ထိုင်းမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာ

ဘန်ကောက်၊ ဇန်နဝါရီ-၄-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန်ခေါင်းထောင်လာတာကြောင့် ကန့်သတ်ချက်အသစ်တွေ ချမှတ်လိုက်ပြီး နိုင်ငံအရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။

နိုင်ငံအရေးပေါ်အခြေအနေကတော့ ဇန်နဝါရီ ၄ ရက်နံနက် ၆ နာရီမှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်တိုင်အောင် လက်ရှိမှာ သတ်မှတ်ထားပါတယ်။

ကန့်သတ်ချက်အသစ်တွေကို အစိုးရပြန်တမ်းမှာ ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်မှုအန္တရာယ်မြင့်မားတဲ့ အဆောက်အအုံ သို့မဟုတ် နေရာတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဖော်ပြထားပါတယ်။

အနီရောင်ဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေ အနေနဲ့ စာသင်ခန်းမှာ လူစုပြီးစာသင်တာတွေ၊ စာမေးပွဲကျင်းပတာတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တာကို တားမြစ်ထားပါတယ်။

ဒါပေမယ့် ကျောင်းသားကျောင်းသူ ၁၂၀ ထက်မပိုတဲ့ စာသင်ကျောင်း သို့မဟုတ် ပညာရေးအဖွ့ဲအစည်း အသေးစားတွေကတော့ ဒီကန့်သတ်ချက်မှာ ပါဝင်သလို အွန်လိုင်းစာသင်ကြားမှုတွေကိုလည်း ခွင့်ပြုပေးထားပါတယ်။ အများပြည်သူအကျိုးဆောင်ရွက်နေသူ တက်ကြွလှုပ်ရှားသူတွေကတော့ ပြည်သူအုပ်ချုပ်ရေးမှူးတွေဆီကနေ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း ပြည်နယ်အတွင်း ခရီးသွားလာတာတွေကို မပြုဖို့ ပန်ကြားထားပြီး လိုအပ်လို့သွားမယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်ပေးရမှာဖြစ်ပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ ဒေသတွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ ဖျော်ဖြေရေးနေရာတွေ၊ အရက်ဆိုင်တွေ၊ ကာရာအိုကေခန်းတွေကို ပိတ်သိမ်းဖို့ အမိန့်ထုတ်နိုင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၃၉ ဦးရှိပြီး သေဆုံးသူ ၆၅ ဦးရှိကာ မကြာသေးမီ သီတင်းပတ်အတွင်း ကူးစက်မှုတွေ တစ်ကျော့ပြန်ခေါင်းထောင်လာခဲ့ပါတယ်။

Ref : The Nation
Photo: Bloomberg
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW