နိုဝင်ဘာ ၇-၂၀၂၀
ခင်မေစန်း(VOM)
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း ဇီးဖြူတောင် ဘုတ်တိုင်အနီး နိုဝင်ဘာ ၅ရက်နေ့ ညပိုင်းက တူမီးသေနတ်ကိုင်ဆောင်ကာ ဝင်ရောက်လာတဲ့ အမျိုးသားသုံးဦးကို အမျိုးသားဥယျာဉ်လုံခြုံရေးကင်းအဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။
” လှည့်ကင်းဆောင်ရွက်နေတဲ့ တောအုပ်အဖွဲ့ကဝိုင်းဝန်းဖမ်းဆီးပါတယ် ၊ တူမီးသေနတ်ပါတဲ့ လူသုံးယောက်ဖမ်းမိပြီး နောက်ထပ် နွားအကောင် ၂၀လည်း ဖမ်းမိတယ်၊ လူတွေကိုဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်”လို့ အလောင်းတော်ကဿပအမျိုးသားဥယျာဉ် ရုံးဦးစီးအရာရှိ ဦးအောင်မောင်းကပြောကြားသည်။
အမျိုးသားဥယျာဉ်အတွင်းဖမ်းမိခဲ့သူတွေကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ-၃၉(က)/၄၄၊ ပြစ်မှုအမှတ်-၂၃၈/၂၀နဲ့ ကနီစခန်းရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ထပ်မံ ဖမ်းဆီးရမိခဲ့တဲ့ နွားအကောင်နှစ်ဆယ်မှာ နွားခြောက်အောင်ကို နွားပိုင်ရှင်ဖြစ်သူ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာမှာနေတဲ့ အမျိုးသားသုံးဦးကို ကနီမြို့မရဲစခန်းကို ပို့ဆောင်ကာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ-၄၀(ခ)၊ ပြစ်မှုအမှတ်-၂၃၉/၂၀ နဲ့ အမှုဖွင့်ထားပြီး ကျန်တဲ့ နွား ၁၄ ကောင်ကို အလောင်းတော်ကဿပ ကိုးမိုင်စခန်းမှာ ထိန်းသိမ်းထားကာ ပိုင်ရှင်ပေါ်လာပါက ပြန်ပေးဖို့စီစဉ်ထားတယ်လို့ အလောင်းတောကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးရုံးရဲ့ ပြောပြချက်အရ သိရပါတယ်။
#voiceofmyanmar #VOM #ကနီ