မြောက်ဥက္ကလာမှာ နေအိမ်အတွင်း မိုင်းပေါက်ကွဲလို့ ၁ယောက်သေ၊ ၁ယောက်ဒဏ်ရာရပြီး ဖမ်းခံရ

မေ ၁၂ – ၂၀၂၃
GG (VOM)

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊(၁၃) ရပ်ကွက်က နေအိမ်တစ်အိမ်မှာ မနေ့ မေလ ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

နောက်ပြီး အဆိုပါပေါက်ကွဲမှုဖြစ်စဥ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ်အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။

” ညက ၈ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်တယ်၊ဖြစ်တာက ကျောက်ဆည်လမ်း အိမ်အမှတ် (၁၀၆)ပါ၊ အဲ့ဒီမှာ နေတာက အဲ့ဒီကောင်လေး၂ယောက်၊ အခုပေါက်ကွဲတော့ တစ်ယောက်က ဒဏ်ရာတွေနဲ့သေ သွားတယ်။ နောက်တစ်ယောက်ကိုတော့ စစ်တပ်ကဖမ်းသွားကြတယ်၊ သတင်းကတော့ လက်လုပ်မိုင်းလုပ်ရင်းနဲ့ ပေါက်ကွဲတာလို့သိရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုမှ သေဆုံးသူကတော့ အဲ့ဒီအိမ်မှာငှားရမ်းနေထိုင်တဲ့ ရန်နိုင် ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိပြီး ဖမ်းခံရသူကတော့ အောင်မြင့်မြတ်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီးစစ်ဆေး ခဲ့ကြောင်း ၊ စစ်ဆေးမှုအရ လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ် ။

ရန်ကုန်မှာ နိုင်ငံရေးဖြစ်စဥ်တွေပြောင်းလဲပြီးနောက်ပိုင်း မိုင်းပေါက်ကွဲလို့ လူသေဆုံးတာ ၊ထိခိုက်ဒဏ်ရာရတာ ၊ ဖမ်းဆီးခံရတာတွေလည်းရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မြောက်ဥက္ကလာပေါက်ကွဲမှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW