ဆူးငှက်
မိန်ရာသီ မန္တလေး အလွမ်း
——————————-
ကျွန်တော်က တည်းခိုသော ဦးဝိစာရတိုက်ခန်းရောက်သည်နှင့် ပေးလိုက်သော စာလိတ်လေးကို ဖြည်ကြည့်သည်။ လက်၃လုံးအရွယ် စာရွက်ရှည်လေးပေါ် ပုရွက်ဆိတ်လေးများလို စာလုံးလေးတွေ စေ့နေအောင် ရေးထားသည်။ စာလုံးသေးသော်လည်း ဖတ်ရတာက ရှင်းသည်။ သင်္ကြန်နားနီးလို့ မန္တလေးကို သတိရတာ၊ ရေသဘင်အဖွဲ့တွေကို သတိရတာ မိတ်ဆွေတွေကို သတိရတာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားသည်။
“ သူတော်စင်တွေတောင်မှ ဉာဏ်မခိုင်လို့ ဈာန်ယိုင်ကာ လျှောရတဲ့ မိန်ရာသီ။ ဘယ်ဆီကြည့်ကြည့် လေပွေလေရူးတွေဟာ ရွက်ကြွေလေးတွေကို အဖော်ခေါ်လာတဲ့ မိန်ရာသီ။ ခြောက်သွေ့မှု တိတ်ဆိတ်မှုတွေ ကြီးစိုးပြီး လွမ်းဆွတ်ဖွယ်၊ အမည်ဖောင်ပြခြင်းငှာ မစွမ်းဆောင်နိုင်ဖွယ် ဝေဒနာတွေကို ဝေငှနေတဲ့ မိန်ရာသီ။
အဲ့ဒီအချိန်မှာ ဒို့နေရတဲ့ အဆောင်က အနောက်ဘက်ဆီကို မျက်နှာမူထားတာမို့ မိန်ရာသီရဲ့ ချစ်စရာ ညနေဆည်းဆာရဲ့ အချို့တဝက်ကို မြင်နေရတယ်။ ဆည်းဆာဟာ ပန်းနုရောင် အဆင်းကို ခြယ်သထားတယ်။ တော်တော်လေးကြာတော့ ပန်းနုရောင်မှာ လိမ္မော်သွေး စီးမျောလာရော။ လိမ္မော်ရောင်မှာ တဖြည်းဖြည်းနဲ့ အနီရောင်ရဲ့စိုးမိုးမှုကို ခံရတာ မြင်နေရပြီလေ။ ဆည်းဆာရဲ့ ကောင်းကင်ဟာ ရဲရဲနီလို့ လှလိုက်တာ။ ဆည်းဆာရဲ့အနီရောင်ဟာ ဒို့နေတဲ့ တိုက်မျက်နှာစာကို အရောင်ဟပ် တောက်ပနေစေတယ်။
ဆည်းဆာရဲ့ အလှဗေဒကြားမှာ ယစ်မူးနေကြတဲ့ ဒို့တတွေရဲ့ ရှေ့ ပေ၃၀အကွာလောက်မှာ နောက်ထပ် အဆောင် တစ်ဆောင်ရှိတယ်။ အဲ့ဒီအဆောင်ရဲ့ အနောက်ဘက်မှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်။ ညောင်ပင်ကြီးရဲ့ အဖျားတွေကို မြင်နေရတယ်။ ညောင်ကိုင်းတွေက ဆည်းဆာရဲ့လေရူးမှာ ယိမ်းထိုးနေကြတယ်။ ယိမ်းထိုးနေတဲ့ ညောင်ကိုင်းတွေပေါ်မှာ တော်ကြာလာနားလိုက် တော်ကြာထပျံပြေးလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ ငှက်ကလေးတွေကတော့ မျက်စေ့နောက်စရာ အကောင်းသားပေါ့။ တစ်ခါတစ်ခါကျ သူတို့ဟန်ပန်လေးတွေဟာ ဒို့လိုမှ လွတ်လွတ်လပ်လပ် နေနိုင်လို့လားလို့ သရော်နေသယောင်ယောင်မို့ မနာလိုဖြစ်မိသေး။” လို့ ဖွဲ့နွဲ့ အစချီထားပြီး မန္တလေးသင်္ကြန်နှင့် ပွဲလမ်းအလွမ်းတွေကို လွမ်းလွမ်းဆွတ်ဆွတ်ရေးထားသည်။ စာ၏ နောက်ဆုံးတွင် …
“ အခုလိုရာသီမှာဆိုရင် မန္တလေးရဲ့ ရာသီဥတုတွေဟာ ဆွတ်ပျံ့ဖွယ် ကြည်နူးဖွယ် စိတ်လှုပ်ရှာဖွယ် ကောင်းရော့မယ်။ လေပြည်၊ ရာသီကူးပန်းရနံ့နဲ့ ကျေးငှက်တို့ရဲ့ တေးဆိုသံဟာလည်း ရစ်ဝဲနေရော့မယ်။ ဒီလိုနှစ်လိုဖွယ် မန္တလေးဟာ တစ်ယောက်သောသူ ပြန်လာမယ့် ရက်ကို မျှော်နေရော့မယ်” ဟု အဆုံးသတ်ထားသည်။ ထိုစာလေးကို ကျွန်တော်က သိမ်းထားကာ နောက်ပိုင်း ကျွှန်တော် စာရေးသောအခါ စီစစ်ရေးကျပ်တည်းလှသော ကာလအတွင်း မနည်းကင်းလွတ်အောင် ကြိုးစား၍ “မတိုင်မီ” အမည်ဖြင့် ဝတ္ထုတိုတစ်ပုဒ်ရေးဖွဲ့ဖြစ်သည်။ ထိုဝတ္ထုတိုက ၁၉၉၁ခု စက်တင်ဘာလထုတ် မြားနတ်မောင် မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သည်။
ထိုစဉ်ကာလ မြန်မာ့နိုင်ငံရေးကလည်း လှုပ်ခတ်နေသည်။ ၁၉၇၉ခုနှစ် နိုဝင်ဘာလမှသည် ၁၉၈၀ ဇန်နဝါရီ လဆန်းအထိ အစိုးရက မင်းရန်အောင် အမည်ဖြင့် အရှေ့မြောက်တခွင်ကို ထိုးစစ်ဆင်နေသည်။ ထိုစစ်ဆင်ရေးက ထင်တိုင်းမပေါက်ခဲ့။ ပြည်တွင်းတွင်လည်း ဗုဒ္ဓဘာသာ ရဟန်းတော်များအတွင်း သာသနာသန့်ရှင်းရေးကို ပြုလုပ်ဆောင်ရွက်ရာ နာမည်ကြီး ဆရာတော်အတော်များများ ပါဝင်သွားသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်ခသည်။ ထို့နောက် ၁၉၈၀ ပြည့်နှစ်တွင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို တစ်နှစ် ကျော်ခန့် အချိန်ယူ၍ ကြိုတင် ပြင်ဆင်ခဲ့သည်။
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး
——————————————–
ယင်းသို့ပြင်ဆင်ရာ၌ ပဲခူးမြို့မဆရာတော်၊ စစ်ကိုင်း ရွှေဟင်္သာတိုက်သစ်ဆရာတော်၊ မဟာစည်ဆရာတော်၊ မန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဆရာတော်၊ ပခုက္ကူ မဟာဝိသုတာရာမကျောင်း ဆရာတော်၊ ထားဝယ် ဃောသိတာရာမ ဆရာတော်၊ ခရမ်းကိုင်းကုန်းဆရာတော်၊ မုံရွာမဟာဇောတိကာရုံဆရာတော်၊ ချောင်းဆုံမုဒွန်း ဆရာတော်၊ စစ်ကိုင်းမင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ အစရှိသည့် မူလ ၆၆ ပါး သံဃာ့ဦးသျှောင် ဆရာတော်ကြီးများက ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အတွက် ဦးဆောင် ကြိုးပမ်းခဲ့ကြပါသည်။
သံဃာ့ဦးသျှောင် ဆရာတော်ဘုရားကြီးများ၏ ဦးစီးဆောင်ရွက်မှုကြောင့် ၁၉၈၀ ပြည့်နှစ်၊ မေလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တွင် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို သံဃာတော် ၁၂၁၈ ပါးဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်သည် နှင့်အညီ မူလရှိပြီး သံဃာ့ဂိုဏ်းများကို သီးခြားဂိုဏ်းများအဖြစ် ဆက်လက် ထားရှိစေကာ ထပ်မံ၍ ဂိုဏ်းသစ် တိုးပွားခြင်းကိုလည်း တားမြစ်ပြီး သံဃာ့ဂိုဏ်း ၉ ဂိုဏ်းနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့အား ဖွဲ့စည်းခဲ့ပါသည်။
