ဩဂုတ် ၁၆-၂၀၂၁
Shy V (VOM)
တရုတ်-မြန်မာ နှစ်နိုင်ငံ တရားဝင်ဂိတ် နန်းတော်ပေါက်ကို ဩဂုတ်လ ၁၆ ရက်နေ့ ဒီကနေတစ်ရက်တည်း ပြန်လည်ဖွင့်ပေးပြီး ပြည်တော်ပြန်တချို့ကို ပြန်ပို့ပေးနေတယ်လို့ ရွှေလီရှိ ရွှေမြန်မာအွန်လိုင်းအရေးပေါ် ကျန်းမာရေးကူညီမှုအသင်းကနေ သိရပါတယ်။
“တစ်သုတ် ပို့ပြီးရင် ပြန်ပိတ်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေလီ က ကိုဗစ် အဝါရောင်အဆင့် သတ်မှတ်ထားလို့၊ တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ရွှေလီ၊ ကျယ်ဂေါင်တို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် တရုတ်နိုင်ငံသားတွေအားလုံးကို တစ်ရက်ခြား တစ်ကြိမ် ပိုးရှိ၊မရှိ စစ်ဆေးပေးနေတယ်၊ လောလောလတ်လတ် ပိုးစစ်ပြီး ပိုးမရှိတဲ့ မြန်မာနိုင်ငံသားတွေမှသာ မြန်မာဘက်ကို ပြန်ပို့ပေးတယ်။” လို့ ရွှေမြန်မာအွန်လိုင်းအရေးပေါ် ကျန်းမာရေးကူညီမှု အသင်းဥက္ကဌ ကိုချမ်းမြေ့က ပြောပါတယ်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အဝင်/အထွက် ဂိတ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပေမယ့် မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပြည်တော်ပြန်ဖို့ ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၈ နာရီကစ နှစ်နိုင်ငံ တရားဝင် အဝင်/ အထွက် နန်းတော်ဂိတ်ကနေ ပြန်ထွက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဩဂုတ် ၁၀ ရက်နေ့အထိ ၁၆ ရက်အတွင်း နန်းတော် တရားဝင်ဂိတ်ပေါက်မှ ပြန်လည်ဝင်ရောက်လာသူ ပြည်တော်ပြန် ၄၆၅၄ ဦးရှိပြီး နယ်စပ်ခိုးဝင်ပေါက်က ပြန်လာသူတွေ၊ ပို့ဆောင်ခံရသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။
Photo – လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကွန်ယက်
#voiceofmyanmar #VOM #တရုတ်မြန်မာနယ်စပ်