ဇွန်၊၁-၂၀၂၃
MM(VOM)
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့မှာ ၈ တန်းကျောင်းသား ၁ဦးနဲ့ စနစ်သစ် ၁၁ တန်း ကျောင်းသား ၁ဦးတို့ မနေ့ မေ ၃၁ရက်က ဖုန်းနဲ့ဂိမ်း ဆော့နေတဲ့အချိန် မိုးကြိုးပစ်ခံရပြီး သေဆုံးသွား တယ်လို့ သိရပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသူတွေကတော့ လေးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်က ဦးမောင်မဲရဲ့သားဖြစ်သူ မောင်လင်းလင်းထွန်းနဲ့ ဦးကြံရွှေမောင်ရဲ့သားဖြစ်သူ (၁၁)တန်းကျောင်းသား မောင်မြင့်မြတ်မောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
”မနေ့က ၁၂ နာရီကျော်ကျော်လောက်မှာ ကလေး ၂ဦးက နဂါးရပ်ရပ်ကွက်က ဦးမောင်မဲရဲ့နေအိမ်မှာ ဖုန်းအားသွင်းရင်း ဂိမ်းဆော့နေတဲ့အချိန် ရုတ်တရက်မိုးတွေရွာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးကြိုးထိမှန် သေဆုံးခဲ့တာ ၊တစ်ခါတည်း ပွဲချင်းပြီးတာပဲ။”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သေဆုံးသူ ကလေး ၂ ဦးကို ဒီနေ့ ဇွန်လ ၁ ရက်၊ နေ့လယ်ပိုင်းမှာ သဂြိုလ်သွားမယ်လို့ မိသားစုတွေဆီကနေ စုံစမ်းသိရပါတယ်။
အခု မေလ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း ကျောက်ဖြူမြို့နယ်မှာ စက်လှေတစ်စီး မိုးကြိုးပစ်ခံရကာ မင်းချောင်းကျေးရွာမှ ဦးထွန်းဝင်းချေ (၄၄ နှစ်) သေဆုံးခဲ့ပြီး တရွာတည်းနေသူ ကိုမောင်မောင်တင်ဆိုသူသည်လည်း မိုးကြိုးပစ်ခံရတာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေလ ၂၄ ရက်ကလည်း မိုခါမုန်တိုင်းဒဏ်ကြောင့် မြို့နယ်လုံးကျွတ် ပျက်စီးထိခိုက်ခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာက အသက်(၄) နှစ်အရွယ် မောင်ခိုင်ဟိန်းဖြိုးဆိုသူလည်း ယာယီတာပေါ်လင်စ အမိုးအကာအောက်မှာထိုင်နေတဲ့အချိန် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ရမ်းဗြဲ #မိုးကြိုးပစ် #လူ၂ဦးသေဆုံး