ဇူလိုင်၊၁၃-၂၀၂၃
MM(VOM)
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်ထဲမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲမှာ ထောင်တွင်းဆူပူမှုဖြစ်အောင် ဦးဆောင်ဝင်ခဲ့တယ်လို့ဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ကို မနေ့ ဇူလိုင် ၁၂ ရက်က ထောင်ဒဏ် ၃ နှစ်စီ ထပ်ချလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီထောင်ဒဏ် ၃ နှစ် ထပ်တိုးအမိန့်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ဟာ ပုသိမ် အကျဉ်းထောင်ထဲမှာ ၂၀၂၃ ဇန်နဝါရီ ၆ ရက်က နိုင်ငံရေးအကျဉ်းသားတွေဆီမှာ လက်ကိုင်ဖုန်းတွေ့ရှိလို့ဆိုပြီး အကျဉ်းသား ၈ ယောက်ကို ထောင်အာဏာပိုင်တွေက အပြင်ခေါ်ထုတ်စစ်ဆေးရာကနေ ဆန္ဒပြထုတ်ဖော်တာတွဖြစ်ပေါ်ခဲ့ပြီး သီးသန့်ထိမ်းသိမ်းခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဖြစ်ပွာခဲ့ပြီး အခု ၇လ နီးပါးအကြာ မနေ့ ဇူလိုင် ၁၂ ရက်က ဆန္ဒပြတဲ့ ဖြစ်စဉ်ပေါ်ပေါက်အောင် စတင်လုပ်ဆောင်ခဲ့သူတွေဆိုကာ နိုင်ငံရေးအကျဉ်းသား ၆၂ ယောက်ကို ထောင်တွင်းတရားရုံးက ပုဒ်မ ၄၂ နဲ့ထောင်ဒဏ် ၃ နှစ်စီ ထပ်တိုးအမိန့်ချလိုက်တာလို့ သိရပါတယ်။
”မနေ့က အမိန့်ထပ်ချလိုက်တာ ၊ သုံးနှစ်ဆီ ၊ အကုန် ၆၂ ယောက်၊ တည်ဆဲ ထောင်စည်ကမ်း ဖောက်ဖျက်လို့ ၊ထောင်ဆူအောင်လုပ်လို့ဆိုပြီး အမိန့်ချလိုက်တာ၊ အခု အမိန့်ချခံရသူတွေက အရင်ကလည်း အမိန့်ချခံထားရသူတွေ။”လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်ဖြစ်ပွားခဲ့တုန်းက နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခ)ရာစု သေဆုံးခဲ့ပြီး အခြားအကျဉ်းသား အယောက် ၇၀ နီးပါး လည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေက သစ်သားချောင်းတွေ ၊ အသုံးအဆောင်ပစ္စည်းတွေ ရိုက်နှက် ပစ်ပေါက်လို့ ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံတင်ကုသခဲ့ရတယ်လို့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၆၂ ယောက်ဟာ နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပေါ် ခဲ့ပြီး နောက် ဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ပုသိမ် #နိုင်ကျဉ်း #ထပ်တိုးအမိန့်ချခံရ