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ၂/၈၀
———————————————
ထိုသို့ ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်း အထိမ်းအမှတ်အဖြစ် အစိုးရက ၁၉၈၀ပြည့်နှစ် မေလ ၂၇ရက်နေ့တွင် ၂/၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ထိုကြေညာသော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ ဝန်ကြီးချုပ်ဦးနုက ဆဋ္ဌမ သင်္ဂါယနာတင်ပွဲနှင့် သာသနာနှစ် ၂၅၀၀ပြည့်သည့်ပွဲ အထိမ်းအမှတ်အဖြစ် ၁၉၅၆ခုနှစ် ဧပြီ ၃ ရက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပြီး အကျဉ်းသား ၁၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ဖူးပါသည်။ ယခု လမ်းစဉ်ပါတီ အစိုးရခေတ် ၁၉၇၁ ခုနှစ် ဇွန် ၂၇ ရက်မှာလည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ပထမအကြိမ် ပါတီညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇဝတ်ပြစ်ဒဏ်များ လျှော့ချခြင်းဆိုင်ရာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယခု ၁၉၈၀ ပြည့်နှစ် မေ ၂၈ ရက်တွင် တစ်နိုင်ငံလုံးမှာရှိသော အကျဉ်းထောင် အသီးသီးနှင့် ရဲဘက်စခန်းများက အကျဉ်းသား ၃၉၄၄ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သူတို့ ပြန်လာကြပြီ
————————–
ထို ၂/၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် သခင်စိုး၊ မန်းငွေအောင်၊ မန်းဒါဝိတ်၊ ဦးထွေးမြင့်၊ ဦးခင်မောင်မြင့် တို့ အပါအဝင် အလုပ်သမားသပိတ်၊ ကျောင်းသားသပိတ်၊ မီးမောင်းစာစောင်လှုပ်ရှားမှု၊ ၇၈ခုနှစ် မြေအောက် ဗကပ လှုပ်ရှားမှုများဖြင့် အပြစ်ပေးခံရသူများလည်း လွတ်မြောက် လာကြသည်။ ထို့ပြင် လော်စစ်ဟန်နှင့် ဗိုလ်ကြီးအုန်းကျော်မြင့် အမှုတွင် ပါဝင်သူများလည်း လွတ်မြောက်လာသည်။ ထိုမျှမက ထိုအမိန့်ဖြင့် လက်နက်ချသူ၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်သူများလည်း ပေါ်ပေါက်လာသည်။ ထိုအထဲတွင် ဗကပ ဗိုလ်သက်ထွန်း၊ ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဗိုလ်မှူးအောင်၊ စောကြာဒိုး၊ ဗိုလ်ရန်နိုင်၊ ဂျင်မီယန်း၊ ရန်ကုန်ဘဆွေ စသည့် ပုဂ္ဂိုလ်များလည်းပါသည်။
ထို ၂/၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မန္တလေးကိုလွမ်းသည့် ကျွန်တော့ ဝမ်းကွဲ အစ်ကိုနှင့် မိတ်ဆွေများလည်း ပြန်ရောက်လာကြပါပြီ။ သူ တမ်းတမ်းတတရှိလှသော သင်္ကြန်ကိုတော့ ၁၉၈၀ခုနှစ်အတွက် မကြုံတော့။ သို့သော် နောက်နှစ်များမှာတော့ ကြုံမှာပေါ့။
တွေ့ဆုံဆွေးနွေးရေးတဲ့
—————————
ထိုစဉ်က ပြည်တွင်းလက်နက်ကိုင် အဖွဲ့တွင် အကြီးဆုံးဖြစ်သော ဗကပ ကမူ အစိုးရ၏ ၂/၈၀ အမိန့်ကို အသိအမှတ်မပြုဘဲ ထိုအမိန့်သက်တမ်းကုန်သည့် ၁၉၈၀ သြဂုတ်လကျော်သောအခါ အစိုရနှင့် လျှို့ဝှက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ တကယ်တော့ ထိုအကြောင်းအရာများကို ထိုစဉ်က မသိနိုင်ခဲ့ပေ။ ၂ဘက်စလုံးက ထိပ်တန်းလျှို့ဝှက်အဖြစ် ဆောင်ရွက်ခဲ့ကြသောကြောင့် ဖြစ်သည်။
ထိုအကြောင်းအရာ ကို ဆွေးနွေးပွဲ ပျက်ပြီး ၁၉၈၁ခု မေလ ၁၄ရက်တွင် ကျင်းပသော မြန်မာ့ဆိုရှယ်လစ ်လမ်းစဉ်ပါတီ ဗဟိုကော်မီတီ ၁၆ကြိမ်မြောက် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးနေဝင်း၏ အဖွင့်မိန့်ခွန်းတွင် တစွန်းတစ ပါလာ သောကြောင့် ထိုနှစ် ဇွန်လ ၁၄ရက်နေ့တွင် ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ကိုယ်တိုင် မီတာ၆၀ ပြည်သူ့အသံမှ ပြည်သူသို့ တင်ပြချက်ဟူ၍ တုံ့ပြန် အသံလွှင့်မှ ဖြစ်စဉ်အသေးစိတ်ကို သိကြရတော့သည်။
၂/၈၀ အမိန့် သက်တမ်းကုန်သည့်နောက် ၁၉၈၀ပြည့်နှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် ဗကပ က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဦးနေဝင်းထံ ပေးပို့ခဲ့သည်။ အဆိုပါ ကမ်းလှမ်းချက်တွင် (၁) ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ (၂) ပြည်သူလူထုအား ဒီမ်ုကရေစီ အပြည့်အဝပေးရေး၊ (၃) အမျိုးသားသွေးစည်းညီညွတ်ရေး၊ (၄) လူထု၏ နေထိုင်စားသောက်မှု ဘဝ မြှင့်တင်ရေး၊ (၅) ကမ္ဘာ့ ဗိုလ်နှစ်ဗိုလ် ဆန့်ကျင်ရေး၊ အထူးသဖြင့် ဆိုဗီယက်ဆိုရှယ် နယ်ချဲ့ ဆန့်ကျင်ရေး၊ (၆) ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်း ကာကွယ်ရေးဟူသော ပြဿနာကြိး ၆ ရပ်ဆွေးနွေးရန် ပါရှိသည်ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၁၁)
—————————————–
ဆွေးနွေးပွဲကို ၂ကြိမ်တိုင် ကျင်းပခဲ့ရာ ပထမအကြိမ်ဆွေးနွေးပွဲကို တရုတ်ပြည်တွင် ကျင်းပခဲ့ပြီး အစိုးရဘက်မှ ဦးနေဝင်းခေါင်းဆောင်ကာ နိုင်ငံခြားရေးဝန်ကြီး ဦးလေးမောင်နှင့် ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးသန်းလှိုင်ပါဝင်ပြီး ဗကပ ဘက်မှ ဥက္ကဋ္ဌ သခင်ဗသိန်းတင် ဦးဆောင်၍ ဒု ဥက္ကဋ္ဌ သခင်ဖေတင့်နှင့် ဗဟိုကော်မီဝင် ရဲဘော်ရဲထွန်းတို့ ပါဝင်သည် ဟု ဆိုသည်။ ဒုတိယ ဆွေးနွေးပွဲကို လားရှိုးမြို့တွင် ပြုလုပ်ရာ အစိုးရဘက်မှ ပါတီဗဟိုကော်မီတီဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးကို ခေါင်းဆောင်ပြီး ဦးသန်းလှိုင်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီးမြင့်လွင်တို့ ပါဝင်ခဲ့သည်။ ဗကပ ဘက်မှ ဒုဥက္ကဋ္ဌ သခင်ဖေတင့် ဦးဆောင်ပြီး ဗဟိုကော်မီတီဝင် ရဲဘော်ရဲထွန်းနှင့် ရဲဘော်ဖရန်ဂန်ဒီးတို့ ပါဝင်သည်ဟု သိရသည်။
ထိုဆွေးနွေးပွဲတွင် ပထမအကြိမ်တွေ့ကြစဉ်က ဦးနေဝင်းနှင့် သခင်ဗသိန်းတင် ၂ဦးတည်း ၁နာရီခွဲခန့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးပွဲ ၂ရပ်စလုံးတွင် အစိုးရဘက်ကလည်း ၁၉၇၄ အခြေခံဥပဒေကိုပဲ ဆုတ်ကိုင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၁၁)အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်တစ်ပါတီတည်း ရှိရေး ဆုတ်ကိုင်ကာ ဗကပ ဘက်က တင်ပြသည့် ထိုအချိန်ကမ္ဘာ့နိုင်ငံရေးအရ ပါတီစုံစံနစ်ကို ကျင့်သုံးပြီး ဗကပ၏ ပါတီ၊ တပ်၊ အခြေခံဒေသ တည်ရှိခွင့် အပါအဝင် ပါတီများ လွတ်လပ်စွာ တည်ထောင်နိုင်ရန် မူကို ပယ်ချခဲ့ခြင်းကြောင့် ဆွေးနွေးပွဲကို အစိုရဘက်က ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။
ကွန်မြူနစ်ဝါဒကို မဆန့်ကျင်၊ သို့သော်
——————————————-
ကျွန်တော် မှတ်မိနေသည်မှာ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မီတီ ၁၆ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲကို သတင်းစာက ဖော်ပြရာတွင် “ ကွန်မြူနစ်ဝါဒကို မဆန့်ကျင်၊ ဗကပ ကိုသာ ဆန့်ကျင်သည်” ဟု ခေါင်းစီး တင်ခဲ့ရာ အကြောင်းစုံ မသိရသေးသော်လည်း ထူးသည်ဟု ပြည်သူများက ထင်ကြေးပေးကြသည်။ ထို့နောက် ၁၉၈၁ခု ဇွန်လ ၁၄ရက် မီတာ၆၀မှ သခင်ဗသိန်းတင်၏ တုံ့ပြန်တင်ပြချက်ကို ကြားကြရမှ အကြောင်းစုံကို သိကြသည်။ ထိုစဉ်ကာလ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သက်တမ်း ၂၀နီးပါးအတွင်း ဗကပ ဥက္ကဋ္ဌက ပါတီစုံစံနစ်ကို အဆိုပြုကြောင်း ကြားသိရသောအခါ နိုင်ငံရေးလေ့လာသူများသည်ပင် အံ့အားသင့်သွားကြတော့သည်။ ထိုစဉ်ကာလ ကျွန်တော်ကတော့ လူကြီးတွေ စကားဝိုင်း ငေးမော နားထောင်သူပေါ့။
ထို့နောက် ၁၉၈၁ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံတွင် ဦးနေဝင်းက သူ သမ္မတရာထူးကုန်ဆုံးမည့် နိုဝင်ဘာလတွင် သမ္မတရာထူးက အနားယူမည်ဟု ကြေညာခဲ့သည်။
