သုံးခွမှာ မိုးကြိုးပစ်ခံရလို့ ၂​ယောက်​သေ တ​ယောက် ဒဏ်ရာရ

ဩဂုတ် ၃၁ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း ၊ သုံးခွမြို့နယ် ၊ စီကြီးကုန်းရွာ နဲ့ ရေပေါ်ကန်ကျေးရွာ အကြားမှာ မိုးကြိုးပစ်ခံရပြီး G6 ကျောင်းသူ အပါအဝင် အမျိုးသမီးနှစ်ယောက် သေဆုံးကာ အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဩဂုတ် ၃၀ ရက်နေ့ ၊ ညနေ ၆ နာရီ ခွဲလောက်မှာ လမ်းလျှောက်လာချိန် မိုးကြိုးပစ်ခံရတာဖြစ်ပြီး အဲဒီဖြစ်စဥ်မှာ ဖခင်ဖြစ်သူ ဦးထွန်းထွန်းနိုင်က ပွန်းပဲ့ဒဏ်ရာရရှိပြီး သမီးဖြစ်သူ G6 ကျောင်းသူ အသက် ၁၃ နှစ်အရွယ် မဧကရီကျော် နဲ့ တူမတော်စပ်သူ အသက် ၂၂ နှစ်အရွယ် မစုဝေလင်း တို့ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
” မိုးကြိုးပစ်တာ စက်ကွင်းမိပြီး ဆုံးတယ်သိရတယ်။ အမျိုးသား ဦးထွန်းထွန်းနိုင်ကတော့ ပွန်းပဲဒဏ်ရာပဲရတယ် အကုန်ကောင်းတယ်။ ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကတော့ နေရာမှာပဲဆုံးတယ်။ လမ်းလျှောက်လာကြရင်း မိုးကြိုးပစ်ခံရတာလို့သိရတယ်။ ” လို့ သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှူးက ပြောပါတယ်။
မိုးကြိုးပစ်ခံရမှုကြောင့် မစုဝေလင်းမှာ ဦးခေါင်း ၊ နားရွက်မှာ သွေးထွက်ဒဏ်ရာရရှိပြီး ရင်ဘက်နဲ့ ကျောမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း ၊ G6 ကျောင်းသူမှာတော့ ရင်ဘတ်ညိုမဲဒဏ်ရာတွေ့ရတယ်လို့ သိရပါတယ် ။
ဇွန် ၁ ရက်နေ့ ၊နေ့လယ်ပိုင်းကလည်း ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်(၅)ရပ်ကွက်၊ ဓမ္မသုခလမ်းရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှာ မိုးကြိုးပစ်ခံရပြီး ကျောင်းဆရာမ နဲ့ ကျောင်းသားလေး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါတယ် ။
မြန်မာနိုင်ငံမှာ မိုးကြိုးအများဆုံးပစ်တဲ့ အချိန်ဟာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလ၊ မိုးနှောင်းကာလဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတို့ဖြစ်ပြီး တနေ့တာအတွင်း မွန်းတည့်ချိန်မှစလို့ ညနေ ၆ နာရီခန့်အထိ မိုးကြိုးအပစ်များလေ့ရှိ တယ်လို့ သိရပါတယ်။
မိုးကြိုးပစ်ခံရတဲ့ အခြေအနေတွေက အဆောက်အအုံရဲ့ ပြင်ပမှာ မိုးကြိုးပစ်ခံရမှု ၉၉ ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံအတွင်းမှာ မိုးကြိုးပစ်ခံရနိုင်ခြေက တရာခိုင်နှုန်းသာရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။
ကွင်းပြင်အနေအထားမှာ မိုးကြိုးပစ်ခံရနိုင်ခြေအများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်း ရှိပြီး သစ်ပင်အောက်မှာရှိနေပါက ဒုတိယအများဆုံးနဲ့ ၂၃ ရာခိုင်နှုန်း၊ ရေကန်နဲ့ မြစ်ချောင်း ၊အင်းအိုင်စတဲ့ ရေနဲ့ထိစပ်မှုရှိတဲ့နေရာမှာ ရှိနေချိန်က တတိယအများဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW