ပလက်ဝမြို့နယ်မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ ၅ ရက်ကြာနေပြီလို့ သိရ

ဇူလိုင် ၊ ၁-၂၀၂၂
SP (VOM)

ချင်းပြည်နယ်တောင်ပိုင်း ရခိုင်ပြည်နယ်စပ်က ပလက်ဝမြို့မှာ လျှပ်စစ်ဓာတ်အား ပေးဝေတာတွေ ပြတ်တောက်နေတဲ့အတွက် လျှပ်စစ်မီး မလာတာဟာ ရက်သတ္တပတ်ပြည့်တော့မှာ ဖြစ်တယ်လို့ ပလက်ဝမြို့ခံတွေဆီက သိရပါတယ်။

” အချိန်ပိုင်းနဲ့ မီးပေးတာမျိုးဖြစ်တယ် ၊ ၂ ပိုင်းခွဲပြီး အလှည့်ကျပေးတာပါ ၊ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကစလို့ လုံးဝ မီးမလာတာ ဒီကနေ့အထိပဲ “လို့ ပလက်ဝမြို့ခံတယောက်က ပြောပါတယ်။

ပလက်ဝဒေသရဲ့ မြို့မီးလင်းရေးနဲ့ လျှပ်စစ်မီးဖြန့်ဖြူးရေးလုပ်ငန်းတွေဟာ လောင်စာဆီသုံး အင်ဂျင်မီးစက်ကို အသုံးပြုပြီး ညစဥ် အချိန်ပိုင်းနဲ့သာ ထုတ်လုပ်ဖြန့်ဝေပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လောင်စာဆီစျေးနူန်းတွေ ကြီးမြင့်လာပြီး သယ်ယူပို့ဆောင်တဲ့အခါ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေရှိတာကြောင့် ပလက်ဝဒေသမှာ အခြားမြို့ရွာတွေထက် လောင်စာဆီစျေးနူန်း မြင့်တက်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

” မနေ့ကအထိ ပလက်ဝမှာ ဓာတ်ဆီ ၁ ဂါလံကို ၃ သောင်းအထိ စျေးပေါက်နေတယ် ၊ အဲ့ဒါကလည် စျေးနူန်းသာရှိပြီး ဓာတ်ဆီဝယ်လို့ လွယ်လွယ်ကူကူ မရဘူး “လို့ ပလက်ဝဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတာ ရက်ကြာရှည်လာတဲ့အတွက်လည်း ဖယောင်းတိုင်နဲ့ ဆိုလာပြား စျေးနူန်းတွေကလည်း သိသိသာသာ မြင့်တက်လာနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #မီးပျက်

Related posts

Leave a Comment

VOM News

FREE
VIEW