ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်(၉)နှစ် ထပ်ချခံရ၊ စုစုပေါင်းထောင်ဒဏ်(၃၃)နှစ်ရှိလာ

ဇန်နဝါရီ ၂၈ – ၂၀၂၃
SN (VOM)

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းထွန်းဟိန်ကို နောင်ချိုမြို့နယ်တရားရုံးက ရွေးကောက်ပွဲမသမာမှုနဲ့ စွဲဆိုထားတဲ့ ပုဒ်မ ၁၃၀ (က) အမှု ၃ မှုနဲ့ မနေ့ ဇန်နဝါရီလ ၂၇ ရက်က ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

အမှုကို Video Conferencing နဲ့ ကြားနာပြီး ရာဇသတ်ကြီး ပုဒ်မ – ၁၃၀ (က)နဲ့ အမှု ၃ မှုစွဲခဲ့ကာ တမှုကို ၃ နှစ်စီနဲ့ စုစုပေါင်း ၉ နှစ်ချမှတ်လိုက်တာလို့ သိရပါတယ်။

”လားရှိုးထောင်ထဲမှာပဲ Video Conferencing နဲ့ အမှုကြားနာပြီး အမိန့်ချလိုက်တာပါ။ နောင်ချိုတရားရုံးကို မသွားရဘူး။ အရင် ချမှတ်ခံထားရတဲ့ အမှုတွေနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ရှိသွားပါပြီ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အရင်ကလည်း ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂ နဲ့ ထောင်အနှစ် ၂၀၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) အတွက် ၂ နှစ်နဲ့ ပုဒ်မ – ၅၀၅ (ခ) အတွက် ၂ နှစ် ထောင်ဒဏ်ချမှတ်ထားတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ကျခံရမှာ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ၁၉၈၈ ခုနှစ်မှာ နောင်ချိုမြို့နယ် အထွေထွေသပိတ်ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဒီမိုကရေစီဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့အတွက် ၁၉၈၈ ခုနှစ်မှာ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့ရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် နဝတနဲ့ နအဖတို့ရဲ့ အကြိမ်ကြိမ်ဖမ်းဆီးခြင်း ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နောင်ချိုမြို့နယ်မှာ ဒုတိယအကြိမ် ရွေးကောက်ပွဲဝင်ခဲ့ရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ထပ်မံ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်ဟာ NLD ပါတီရဲ့ တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်ကနေ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီကိုယ်စားပြုပြီး နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ထပ်မံယှဉ်ပြိုင် အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဦးထွန်းထွန်းဟိန် #ထောင်ကိုးနှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW