ဖျာပုံမြို့နယ် ချောင်းဝရွာမှာ မီးလောင်လို့ အိမ် ၇၀ လောက်မီးထဲပါသွား ၊ မီးဘေးသင့်သူတွေအတွက် အကူအညီလိုအပ်နေ

ဧပြီ ၂၉ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၇၀ လောက် မီးထဲပါသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။
ဧပြီ ၂၉ ရက်၊ မနက် ၂ နာရီကျော်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မနက် ၄ နာရီဝန်ကျင်လောက်မှ မီးငြိမ်းနိုင်ခဲ့တာဖြစ်လို့ မီးလောင်ချိန်ဟာ ၁နာရီ မိနစ်၃၀ လောက်ကြာမြင့်ခဲ့တာကြောင့် အိမ်မီးလောင်မှုများခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေ က ဆိုပါတယ်။
” အိမ်ခြေ ၇၀ ပါသွားတယ်။ မီးစလောင်တာက ဒေါ်သက်ထားဆိုတဲ့ အမျိုးသမီးအိမ်ရဲ့ ထင်းမီးဖိုကနေ တဆင့်လောင်တာပါ။ မီးကြွင်းမီးကျန်ကနေ လောင်တာ ။ ဘာပစ္စည်းမှကို ယူချိန်မရလိုက်ပဲနဲ့ အကုန်မီးလောင်သွားတဲ့ အခြေအနေပါ ။ ” လို့ ဒေသခံကပြောပါတယ်။
မီးလောင်မှုအတွင်း ပါသွားတဲ့အိမ်တွေကတော့ ဓနိမိုး ၊ ဓနိကာ၊ ဝါးကြမ်းခင်း အိမ်၂၈ လုံး၊ သွပ်မိုး/ ထရံကာ နဲ့ ပျဉ်ခင်း အိမ်က ၃၇ လုံး၊ သွပ်မိုးနဲ့ အုတ်ကာ ၊ကွန်ကရစ်ခင်းနေအိမ်က ၅ လုံး ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် အိမ်ထောင်စု ၇၀ မီးဘေးသင့်ခဲ့ပြီး ဒေသခံ ၃၄၇ ယောက် ဒုက္ခရောက်ခဲ့ရကြောင်း ၊ မီးဘေးသင့်ပြည်သူတွေအတွက် အဝတ်အစား နဲ့ အစားအသောက်အပြင် ပြန်လည်ထူထောင်ရေး အတွက်လည်း အကူအညီထောက်ပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မီးဘေးသင့်သူတွေဟာ ချောင်းဝကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေထိုင်နေကြရတယ်လို့ သိရပါတယ်။
မီးလောင်မှုကိုတော့ ဖျာပုံခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဒေသခံတွေ ပူးပေါင်း ငြိမ်းသတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အမျိုးသမီးကို သက်ဆိုင်ရာ ရဲစခန်းက ခေါ်ယူမေးမြန်းပြီး ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW