မြတန်ဆောင်းဆရာတော်ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ အမ်းမြို့မှာ တားမြစ်ခံရ

အမ်း၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကောက်ခံရရှိထားတဲ့ စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေပါဝင်တဲ့ စစ်ဘေးဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့ဟာ အမ်းမြို့ကိုအရောက်မှာ တားမြစ်ခံခဲ့ရပါတယ်။

အဲဒီပစ္စည်းတွေကို မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၆ ဦးပါတဲ့အဖွဲ့က အမ်းမြို့ တပ်တောင်မြို့နယ်ခွဲကနေ သယ်ယူလာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ပေးအပ်သွားမှာဖြစ်ပါတယ်။

“ဦးဇင်းတို့က အဲဒီပစ္စည်းတွေနဲ့ တပ်တောင်ကနေ ဟိုတစ်ရက်နေ့ ညနေ ၃ နာရီလောက်မှာစထွက်လာတယ်၊ အမ်းမြို့ပေါ်ကို ညနေ ၅ နာရီလောက်မှာရောက်တယ်၊ အဖွဲ့ဝင်တွေ ထမင်းစားကြတယ်၊  အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတယ်၊  ဒီပစ္စည်းတွေကိုသယ်ယူခွင့်မပြုဘူး၊ သွားလို့ရှိရင် အမ်းမြို့ကို မကျော်စေရဘူးဆိုပြီတော့ ခြိမ်းခြောက်တယ်၊ ဘာအကြောင်းပြချက်မှမပေးဘူး”လို့ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။

အဲဒီပစ္စည်းတွေထဲမှာ ဆန်၊ ငပိ၊ ငါးခြောက်၊ တခြားစားစရာများပါဝင်ပြီး အမ်းမြို့နယ်အတွင်းရှိကျေးရွာများမှ အလှူခံရရှိထားသည့် စားနပ်ရိက္ခာများဖြစ်ကာ ပစ္စည်းပို့တဲ့အဖွဲ့မှာ တပ်တောင်၊ဆရာတော်၊ ရူးဆရာတော်၊ ရေဘုတ်ဆရာတော် စတဲ့ဆရာတော်တွေနဲ့ လူငယ်တွေပါဝင်ခဲ့ကြတယ်လို့ ပြောပါတယ်။

“ဒီရိက္ခာတွေက ဒုက္ခရောက်နေတဲ့လူတွေဆီကိုပို့ပေးမှာပါ၊ အဲဒီလူတွေအတွက် အစိုးရကကို ဦးဆောင်ပြီးလုပ်ပေးရမယ့် ကိစ္စဖြစ်တယ်၊ အဲ့ဒါကို အခုလိုတားဆီးတယ်ဆိုတာကတော့ လူမဆန်တဲ့လုပ်ရပ်ပဲလို့ မြင်တယ်”လို့ ဆက်လက်ပြော ကြားပါတယ်။

ဒ့ါအပြင် တချို့ဒေသတွေက စစ်ဘေးရှောင်စခန်းတွေနဲ့ ပိတ်မိနေတဲ့ကျေးရွာတွေကိုလည်း အကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သွားလာရေးအခက်အခဲရှိနေပြီး စစ်ဆေးမှုတွေ၊ တားဆီးမှုတွေရှိနေတာကြောင့် ရိက္ခာပို့ဆောင်ခွင့်မရရှိဘဲဖြစ်နေတာပါ။

#voiceofmyanmar#မြတန်ဆောင်းဆရာတော်ဦးဆောင်တဲ့#ကယ်ဆယ်ရေးအဖွဲ့အမ်းမြို့မှာတားမြစ်ခံရ#

Related posts

✕
VOM News

FREE
VIEW