သူတို့အိမ် အခန်း (၂၁၉)

ဆူးငှက်

 

 

သရက်ကုန်းရောက် မိသားစု ၅ယောက်မှာ
——————————————
သရက်ကုန်းကွက်သစ် လယ်တောအိမ်လေးသို့ ကျွန်တော်နေထိုင်သောအခါ မိသားစု ၅ယောက်ဖြစ်သည်။ အသက်၉၀ကျော် မိခင်ကြီးနှင့်အတူ ကျွန်တော်တို့က မိသားစု ၄ယောက်ဖြစ်သည်။ ထို ၅ယောက်တွင် ကျွန်တော် တစ်ဦးတည်းသာ ဝင်ငွေရှိပါသည်။ စာအုပ်အငှားဆိုင်လေးမှာ ဟေမာဇလအိမ်က ရဲသိပ္ပံတိုက်ခန်းပြောင်းကတည်းက ဖြုတ်လိုက်ရပါပြီ။ စာအုပ်များကိုတော့ ကျွန်တော်မူလကတည်းက ဝယ်ယူစုဆောင်းထားသည့် စာအုပ်များကိုပဲ ချန်ကာ ကျန်သည့် သိုင်းဝတ္ထုများ အပျော်ဖတ်ဝတ္ထုများကို ပိဿာချိန်ဈေးသာသာဖြင့် ရောင်းလိုက်သည်။ ကျွန်တော်က လူထုကြီးပွားရေးစာအုပ်တိုက် စာပြင်စာတည်းအနေနှင့် လစာရသည်။ မြန်မာ့ဓနမဂ္ဂဇင်း၏ အညာစာလွှာ ကဏ္ဍနှင့် မန္တလေးမျဉ်းဖြောင့်များ ကဏ္ဍ အတွက် လစဉ်ပုံမှန် စာမူခရသည်။

 

 

ထို၂ရပ်ပေါင်းက (၂၀၀၀ပြည့်နှစ်ကာလ) ၅သောင်းအထက်ရှိမှာပေါ့။ သည့်မတိုင်မီ ၁၉၉၇ဝန်းကျင်က ရတနာပူံသတင်းစာတွင် အပတ်စဉ်ထည့်သွင်းရသော ကြော်ငြာ အချပ်ပိုကို မိတ်ဆွေစာရေးဆရာများနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သဖြင့် တစ်ပတ်လျှင် တစ်သောင်းလောက် ရသည်။ သို့သော် ထိုလုပ်ငန်းကလည်း မကြာလိုက်။ ထို့နောက် ထိုလုပ်ငန်းကို အကြောင်းပြု၍ ပိတောက်မင်းစာအုပ်တိုက် အမည်ဖြင့် ဦးမျိုးခင် ဦးစီးကာ လမ်းညွှန် စာအုပ်လေးတွေ ထုတ်သည်။ ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွေ ထုတ်သည်။ ထိုစာအုပ်များအနက် အချို့စာအုပ်များအတွက် ကြီးကြပ် စီစဉ်ခတွေ ရသည်။ ဒါကလည်း မကြာလိုက်ပေ။ နောက်တော့ ဦးမျိုးခင်က ဒိတ်ကဖေးကို ဖွင့်လှစ်ကာ ထန်းရိပ်ညို အမည်ဖြင့် ပန်းချီပြခန်းဖွင့်လှစ်သည်။

 

 

ထိုအခါ ကျွန်တော်တို့က မနက်လင်းသည်နှင့် ဦးမျိုးခင်၏ အောင်တော်မူခြံက ဒိတ်ကဖေးသို့ ရောက်ကာ ထန်းရိပ်ညို ပန်းချီပြခန်းဘေးက မန်ကျည်းပင်ကြီးတွေအောက် စုဖြစ်ကြသည်။ ထိုစဉ်ကာလ ဆရာနေဝင်းမြင့်ကလည်း ရန်ကုန်က မကြာမကြာရောက်လာကာ လမ်း၈၀ တရုတ်တန်းက သုခတည်းခိုခန်းမှာ တည်းပြီး ထန်းရိပ်ညိုမှာပဲ နေကုန်တော့၏။ အချို့ရက်များဆို မနက်မိုးလင်းထိ လူစုမကွဲခဲ့ကြပေ။ ကိုညိုထွန်းလူ၊ ကိုသိုက်ထွန်းသက်၊ ကိုနေဝင်းမြင့်၊ မန္တလေး သောက်ရေသန့် ကိုမောင်မောင်မြင့်၊ လှဂုဏ်ရည် ကိုကျော်ဝင်း၊ ဒေါက်တာ စောလှခိုင်၊ မဟာနန္ဒာကိုမျိုးဝင်း နှင့် ကျွန်တော် တို့က ပင်တိုင်ဖြစ်၏။ မဝင့်(မြစ်ငယ်) က ပန်းချီပြခန်း တာဝန်ခံအဖြစ် လမ်း၃၀ မှာ အဆောင်နေသည်။ ံ ဆရာကျော်ရင်မြင့်လည်း အားသည့် အချိန်တိုင်း ရောက်လာသည်။ မြန်မာသစ်ဂျာနယ်ထုတ်ဝေသည့် ကိုနေထွတ် (ကိုကျော်မင်းထွန်း)လည်း ရောက်လာသည်။ ပန်းချီ ချိုတူးမောင် လည်း အမြဲ ရှိသည်။ ထိုစဉ်က ဦးမျိုးခင်၊ ကိုမျိုးဝင်းနှင့် ကိုမောင်မောင်မြင့်တို့ကားများဖြင့် အနီးဆုံး အိမ်ရှေ့မင်းထန်းတောမှသည် မေမြို့အလယ် ပုဂံအထိလည်း မပြောမဆို ရောက်သွားတတ်ပါ၏။

 

 

ကျွန်တော့်က ထိုသို့သွားတိုင်း ပါလေရာဖြစ်သည်။ တကယ်တော့ အိမ်မှာက အသက်၉၀အရွယ် မိခင်နှင့် သားအကြီး၁၀တန်ကျောင်းသား၊ သားအငယ် ၈တန်းကျောင်းသား တာဝန်တွေရှိပါ၏ ထိုတာဝန်များအတွက် အမြဲ နောက်ဆံ တင်းရသည်။ ဒါတောင် သားအကြီး ၁၀တန်းကျောင်းသား၏ ပညာရေးကို VEC ပညာ့ရိပ်သာက ဆရာ ဦးသူရအောင်နှင့် ဆရာမ ဒေါ်ဝင်းဝင်းမေတို့က စရိတ်ငြိမ်းကူညီခဲ့သည်။ သားအငယ် ကိုလည်း ၉တန်းရော ၁၀တန်းမှာပါ အဆောင်သို့ ထားစေပြီး VEC ပညာ့ရိပ်သာက ဆရာ ဦးသူရအောင်နှင့် ဆရာမ ဒေါ်ဝင်းဝင်းမေတို့က ကူညီကြပါ၏။ ထို့အတူ ဆရာသိုက်ထွန်းသက်ကလည်း သမီးအပျိုပေါက်လေး ၂ယောက်နှင့် သောကတွေ အပူတွေ ခံစားနေရသည့် ကာလဖြစ်သည်။ ထို နောက်ဆံတင်းမှု ထိုအပူများကို ကျန်သူများက သဘောပေါက်နားလည်စွာ ကူကြ ညီကြသည့် ကာလလည်းဖြစ်သည်။

 

 

ထန်းရိပ်ညို ပန်းချီပြခန်းလာသည့် ဧည့်သည်
———————————————-
ကျွန်တော်က မြန်မာ့ဓနမဂ္ဂဇင်းတွင် အညာစာလွှာကဏ္ဍက သံဝရ ကလောင်ဖြင့် ဟိုတို့ သည်ဆိတ် ရေးနေသောအခါ တာဝန်ရှိသူအချို့က ထန်းရိပ်ညိုရှိ စာရေးဆရာဝိုင်းကို မသိမသာရော သိသိသာသာရော အကဲခတ်သည်။ ထိုစဉ်ကာလ ပန်းချီကားများဖြင့် နံမည်ကြီးနေသည့် ထန်းရိပ်ညို ပန်းချီပြခန်းကိုလည်း တာဝန်ရှိသူလူကြီးများက စိတ်ဝင်စားကြသည်။ တစ်နေ့သား မနက်၁၀နာရီလောက်တွင် ထန်းရိပ်ညို ပြခန်းဘေး မန်ကျည်းပင်ရိပ်တွင် ကျွန်တော်တို့ စကားကောင်းနေစဉ် ထိုစဉ်က မြို့တော်ဝန်ဖြစ်သူ ဗိုလ်မှူးကြီး စိန်ဝင်းအောင်က သူ့ကော်မီတီဝင်များနှင့် ပန်းချီပြခန်းသို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာ၏။ မြို့တော်ဝန်ကြီးက မန္တလေးသား နေရှယ်နယ်ကျောင်းသား ဖြစ်သည့်အပြင် စာပေသမားမို့ ပန်းချီပြခန်းကို လာကြည့်ခြင်း ဖြစ်သည်။

 

 

ကျွန်တော်တို့လည်း မြို့တော်ဝန်ကြီးနှင့် အဖွဲ့ ရောက်လာတော့ မသိလိုက်မသိဖာသာ နေကြသည်။ ပိုင်ရှင် ဦးမျိုးခင်ကတော့ တွေ့ဆုံပြီး ရှင်းပြရတာပေါ့။ မဝင့်(မြစ်ငယ်) ကလည်း ပြခန်းတာဝန်ခံမို့ လိုက်သွားရတာပေါ့။ ထိုစဉ် မြို့တော်ဝန်၏ လမ်းကြောင်းနှင့်ပါလာသော သတင်းထောက်က ကျွန်တော့်ကို လှမ်းပြပြီး အဲ့ဒါ သံဝရလေဟု အသိပေးလိုက်သောအခါ မြို့တော်ဝန်ကြီးက အံ့အားသင့်သွားသည်။ သည်တော့ ကျွန်တော်ကလည်း မနေသာတော့၊ အပြင်မှာ ထိုင်နေရာက သွား၍ နှုတ်ဆက်ရသည်။ ထိုစဉ် မြို့တော်ဝန်ကြီးက “ဟောဒီမှာဗျာ၊ ကျွန်တော်တို့ ဇာတ်လိုက် ဆရာသံဝရ တဲ့။ အသက်အတော်ကြီးလှပြီထင်တာ၊ ငယ်ငယ်လေးရှိသေးတာဗျ” ဟု ပြောရင်း သူ့ကော်မီတီဝင်များနှင့် မိတ်ဆက်ပေးသည်။ ထို့နောက် ကျွန်တော့် လက်ကိုကိုင်ကာ မှတ်မှတ်ရရနှင့် “ခင်ဗျားကို ကျွန်တော် သီးခြားတွေ့ဦးမယ်၊ စကားပြောရအောင်၊ ကျွန်တော် အဆင်ပြေတဲ့နေ့ ဒီကို အကြောင်းကြားမယ်” ဟု မှာ၍ ပြန်သွားသည်။

 

ဒါတွေ ဒါတွေ မေးရင်ဖြင့်
—————————
သည်လိုနှင့် နောက် ပွဲတွေ မြို့တော်ဝန်ကြီးနှင့်တွေ့တိုင်း ကျွန်တော့်ကို မြင်သည်နှင့် ကျွန်တော် တွေ့မယ်နော်ဟု အမြဲပြောသည်။ နောက် တစ်နှစ်လောက်အကြာ မီးရထားက ရွှေဥဒေါင်းစာကြည့်တိုက်ဖွင့်ပွဲကို ၇၈လမ်းပေါ်က မီးရထားပိုင် အဆောက်အဦးတွင် ကျင်းပသောအခါ ကျွန်တော်က ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် လိုက်ရတော့ မြို့တော်ဝန်ကြီးက ဒေါ်ဒေါ့်ကို နှုတ်ဆက်ရင်း ကျွန်တော့်ကို “ခင်ဗျားနဲ့ တွေ့မယ်လို့ စိတ်ကူတိုင်း ကျွန်တော် စဉ်းစားတယ်ဗျ၊ တွေ့တာနဲ့ ခင်ဗျားက ကျွန်တော့်ကို ဈေးချိုတောင်ဘက်က ကွက်လပ်ကြီး ဘာလုပ်မှာလဲလို့ သေချာပေါက်မေးမှာ၊ အဲ့ဒါ ကျွန်တော် မဖြေနိင်ဘူး၊ တစ်ခါ မြို့တော်ဝန်ကြီးခင်ဗျား နိုင်လွန်ကတ္တရာခင်းရင် တစ်ပေပတ်လည် ဘယ်လောက်ကျသလဲ မေးမှာ၊ ဒါလည်း ကျွန်တော် မဖြေနိုင်ဘူးဗျ၊ ဒီတော့ ဘာမှ မဖြေနိုင်မယ့်အတူ မတွေ့တော့ပါဘူးလို့ ဆုံးဖြတ်လိုက်တာ” ဟု ပြောရင်းရယ်သည်။ ဆက်၍ “ဒါပေမယ့် ခင်ဗျားတို့ စာရေးဆရာတွေအတွက် ကျွန်တော် တစ်ခုစီစဉ်မှာပါ” ဟု ပြောခဲ့သည်။

 

 

ထိုစဉ်ကာလ ဈေးချိုတော် မြောက်ဘက် ၆ရုံကိုဖျက်ပြီး ၆ထပ်ရုံသစ် ဆောက်ပြီးပြီ။ ထို့နောက် တောင်ဘက် ၆ရုံကို ဖျက်ပြီး ကွက်လပ်ကြီးအဖြစ်ပဲ ထားသည်။ ထိုကွက်လပ်ကြီးတွင် အခွန်လွတ်ဈေးအဖြစ် ယာယီဆိုင်ခန်းတွေ ဆောက်လိုက်၊ ထို့နောက် စက်ဘီးစတင်း ဆိုင်ကယ်စတင်း ကားစတင်းဖြစ်လိုက်နှင့် မိုးရွာလျှင် ဗွက်တောကြီးအဖြစ် ရှိနေသည်။ အပြင်မှာက ထိုနေရာကို တရုတ်ကုမ္ပဏီ ရောင်းလိုက်သလိုလို၊ ယိုးဒယားကုမ္ပဏီ ရောင်းလိုက်သလိုလို၊ မလေးရှားကုမ္ပဏီ ရောင်းလိုက်သလိုလို နှင့် သတင်းစုံ ကြားနေရသည်။
ကျွန်တော်ကလည်း ထိုအကြောင်းကို အညာစာလွှာမှာ ရေးသည်။ ထို့ပြင် ၁၉၉၀ကာလ ၇၈လမ်းကို ချမ်းမြသာစည် လေယာဉ်ကွင်းမှသည် ၂၆ဘီလမ်း ကျုံးထိပ်ထိ နိုင်လွန်ကတ္တရာလမ်း ခင်းသည်။ ထိုလမ်းက ၆လမပြည့်မီ လှိုင်းတွေ ထကုန်၏။ ထိုအကြောင်းကိုလည်း ကျွန်တော်က ညောင်ဦးလေယာဉ်ကွင်း ပြေးလမ်းတွင် နိုင်လွန်ကတ္တရာခင်းဖူးသူ အင်ဂျင်နီယာတစ်ယောက်ကို မေးပြီး အညာစာလွှာအခန်းက သရော်စာ ရေးဖူးသည်။

 

 

နောက်တော့ မြို့တော်ဝန်ကြီးက သူ့စီမံကိန်းများဖြစ်သော တက်သိမ်းအင်း အနောက်ခြမ်း လူနေတိုက်ခန်း စီမံကိန်း၊ ကျွဲဆည်ကန် ပုဏ္ဏားကုန်း လူနေတိုက်ခန်းစီမံကိန်းနှင့် အခြားစီမံကိန်းများကို မန္တလေးစာရေးဆရာများကို ဖိတ်ကြားကာ စည်ပင်ပိုင် ရေးနိုးဘတ်စ်ကားကြီး ၂စီးဖြင့် သူကိုယ်တိုင် လိုက်ပါကာ လှည့်လည်ပြသ ရှင်းလင်းခဲ့သည်။ ထိုစဉ်က နေရှင်နယ်ကျောင်းတွင် မြို့တော်ဝန်ကြီးနှင့် အတူကျောင်းတက်ဖက် ကိုငြိမ်း(မန္တလေး) ကိုလည်း ရင်းရင်းနှီးနှီးနှင့် သူ့ကားပေါ် အတူ လိုက်ပါစေခဲ့၏။ ဘာပဲပြောပြော ထိုစဉ်ကာလ ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်များမရှိတော့ မဂ္ဂဇင်းများ၏ သတင်းကဏ္ဍများက ပရိသတ်၏ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ အထူးသဖြင့် န.ဝ.တ ခေတ်၊ န.အ.ဖ ခေတ်မို့ တာဝန်ရှိသူ၊ အာဏာရှိသူများက တာဝန်အရရော ဝါသနာအပါ လစဉ်မပြတ် စောင့်ဖတ် မှတ်တမ်းယူကြ၏။

 

 

စာတစ်ပုဒ် ရေးပြီးတိုင်း စိတ်ထင့်ရပုံ
—————————————
ကျွန်တော်ကတော့ ထိုစဉ်က ဒုတိယစောင်ရေ အများဆုံးဖြစ်သည့် မြန်မာ့ဓန မဂ္ဂဇင်းတွင် မန္တလေး အကြောင်း သီးသန့်ရေးတော့ မန္တလေးက ပိုလို့ အာရုံစိုက်ခံရတာပေါ့။ မြို့လယ်ခေါင် ကျောက်သွေးတန်းက ရှေးဟောင်းတိုက်ကြီးမှာ ညလုံးပေါက် နိုက်ကလပ်ပုံစံ ဖွင့်နေသည်ဟု ရေးလို့ ခေါ်တွေ့ ခြိမ်းခြောက်ကာ ၃၅လမ်း တောင်ဘက်ခြမ်း ရေးချင်တာ ရေးပါ၊ သူပိုင်မဟုတ်၊ သူပိုင် မြောက်ခြမ်းမရေးနဲ့ဟု ပြောခံရသည်။ ထို့ပြင် “ပူတယ်လေ့ ပူတယ်” ခေါင်းစဉ်ဖြင့် သစ်ပင်များ ခုတ်ကြလို့ တစ်နှစ်ထက် တစ်နှစ် မန္တလေးမှာပိုပူလာတယ်ဟု ရေးသောအခါ ကိုးခရိုင် စိမ်းလန်းစိုပြေရေးကို တိုက်ခိုက်သည်ဟူ၍ ထိုစဉ်က အပြောများသော တိုင်းမှူးနှင့် ဌာနအကြီးအကဲများ တွေ့ကြသည့် ညကျောင်းတွင် ကျွန်တော့်ကို အရေးယူရန် ၃၅လမ်းမြောက်ခြမ်းတာဝန်ရှိသူအား အမိန့်ပေးခြင်းလည်း ခံရသည်။

 

 

ထိုသို့သော အခြေအနေကြားတွင် တစ်နေ့သား၌ မြို့တော်စည်ပင်နှင့် ဆက်စပ်ပတ်သက်နေသူ တစ်ဦးက ကျွန်တော့် အိမ်အထိ လိုက်လာကာ ကျွန်တော်နှင့် ပတ်သက်သည့် သတင်းထူး တစ်ခုကို ဦးဦးဖျားဖျား လာပြောသောအခါ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ အံ့သြရတော့သည်။

Related posts

VOM News

FREE
VIEW