နေပြည်တော်၊ မတ် – ၃၀- ၂၀၂၆
SA(VOM)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်းနဲ့ ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို နေပြည်တော် က ဇေယျာသီရိဗိမာန်မှာ ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး တပ်ချုပ်အသစ်အဖြစ် တာဝန်လွှဲအပ်ခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ” တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်တွင် ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေး (၃) ပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် တာဝန်ပေးထားသည့်အတွက် ယခုတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာဖြင့် ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအားနှင့် တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူသာ အမိ၊ ပြည်သူသာအဖ ဆိုသည့် မူဝါဒကို လိုက်နာပြီး တပ်နှင့်ပြည်သူ တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်နဲ့ ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သော မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကိုထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်သွားကြရန် ဆိုသည့် တိုက်တွန်းမှာကြားမှုကို အလေးအနက် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော တပ်မတော်၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်ကို အလေးအနက်ထား ပြောကြားလိုပါကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားခဲ့ပါတယ်။
မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ပေးအပ်သည့် အမိန့်နှင့် တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သည့် တပ်မတော်အကြီးအကဲများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အထက်အကြီးအကဲများ၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုး၊ တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမည်ကို ကတိပြုအပ်ပါကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်ချုပ်မိန့်ခွန်းအဖြစ် ပြောကြားခဲ့ပါတယ်။
တပ်မတော်ရဲ့ အမြင့်ဆုံး ထိပ်ပိုင်း ခေါင်းဆောင်သုံးနေရာကိုဒီကနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်က ဇေယျာသီရိဗိမာန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
OTS အမှတ်စဥ် (၇၇) ဆင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
စစ်တက္ကသိုလ် အမှတ်စဥ် (၃၅) ဆင်း ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးအဖြစ် ခန့်အပ်ခဲ့ကာ စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဆင်း ဗိုလ်ချုပ်ကြီး ကိုကိုဦးကို တပ်မတော် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကွဲရေးမှူး အဖြစ် ခန့်အပ်ခဲ့ပါတယ်။
