ရုရှားမြို့တော် မော်စကိုရှိ အဓိအဓိကလေဆိပ်ကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်(၅)စင်းနဲ့ တိုက်ခိုက်

မော်စကို၊ ဇူလိုင်-၄-၂၀၂၃
မျိုးဆက်(VOM)

ရုရှားနိုင်ငံမြို့တော် မော်စကိုရှိ အဓိကလေဆိပ်တွေထဲက တခုကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်(၅)စင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် လေဆိပ်က လေယာဉ်ခရီးစဉ်များစွာကို လမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မောင်းသူမဲ့လေယာဉ်(၅)စင်းထဲက (၄)စင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချခဲ့ပြီး နောက်တစ်စင်းကတော့ အိုဒင်ဆိုဗိုခရိုထဲကို ပျက်ကျခဲ့တယ်လို့ ပြောပါတယ်။

ကရင်မလင် အနောက်တောင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ ရွာတရွာမှာ မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့ပြီး ကလူဂါဒေသမှာ တစ်စင်းတွေ့ရှိခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ယူကရိန်းကတော့ ဒီကိစ္စအပေါ် လူသိရှင်ကြားမှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

မော်စကိုရှိ ဗန်နူကိုဗိုလေဆိပ်မှာတော့ ဒီဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ်တွေကို နာရီပေါင်းများစွာ ကန့်သတ်ထားခဲ့ပြီး နောက်ပိုင်းမှသာ ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ရုရှား၊ တူရကီ၊ ယူအေအီးနဲ့ အီဂျစ်လေကြောင်းခရီးစဉ်အများအပြားကို လမ်းကြောင်း ပြောင်းပေးခဲ့ရပါတယ်။

ရုရှားနိုင်ငံခြားရေးနဲ့ ကာကွယ်ရေး၀န်ကြီးဌာနကတော့ ဒါဟာအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချထားပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းလည်ပတ်နေတဲ့လေဆိပ်အပါအ၀င် အရပ်ဘက်အခြေခံအဆောက်အအုံတွေ တည်ရှိရာနေရာကို ယူကရိန်းအစိုးရရဲ့ တိုက်ခိုက်ဖို့ကြိုးပမ်းမှုဟာ အကြမ်းဖက်ဝါဒ နောက်တမျိုးဖြစ်ကြောင်း ရုရှားတာ၀န်ရှိသူတွေက ပြောဆိုထားပါတယ်။

Ref:Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW