ကြာအင်းဆိပ်ကြီးရှိ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းတို့ ဗုံးကြဲခံရပြီး ရဲ ၁ ဦး သေဆုံး

ဇူလိုင် ၁၇ – ၂၀၂၃
SN (VOM)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းတို့အပေါ်ကို မနေ့ ဇူလိုင် ၁၆ ရက် ညပိုင်းက Drop Bombတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ရဲ (၁) ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရဲစခန်းပေါ် ကို ဗုံးကျလို့ ရဲတစ်ယောက် သေသွားတယ်။ ထွေ/အုပ်ရုံးပေါ်ကိုလည်း ကျတယ်။ ရဲစခန်းနဲ့ ထွေ/အုပ်ရုံး မျက်နှာကျက်တွေ စားပွဲခုံတွေ၊ ထိုင်ခုံတွေနဲ့ စာရွက်စာတမ်းတွေအကုန် ထိခိုက် ပျက်စီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒရုန်းတွေနဲ့ ဗုံးကြဲခံရမှုကြောင့် ရဲစခန်းရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို ထွေ/အုပ်ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့်လည်း စားဖိုဆောင်နဲ့ မြေစာရင်းရုံးတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့၊မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး တို့အပြင် ခုတ်ခွါးရှေ့တန်းစစ်စခန်းနှင့် စစ်ကူလာတဲ့ စစ်ကြောင်းတို့ကို KNLA၊ SOF၊ Cloud Wings၊ Federal Wings တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Cloud Wingsအမည်ရှိ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ကရင်နဲ့ မွန်နယ်စပ်ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က ခလယ် – တံခွန်တိုင်ကျေးရွာအုပ်စုထဲမှာလည်း ဇူလိုင် ၁၄ ရက်နေ့ကတည်းကစလို့ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပြီး ဒီတိုက်ပွဲအတွင်း အရပ်သား ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ ဟောင်သရောခန်းမနဲ့ ကျေးလက်ကျန်းမာရေးဌာနရုံးတွေပေါ်ကို Drop Bomb နဲ့ (၂) ကြိမ်တိုင် တိုက်ခိုက်ခံရတာကြောင့် ခန်းမနဲ့ ကျေးလက်ဌာန အဆောက်အဦးတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ဇွန် ၂ ရက်ကလည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေရပ်ကွက်တစ်ခုပေါ်ကို Drop Bomb တွေ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် သံဃာ (၁) ပါးနဲ့ ပြည်သူ (၃) ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ကြာအင်းဆိပ်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW