အောက်တိုဘာ ၂၃၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော် – မြစ်ကြီးနားလမ်းမကြီးပေါ်က မြို့သစ် – ကုန်းလော ချောင်းကူး တံတား ဒီနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်က ဗုံးထိမှန် ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မိုးမောက် အထက် ကားလမ်းမကြီး ပေါ်က မြို့သစ်တံတား ဗုံးထိမှန် ပျက်စီးသွားတယ်။ Y – 12 လို့ ယူဆရတယ် ဗုံးကြဲသွားတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တံတား အဟောင်းကတော့ လုံးဝ ပြိုကျ ပျက်စီးသွားပြီး တံတားအသစ်ကလည်း ကားကြီးကတော့ သွားလို့ မရတော့ဘူးလို့ သူက ပြောပါတယ်။
“ဗန်းမော်မြို့မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်။ နေတိုင်းနီးပါးပဲ။ စစ်တပ်ဘက်က စစ်ကြောင်းထိုးလာရင် KIA ပူးပေါင်းတပ်ဖွဲ့ဘက်က ဆုတ်သွားလိုက်၊ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့က စစ်ကြောင်းထိုးလာရင် စစ်တပ်ဘက်က ဆုတ်လိုက်နဲ့ပဲ သံသရာ လည်နေတယ်လို့ ကြားသိရတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အဲဒီ တာပိန်မြစ်ကူး (မြို့သစ်) တံတားဟာ ဗန်းမော်နဲ့ မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ အဓိက လမ်းပန်းဆက်သွယ်ရာ လမ်းမပေါ်ရှိ အရေးပါတဲ့ တံတား ဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ၂၀၂၄ ဩဂုတ်လ ၁၉ ရက်နေ့မှာ မိုးမောက်မြို့အခြေစိုက် ခမရ-၄၃၇ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီ တံတား အပါအဝင် မိုးမောက်မြို့နယ်တခုလုံးကို စိုးမိုးထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ
