ဆူးငှက်
သင်္ဘောကြီးက သာယာသော ပင်လယ်ပြင်တွင် ခုတ်မောင်းနေစဉ် အထက်တန်း ကုန်းပတ်ပေါ်၌ ခပ်ချောချော ဂိုက်ဆိုက်ကောင်းကောင်း ကပြားမတစ်ဦး လမ်းလျှောက်နေသည်။ (အင်္ဂလိပ်နှင့် ဘာနှင့် စပ်ကျသော ကပြားမှန်းတော့ မသိပါ) ကျွန်တော်နှင့် ဆရာကြီးတို့က မနီးမဝေးတွင် ပက်လက်ကုလားထိုင်နှင့်ထိုင်ကာ အချင်းချင်း စကားစမြည် ပြောနေကြသည်။ သင်္ဘောပေါ်တွင် မိန်းမမြင်လျှင် အရောတဝင်လုပ်ကာ ပိုးပန်းလိုသော အိန္ဒိယတိုင်းသား ဆရာဝန်
တစ်ယောက် ပါလာသည်။ သူကလမ်းလျှောက်နေသော ကပြားမနောက်မှ လိုက်လံနူတ်ဆက်စကားဆိုရာ ကပြားမက စကားတစ်ခွန်း တုံ့ပြန်ပြီး လမ်းလျှာက်မြဲ ဆက်လျှောက်သွားသည်ကို ကျွန်တော်တို့ မြင်နေကြ၏။
ဆရာကြီးက ရယ်သံတစ်ဝက်နှင့်…
” ဟေ့…သိန်းဖေ ကြားလိုက်လား။ သူတို့ ဘာတွေပြောနေကြသလဲ”
ကျွန်တော်…
” ကောင်းကောင်းမကြားလိုက်ဘူးဗျ ဟဲဟဲ..”
ဆရာဝန်က နူတ်ဆက်ပြီး
“လမ်းလျှောက်နေပါသလားလို့ မေးလိုက်တယ်။”
အမျိုးသမီးက
” ဟုတ်တယ်။ ဆရာဝန်တွေ နဲ့ ဝေးဝေးနေနိုင်အောင် လမ်းလျှောက်နေတယ်လို့ ပြောလိုက်တယ်။
ဟား…ဟား. ..”
အထက်က အချီအချ စကားပြောလေးတွေက ဆရာသိန်းဖေမြင့်ရဲ့ စာပေဘဝ ဇာတ်လမ်းစုံ(၃)ထဲမှာ ကာလကတ္တား တက္ကသိုလ် ပါဠိနှင့် ရှေးဟောင်း အိန္ဒိယသမိုင်းပါမောက္ခ ဒေါက်တာဘရူးဝါးနဲ့ ဆရာသိန်းဖေမြင့်တို့၊ အိန္ဒိယက မြန်မာပြည် ရန်ကုန် အသွား သင်္ဘောပေါ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်လည်ရေးပြထားတာဖြစ်တယ်။
တကယ်တော့ ဒီအဖြစ်အပျက်လေးက မည်းမည်းသည်းသည်း ဆရာဝန်ယောကျ်ားနဲ့ ထွတ်ထွတ်ချောချော ဘိုကပြားမလေးတို့ အတွေ့အဆုံမှာ ဟာသဖြစ်ရပ်လေးအနေနဲ့ ပေါ့ပေါ့ပါးပါး ဖတ်သွားလို့လည်းရပါတယ်။ ဒါပေမယ့် သေချာပြန်ပြီး စဉ်းစားကြည့်လိုက်၊ ဆင်ခြင်ကြည့်တော့ ကပြားမလေးစကားမှာ ဒဿန ပါနေသလိုပဲ။
” ဆရာဝန်နဲ့ ဝေးဝေးနေနိုင်အောင် လမ်းလျှောက်နေတယ်”တဲ့။ ယုတ္တိဗေဒသဘောနဲ့ ပြန်ဆင်ခြင်တော့ “လမ်းလျှောက်နေရင် ဆရာဝန်နဲ့ ဝေးဝေးနေရမယ်”လို့ ပြောပါမယ်။
ကျွန်တော်တို့ ဆရာဝန်နဲ့ ဝေးဝေး နေလိုသလား နီးနီး နေလိုပါသလား။
ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ဦးဟာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး အဆင့်ပါ။ သူ မန္တလေးဆေးတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေကတည်းက ရင်းနှီးကျွမ်းဝင်ရလေတော့ ညီအကိုလိုဖြစ်နေပြီပေါ့။ ဆေးကျောင်းသား ဘဝကတည်းက သူမို့လို အိမ်လာရင် အိမ်သားတွေမျက်နှာ တစ်ယောက်ချင်း စေ့စေ့ကြည့်တယ်။ နေထိုင်မကောင်းပုံပေါ်လို့ မျက်နှာညိုးနွမ်း၊ ကိုယ်လက် မအီမသာဖြစ်နေပုံမြင်ရင် ပါလာတဲ့ အိတ်လေးဖွင့် အဖျားတိုင်း၊သွေးချိန်ပြီး ဆေးတွေ တိုက်တယ်။ အပြေးအလွှား ပြန်ထွက်ပြီး နီးရာဆေးဆိုင်က ဆေးတွေ ဝယ်ကာ ဆေးထိုးတန် ထိုးတယ်။ အရေးပေါ် နာမကျန်းဖြစ်လို့ သူ့အိမ်သွား မျက်နှာပြရင် ချက်ချင်းလိုက်၊ လိုအပ်တာတွေ ကုသပေးတယ်။ ယုတ်စွအဆုံး ကိုယ်အိမ်သားမဟုတ်ဘဲ နီးစပ်ရာဆွေမျိုး မိတ်သင်္ဂဟ တစ်ယောက်ဖြစ်စေ ဆေးရုံတက်ရ ပြုရရင်လည်း လိုလေသေး မရှိပါဘူး။ အဲလို ဆရာဝန်ပါ။ဟာ. အခုဆို ခွဲစိတ်အထူးကု ဆရာဝန်ကြီးဖြစ်နေပေမယ့် ကျွန်တော်တို့က အလိုက်ကမ်းဆိုးမသိ၊ သူ့ဂုဏ်အရှိန်အဝါကို မေ့လျော့ပြီး ပြောဟယ်၊ ဆိုဟယ်၊ ထွက်ဟယ်၊ ဝင်ဟယ် ဆက်ဆံတော့လည်း သူ့မှာ တစ်ချက် နောက်တွန့် မသွားခဲ့ဘူး။ လူနာအတွက်ဆိုရင် အဆင်သင့်ဆိုတဲ့ ပုံစံ။ ဒီလိုဆရာဝန်မျိုးနဲ့တော့ နီးနီးလေး နေချင်တာပေါ့။
ဒါပေမယ့်….
စာဖတ် ပရိသတ်ကြီးများ သိတော်မူသည့်အတိုင်း ဒီကနေ့ လူအများစုက အာရောဂျံ ပရမံလာဘံ ဆိုတဲ့
ဆောင်ပုဒ်ကို ယခင်ကထက် နူတ်တက်ရွရွ ရွတ်ဆိုပြီးသကာလ ကျန်းမာဖို့၊ ကျန်းမာဖို့ ဆိုတာကိုပဲ အလေးကဲနေရတာကိုး။ အထူးကုဆေးခန်း၊ စမ်းသပ်ခ၊ ဆေးဖိုးဝါးခ၊ စပယ်ရှယ်နာ့စ်၊ အခန်းခ စတဲ့ စတဲ့ ကြောက်ခမန်းလိလိ စရိတ်တွက ဖျားရဲရင် ဖျားကြည့်စမ်းလို့ အမြဲချောက်လှန့်နေတော့ ကျန်းမာဖို့(ဝါ)ဆရာဝန်နဲ့ ဝေးဝေးနေနိုင်ဖို့ပဲ ဂရုစိုက်နေကြရပါတယ်။
“ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမို ထိရောက်သည်”ဆိုတဲ့ အဖိုးတန်စကားလို ရောဂါဖြစ်ရင်တော့ ဆရာဝန်နဲ့ မနီးချင်လည်း နီးကြရမှာပဲ။ ဆရာဝန်များကလည်း စေတနာ၊မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတာတွေကြောင့် မျက်နှာပူပူနဲ့ လူနာကို ဆက်ဆံကြရတော့တယ်။ ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ အစားအသောက် ဆင်ခြင်၊ အနေအထိုင် ဆင်ခြင်၊ အသွားအလာ ဆင်ခြင် ဆိုတာမျိုးကို ဆရာဝန်များကလည်း နူတ်က တဖွဖွပြောနေ၊ ရေးသားနေကြခြင်းလည်း ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ကြိုတင် ကာကွယ် ကုသခြင်းမှာ ကျန်းမာရေးလိုက်စားခြင်းကဏ္ဍဟာ အရေးပါလေတော့ လမ်းလျှောက်ခြင်းဆိုတာ ကျန်းမာရေးရဲ့ အဖိုးနည်း ဝန်ပါ စွမ်းဆောင်နိုင်ခြင်း တစ်မျိုးလည်း မဟုတ်ပါလား။ ကျန်းမာဖို့(ဝါ) ဆရာဝန်နဲ့ ဝေးဝေးနေနိုင်ဖို့ လမ်းလျှောက်ကြရမယ်ဆိုတာ ဆရာသိန်းဖေမြင့်ရဲ့ စာပေဘဝ ဇာတ်လမ်းစု(၃)ထဲက ဘိုမ ချောချောလေး ပြောလိုက်တဲ့စကားကို ဖတ်မိရင်း စာအုပ်လေး လက်ကြားညပ်ကာ စဉ်းစားရာက အတွေးနယ်ချဲ့မိတဲ့ စကားပါ။ ဒီလိုတွေးရင်း၊ တွေးရင်း မြင်တွေ့ ကြုံတွေ့နေရာတွေက တွေးလက်စ အတွေးတွေကို လက်စသတ်လိုက်တာလား။ ဒါမှမဟုတ် ထပ်ပြီးဖြန့်ကျက်တွေးစရာတွေလား မသိအောင် အတွေးလုံး လည်ခတ်သွားစေတာက မန္တလေး ကျုံးနံဘေးမှာ၊ မိုးမိုး၊ ဆောင်းဆောင်း ရက်ပျက်မရှိ လမ်းလျှောက်နေကြသူတွေကတော့ ဆရာဝန်နဲ့ နီးနီး နေနိုင်သူတွေချည်း ဖြစ်နေတာကိုပါ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး