စက်တင်ဘာ ၂၂ ၊ ၂၀၂၆
CC (VOM)
ဒီရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ၊ လေပြင်းတိုက်လို့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း စပါးစိုက်ခင်းအများအပြား နဲ့ ရှမ်းပြည်နယ်ထဲက ပြောင်းစိုက်ခင်းတချို့ အပင်တွေလဲကျပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာဆိုရင် ပုသိမ် ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ပန်းတနော်၊ မအူပင်စတဲ့မြို့နယ် တွေက စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျ ပျက်စီးမှုရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းမှာဆိုရင်လည်း တွံတေးမြို့နယ်၊ ခရမ်းမြို့နယ် ၊ သုံးခွ ၊ သန်လျင်မြို့နယ် အပါအဝင် စတဲ့မြို့နယ်တချို့ မှာ လေပြင်းတိုက်ခတ်မှုကြောင့် စပါးစိုက်ဧက ရာနဲ့ချီပြီး လဲကျခဲ့ကြောင်း ၊ စိုက်ခင်းထဲရေရှိတဲ့ စပါးခင်းတွေကတော့ ပျက်စီးဆုံးရှုံးမှုပိုများတယ်လို့သိရပါတယ်။
” စပါးအဖုံးအလုံးတွေဖြစ်နေပြီ။အနှံထွက်တဲ့အပင်ကတချို့တလေပဲထွက်သေးတယ်။အဖုံးရင့်တဲ့အချိန်လဲသွားရင် စပါးအောင်မြင်ဖို့ ၃၅ နဲ့ ၄၀ ရာခိုင်နူန် လောက်ပဲရှိတယ်။ဒါတောင်မသေချာဘူး။အခုလို အပင်တွေ လဲသွားရင် ရေတက်လာရင် လဲထားတဲ့စပါးတွေရေမြုပ်ရင် မိုးကပါထပ်ဖိရင် စပါးကမျှော်လို့မရတော့ဘူး။သွားပြီ ဆုံးရှုံးသွားပြီလို့ပြောရမှာ ။တကွင်းလုံးကို ဖြစ်သွားတာ။အခုလဲတာ သက်ကြီးစပါးတွေပါ ။ ခုဖြစ်သွားတဲ့အနေအထားအရဆိုရင် စပါး ၂၀ ၊ ၃၀လောက်ပဲ အများဆုံးထွက်တော့မှာ။အ ရိတ်စက်ခနဲ့ တောင်သူတွေ အရင်းတောင်မရဘူး။ ” လို့ တွံတေးမြို့နယ် တောင်သူတယောက်က ပြောပါတယ်။
ပဲခူးတိုင်းမှာဆိုရင်လည်း တောင်ငူ ၊ ဖြူး ၊ ဒိုက်ဦး ၊ ပဲခူးအပါအဝင် စတဲ့မြို့နယ်တချို့မှာ ရိတ်သိမ်းခါနီးစပါးခင်းအပါအဝင် သက်ကြီးစပါးခင်းတချို့လည်း လဲကျပျက်စီးမှုရှိသလို မိုးရွာသွန်းမှုကြောင့် စပါးရိတ်ခြွေတာတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။
စပါးပင်လဲကျခဲ့တဲ့ စိုက်ခင်းတွေကတော့ ပျက်စီးမှုရှိတာကြောင့် စပါးအထွက်နူန်းသိသိသာသာ လျော့ကျသွားနိုင်တဲ့အတွက် တောင်သူတွေ စိုက်ပျိုးစရိတ်အရင်းပြန်မရဘဲ အရှုံးကိုရင်ဆိုင်ရနိုင်ပါတယ်။
” မိုးကရွာ လေကတိုက်နဲ့ စပါးခင်းတွေ လဲကုန်တယ်။ ခုချိန်လဲကျသွားတဲ့ စပါးခင်းက ပျက်စီးမှုများတယ်။ ခုချိန်က ရိတ်သိမ်းခါနီး စပါးခင်းရှိတယ်။ ဖုံးလုံး ၊နှံမတွေ စထွက်နေတဲ့စပါးခင်းရှိတယ်။ အပင်လဲတာက လယ်ထဲ ရေမရှိရင် ကောက်ယူရတာ တော်သေးတယ်။ ရေရှိရင် လဲတဲ့ စပါးပင်တွေက ရေမြုပ်တော့ အဆင်မပြေတော့ဘူး။ တချို့စပါးဆို အပင်တောင်ပြန်ပေါက်တယ်။ အပင်လဲသွားပြီဆိုတာနဲ့ ဆုံးရှုံးမှုကရှိပြီလေ။ စပါးက ၈၀ အောက်ထစ်ထွက်မှာ အကျိုးအမြတ်ရမယ်။ ၅၀ ဆိုရှုံးတယ်။ ၅၀ အောက်ဆို အရှုံးကြီးတယ်။ ” လို့ ပဲခူးတိုင်း တောင်သူတယောက်ကပြောပါတယ်။
မုန်တိုင်းအရှိန်ကြောင့် စပါးပင်တွေ လဲကျ ပျက်စီးမှုရှိသလို ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲက ပြောင်းစိုက်ခင်းတွေလည်း ဧက ရာနဲ့ချီပြီး လဲကျ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို လဲကျသွားတဲ့ ပြောင်းစိုက်ခင်းတွေထဲက ပြောင်းပင်တွေကို ပြန်လည်ထောင်မတ်အောင် လုပ်ဆောင်ဖို့လည်း အဆင်မပြေသလို လဲကျတဲ့အပင်ကနေ ပြောင်းဖူးအောင်အောင်မြင်မြင် ထွက်ရှိဖို့လည်း မလွယ်တာကြောင့် လဲကျပြောင်းခင်းတွေက ဆုံးရှုံးဖို့ရာခိုင်နူန်းများသွားပြီလို့ သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ကျေးရွာပေါင်း ၃၀ လောက်က မြေပဲ ၊ ပြောင်း ၊ ကြက်သွန် စတဲ့ သီးနှံစိုက်ခင်း ရာနဲ့ချီပြီး ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုလို မုန်တိုင်းအရှိန်ကြောင့် စပါးခင်း ၊ ပြောင်း ခင်း ၊ မြေပဲ ၊ ကြက်သွန်ခင်း စတဲ့ သီးနှံစိုက်ခင်းတွေ လဲကျပျက်စီးမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနက စာရင်းကောက်ယူတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး မနေ့က စက်တင်ဘာ ၂၁ ရက်အတွင်းမှာ မိုးရွာပြီး လေ ပြင်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
အရင် ဩဂုတ်လတုန်းကလည်း ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် အပါအဝင် ဒေသအများစုမှာ ရေကြီးနစ်မြုပ်မှုကြောင့် စပါးစိုက်ဧက သောင်းနဲ့ချီနစ်မြုပ်ပျက်စီးခဲ့ပြီး တခြားမြေပဲ ၊နှမ်း စတဲ့ သီးနှံစိုက်ခင်း အများစုလည်း ရေနစ် ပျက်စီးမှုရှိခဲ့ပါတယ်။
ဓာတ်ပုံ – တောင်သူ
