ချဲလ်ဆီးအသင်းပိုင်ရှင်ရုရှားသူဌေးက ချဲလ်ဆီးကိုရောင်းပြီး ယူကရိန်းဒုက္ခသည်တွေအတွက် အကုန်လှူမယ်လို့ ဆုံးဖြတ်

မော်စကို၊ မတ်-၃-၂၀၂၂
မျိုးဆက်(VOM)

ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျှံနာ အေဗရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းကို ရောင်းချဖို့စီစဉ်နေပြီး ရောင်းရငွေကို ယူကရိန်းစစ်ဘေးဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၅၅ နှစ်အရွယ် အေဗရာမိုဗစ်ခ်ျဟာ ရုရှားသမ္မတပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်လို့ စွပ်စွဲခံထားရပြီး သူကတော့ ငြင်းဆိုထားပါတယ်။ ဗြိတိန်ပါလီမန်မှာတော့ သူ့အပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်မယ့် အရိပ်အယောင်တွေရှိနေချိန်မှာ အသင်းကိုရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အသင်းကို ၀ယ်ယူဖို့အတွက် လာရောက်ကမ်းလှမ်းမှုတွေရှိနေပြီး ရောင်းရငွေအားလုံးကို ယူကရိန်းစစ်ဘေးဒုက္ခသည်တွေကို လှူဒန်းသွားမှာဖြစ်တယ်လို့ အေဗရာမိုဗစ်ခ်ျကဆိုပါတယ်။

လက်ရှိအခြေအနေမှာ ကလပ်အသင်း၊ ပရိတ်သတ်၊ ၀န်ထမ်းတွေအပြင်ကလပ်ရဲ့ စပွန်ဆာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးလို့ယူဆတာကြောင့် ကလပ်ကိုရောင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း သူကပြောပါတယ်။

ရောင်းချမှုကနေရရှိတဲ့ ငွေအားလုံးကို လှူဒန်းမယ့် ပရဟိတဖောင်ဒေးရှင်းတခုထူထောင်ဖို့ မိမိအဖွဲ့ကိုညွှန်ကြားထားပြီး ဒီဖောင်ဒေးရှင်းကတဆင့် ယူကရိန်းစစ်ပွဲမှာ ထိခိုက်နစ်နာသူတွေကို လှူဒန်းသွားမှာဖြစ်တယ်လို့ အေဗရာမိုဗစ်ခ်ျက ထုတ်ဖော်ပြောဆိုပါတယ်။

#voiceofmyanmar #VOM #ချဲလ်ဆီးအသင်း

Ref: BBC
Photo: Getty Images/ AFP

Related posts

VOM News

FREE
VIEW