ရွှေကြက်ကျဘုရားပွဲတော်မှာ ငှက်လှေမရှိလို့ လှေဦးတိုက်ပွဲ မကျင်းပဖြစ်

မန္တလေး၊ အောက်တိုဘာ – ၄ – ၂၀၂၃
SA(VOM)
မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေး ရွာအုပ်စု အတွင်းက နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ သမိုင်းဝင်ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားပွဲတော်ကို ဒီနှစ်မှာတော့ ငှက်လှေတွေမရှိသလောက်နည်းတဲ့အတွက် လှေဦးတိုက်ပွဲတော်ကို ထည့်သွင်းမကျင်းပဖြစ်ဘူးလို့ သိရပါတယ်။
“အားကစားပြိုင်ပွဲဖြစ်တဲ့အတွက် လုံခြုံရေးအတွက်လည်း တာဝန်ယူဖို့မလွယ်ဘူးလေ ဟိုတုန်းက ငှက်လှေတွေနဲ့ကျင်းပကြတာဖြစ်တဲ့အတွက် အခုကျနော်တို့ရွာထဲမှာလည်း ငှက်လှေတွေလည်း တစ်စီးမှ မရှိတော့ဘူးလေ ဟိုတုန်းကတော့ သစ်တွေရှိတော့ သစ်ခေါက်ခွာဖို့အတွက် ငှက်လှေတွေရှိပေမယ့် တံတားကလည်း ကျေးရွာထိပ်မှာဆိုတော့ ငှက်လှေအသုံးပြုမှုက မရှိသလောက်ရှားသွားပြီ ပြိုင်ပွဲထည့်မယ်ဆိုရင်လည်း ငှက်လှေတွေကို တောင်သမန်အင်းကနေ ငှားရမှာ ပြီးတော့ ငှားရမ်းခရယ် သယ်ယူစားရိတ်ရယ်ဆိုတော့ မလွယ်ကူဘူး” လို့ ဂေါပကအဖွဲ့ဝင် အတွင်းရေးမှူး ဦးမြသွင်ကပြောပါတယ်။
ဧရာဝတီမြစ်အတွင်းမှာ သွားလာနေကြတဲ့ အများပြည်သူနဲ့ ရေယာဥ်တွေကို အန္တရာယ်ကင်းဖို့ ရည်ရွယ်ပြီးပြုလုပ်တဲ့ ရေစာ – ဝဲစာကျွေးပွဲကိုတော့ တော်သလင်းလပြည့်ကျော် ၈ ရက်နေ့ မနက်ပိုင်းမှာ အကျဥ်းချုံးပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်
“ပွဲတော်တွေကတော့ ရှေ့နှစ်ခါလောက်ဆိုရင် ဖြစ်ဖို့များပါတယ်။ လောလောဆယ်မှာ ရွှေကြက်ကျဘုရားမှာရှိတဲ့ မုဒ်ဦးသုံးခုကို အကြီးစားပြုပြင်နေရတာပေါ့လေ နောက် ပြီး ဆုတောင်းပြည့် ရွှေကြက်ယက်စေတီတော်ကြီးကို ရွှေစစ် ရွှေသင်္ကန်းကပ်ဖို့ ဆောင်ရွက်နေတာကြောင့် ဂေါပက ဘဏ္ဍာငွေကြေးနဲ့ တိုင်းထွာပြီးတော့ လုပ်နေရတာကြောင့် ပျော်ပွဲရွှင်ပွဲအတွက်ကို ဦးစားမပေးနိုင်သေးဘူးဖြစ်နေတယ်လေ” လို့ ဂေါပကအတွင်းရေးမှူး ဦးမြသွင်က ပြောပါတယ်။
နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇၊ ၈ ရက်နေ့ တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပတဲ့ ရွှေကြက်ကျဘုရား ပွဲတော်မှာ အားကစားပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ကိုဗစ်ကာလ ကတည်းက ထည့်သွင်းကျင်းပခြင်းမရှိတော့ပဲ အကျဥ်းချုံးပြီး ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
Photo crd: Ko Pyae Phyo Aung

Related posts

Leave a Comment

VOM News

FREE
VIEW