မန္တလေးမြို့မှာ ကားကိုလုယူပြီး လူသတ်ကာ အလောင်းကို လမ်းဘေးပစ်သွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့

အောက်တိုဘာ ၃-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့် မြို့နယ်လျှပ်စစ်ရုံးအနောက်ဘက်မှာ မနေ့ အောက်တိုဘာ ၂ရက်နေ့ညပိုင်းက ထိုးသွင်းဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတလောင်း လမ်းဘေးစွန့်ပစ်ထားတာကို တွေ့ခဲ့ရတယ်လို့ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

” အစကတော့ ပိုင်ရှင်မဲ့ထင်တာ၊ အရည်ကြို အကောင့်ကလည်း တင်ထားတယ် ကားပျောက်လူပျောက်ဆိုတာ၊ ပြီးတော့မှ သေဆုံးသူရဲ့အမျိုးတွေနဲ့အဆက်အသွယ်ရသွားတယ်၊သေဆုံးသူအသက်က ၃၀၊ နာမည်က ကိုပြည့် တက်စီမောင်းတာလို့ သိရတယ်”လို့ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးကပြောပါတယ်။

သေဆုံးသူဟာ မနေ့ မနက်ပိုင်းက မက်တူးအဖြူရောင်ကားနဲ့ မြို့တွင်းဘုရားဖူးလိုက်သွားရာကနေ ပြန်မလာတာကြောင့် မိသားစုကနေတဆင့် အကူအညီတောင်းထားတာကို လူမှုကွန်ရက်စာမျက်နှာမှာ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

ကားကိုလုယူပြီး သတ်ဖြတ်သွားသူတွေဟာ သူတို့တည်းခိုခဲ့တဲ့ ၂၆လမ်းနဲ့ ၅၄လမ်းထောင့်အနီးက ဟိုတယ်ကို ပြန်ရောက်လာပြီး အ၀တ်ထုပ်နဲ့အခြားပစ္စည်းတွေကို အဲ့ဒီကားနဲ့ပဲ လာရောက်သယ်ဆောင်ခဲ့တယ်လို့ CCTVမှတ်တမ်းအရ သိရပါတယ်။

သေဆုံးသူရဲ့ ဘယ်ဘက်ရင်အုံအောက်ဘက်နဲ့ ညာဘက်ခြေသလုံးတို့မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းဆီ ဖုန်းဆက်အကြောင်းကြားလို့ လာရောက်ကူညီသယ်ဆောင်ပြီး မန္တလေးပြည်သူဆေးရုံကြီးရေခဲတိုက်ကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း အဲ့ဒီအသင်းကနေသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ရက် မနက်ပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈လမ်းနဲ့ ၁၃၉ကြား ၇၇လမ်းနဲ့၇၈လမ်းကြား လမ်းဘေးမှာ အသက်၃၀အရွယ် အမျိုးသားတဦး ကားကိုလုယူခံရပြီး အလောင်းကို လမ်းဘေးပစ်ထားခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေး #ကားလု၊လူသတ်

Related posts

Leave a Comment

VOM News

FREE
VIEW