မနေ့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် ခထီးလှကျေးရွာမှာ နေအိမ် ၈ လုံးမီးလောင်

ဘူးသီးတောင်၊ ဇန်နဝါရီ ၅-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ မနေ့နံနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အခါမှာ ကျေးရွာအတွင်းကိုကျရောက်ခဲ့တဲ့အတွက် နေအိမ် ၈ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲဟာ  ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်စစ်ကူတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတဲ့အခါမှာ လက်နက်ကြီးတွနဲ့ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

“လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ် ၈ လုံးမီးလောင်သွားပါတယ်၊ ဘယ်ကပစ်တာလဲကျွန်တော်တို့မသိလိုက်ဘူး၊ အဲဒီအချိန်မှာ ကျွန်တော်တို့က စာသင်ကျောင်းမှာရောက်နေကြပါတယ်၊ ပစ်ခတ်သံတွေကြားလိုက်တယ်၊ ပြီးတော့ ရွာထဲကမီးလောင်တာတွေ့ရတာပါပဲ ”လို့ ကျေးရွာသားတစ်ဦးဖြစ်သူ ဦးဝေသာအောင်ကပြောပါတယ်။

အဲဒီနေအိမ်တွေမီးလောင်တဲ့အချိန်မှာ ကျေးရွာသားတွေထွက်ပြေးနေကြတဲ့အတွက် နေအိမ်ရှိပစ္စည်းတွေကိုပါ ဆုံးရှုံးခဲ့ရကြောင်းနဲ့ လက်ရှိမှာ အဲဒီမိသားစုတွေကို ကျေးရွာကအကူအညီပေးထားရကြောင်း ဦးဝေသာအောင်က ပြောပါတယ်။

“ကျွန်တော်တို့က စာသင်ကျောင်းမှာရောက်နေတာဆိုတော့ မီးပွင့်လာမှပဲ သိရတာ၊ ဘာပစ္စည်းမှမရလိုက်ဘူးပေါ့၊ အခုတော့ အဲဒီမိသားစုတွေကို ချက်ပြုတ်စားသောက်ဖို့အတွက် အိုးခွက်တွေကအစ ရွာကအကူအညီပေးထားတယ်၊ မီးလောင်သွားတဲ့အိမ်တွေက စခန်းနဲ့အနီးဝန်းကျင်က အိမ်တွေဖြစ်ပါတယ် ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

နေအိမ်မီးလောင်သွားတဲ့အတွက် မီးဘေးဒုက္ခသည်ဦးရေ ၄၀ နီးပါးရှိပြီး လက်ရှိမှာအကူအညီတွေလိုအပ်နေတယ်လို့ ပြောပါတယ်။

#voiceofmyanmar#ဘူးသီးတောင်#လက်နက်ကြီးကျတဲ့ရွာနေအိမ်၈လုံးမီးလောင်#

Related posts

✕
VOM News

FREE
VIEW