ပါကစ္စတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ

ကရာချီ၊ နိုဝင်ဘာ-၂၃

မျိုးဆက် (VOM)

 

ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို နိုဝင်ဘာ ၂၃ ရက်က လက်နက်ကိုင်တွေ တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး လုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရရှိသွားပါတယ်။

သေနတ်သမားလေးဦးက ကောင်စစ်ဝန်ရုံးအတွင်း ၀င်ရောက်ဖို့ကြိုးစားပေမယ့်  လုံခြုံရေးအစောင့်တွေက စစ်ဆေးရေးဂိတ်မှာ တားဆီးခဲ့ပြီး သေနတ်သမားသုံးဦးကတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသွားပါတယ်။

အဆိုပါနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေ ထူထပ်စွာချထားပြီး အတားအဆီးများကို ဖြတ်ကျော်ပြီး သေနတ် သမားတွေက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကောင်စစ်ဝန်ရုံးအတွင်းရှိ ၀န်ထမ်းအားလုံး ဘေးကင်းလုံခြုံတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို ဘာလိုချီစတန်ပြည်နယ်ရှိ ခွဲထွက်ရေးအုပ်စုက လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဘာလိုချီစတန်ပြည်နယ်ဟာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေရဲ့ ဗဟိုချက်နေရာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အိမ်နီးချင်းပါကစ္စတန်နိုင်ငံနဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်ပြီး ပါကစ္စတန်အတွက် အဓိက ငွေကြေးထောက်ပံ့တာတွေနဲ့ အခြေခံအဆောက်အဦစီမံကိန်းတွေမှာ များပြားလှတဲ့ ငွေပမာဏကို ရင်းနှီးမြုပ်နှံထားပါတယ်။

 

Ref: RT/BBC

Photo: AFP

Related posts

VOM News

FREE
VIEW