောက်မှာ ပါဝင်ပတ်သက်နေတဲ့ တောင်သူလယ်သမား၊ ဆန်စက်ပိုင်ရှင် ၊ ဆန်ကုန်သည်၊ ဆန်တင်ပို့ရောင်းချသူတွေနဲ့ အကျိုးဆောင်ပွဲစား အားလုံးကို ဘဏ်စနစ်အတွင်းကို ပိုမိုလာရောက်စေရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
MRF အနေနဲ့ ယခုစီမံကိန်းမှတဆင့် ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်(Stakeholders)အကြား ဘဏ္ဍာရေးချိတ်ဆက်မှုကို ပိုမိုအား ကောင်းလာစေရန်၊ ငွေစက္ကူကို အလွန်အကျွံမှီခိုနေရမှုကို လျှော့ချရန်နဲ့ ထုတ်လုပ်မှုစွမ်းရည်မြင့်မားလာစေရန် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်က ဆန်လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ကိုင်နေသူ တယောက်က ” ကျွန်တော်တို့ ကတော့ ဒီဂျစ်တယ်စနစ်ဆိုလည်းရတယ် ။ ငွေ သားလိုချင်လဲ ရတယ်။ ဘာနေနေအဆင်ပြေတယ်။ အခုလည်း တောင်သူက ငွေသားလိုချင်ရင် ငွေပေးတယ်။ ဘဏ်စနစ်နဲ့လွှဲလို့ရလည်း ပေးချေတယ်။ ငွေသားဆိုရင်တော့ လက်ထဲလက်ကျန်နည်းနေတာမျိုး ၊ ဘဏ်ပိတ်ရက်တို့နဲ့တိုက်ရင် ရက်နည်းနည်း စောင့်ရတဲ့ သဘောတော့ ရှိတာပေါ့ ။ ဒီစနစ်ကို တောင်သူကတော့ ဘယ်ကြိုက်မလဲ ။ ဘဏ်မှာသွားထုတ်အုံး ၊ ဘဏ်မှာမထုတ်ချင်လို့ kpay နဲ့ချေရင် ရာခိုင်နူန်းကပေးရတာကရှိသေးတယ်ဆိုတော့လေ ။ ” လို့ မှတ်ချက်ပြု ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ ဆန်စပါးကို အရောင်းအဝယ်ပြုလုပ်ပြီး ငွေပေးချေရာမှာ ကုန်သည်၊ ဆန်စက်၊ ဆန်ပြည်ပတင်ပို့သူတွေ ၊ ဆန်ရောင်းဝယ်ရေး လက်ကားလုပ်ကိုင်သူတွေကတော့ ဒစ်ဂျစ်တယ်ငွေပေးချေမှုကို အသုံးပြုနေပြီး တောင်သူ ၊ ပွဲစား တွေကတော့ ငွေသားပေးချေမှုကိုပဲ အဓိက လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
​ယခုမြန်မာ့ဆန် စပါးစျေးကွက်မှာ ပြည်ပတင်ပို့သလို ပြည်တွင်းစားသုံးမှုလည်းရှိတဲ့ ဆန် ၊ စပါးအမျိုးအစားတွေက စျေးကျနေပြီး ရွှေဘိုပေါ်ဆန်း ထူးရှယ်နဲ့ စလင်းဧရာပဒေသာ ၊ကုန်းဇောင်းဧရာပဒေသာ ဆန်စပါးကတော့ စျေးကွက်မှာ အမြင့်ဆုံး စျေးတန်းအဖြစ်ရပ်တည်နေပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW